Adult ADHD
23-Jul-2018လူကြီးတွေမှာဖြစ်တဲ့ အာရုံမစိုက်နိုင်တဲ့ရောဂါ
(Adult Attention-Deficit Hyperactivity Disorder) ဟာ ကလေးတွေမှာဖြစ်တဲ့ ADHD ရောဂါလက္ခဏာတွေနဲ့တော်တော်တူပါတယ်။ အဓိကလက္ခဏာတွေမှာ
(၁) အာရုံစူးစိုက်နိုင်မှုမရှိခြင်း(Inattention)
(၂) ဂနာမငြိမ်ဘဲအမြဲတမ်းလှုပ်ရွနေခြင်း(Hyperactivity)
(၃) လျှပ်တပျက်စိတ်ကူးပေါ်ရာမစဉ်းစား၊ အန္တရာယ်ကိုမမှုပဲ
လုပ်ကိုင်တတ်ခြင်း (Impulsivity)တို့ပါဝင်ပါတယ်။
ကလေးတွေမှာ ဒီရောဂါကို ရောဂါအနေနဲ့သတိပြုရှာဖွေ၊ လက်ခံကုသနှုန်းမြင့်မားပေမယ့် လူကြီးတွေမှာတော့ ဒီလိုမဖြစ်သေးပါဘူး။
ဒီရောဂါရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေလျော့ပါးလာတယ် ဆိုသော်ငြား၊
သူတို့အားလုံးလူငယ်လူလတ်ပိုင်းရောက်တာနဲ့ ဒီရောဂါလုံး၀ အရှင်းပျောက်သွားတယ် ဆိုတဲ့
သာဓကမရှိပါဘူး။ ဆိုလိုတာက ရောဂါလက္ခဏာတချို့ ကျန်နေနိုင်ပြီး လူနာရဲ့နေ့စဉ်လူမှုဘဝ၊ အလုပ်အကိုင်စတာတွေမှာ
အနှောက်အယှက်ပေး၊ ထိခိုက်စေနိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ထုတ်ဝေခဲ့တဲ့ပေါင်းချုပ်သုတေသန(Meta-analysis)စာတမ်းတစ်စောင်အရ
ADHD ရောဂါရှင် ကလေးတွေကို အသက် (၂၅)နှစ်မှာ ပြန်စစ်ဆေးကြည့်တဲ့အခါ ၁၅% ခန့်ဟာရောဂါလက္ခဏာအားလုံးရှိနေသေးပြီး ၆၅% ကတော့ ရောဂါလက္ခဏာတချို့
ရှိနေပါသေးသတဲ့။
ADHDရောဂါရှင်လူကြီးတွေမှာဂနာမငြိမ်ဘဲအမြဲတမ်းလှုပ်ရွနေခြင်း(Hyperactivity)ဟာ ကလေးဘဝက ခန္ဓာကိုယ်လှုပ်ရွနေတာမျိုးထက် မိမိဖာသာခံစားရတဲ့
စိတ်ထဲကဂနာမငြိမ်တာမျိုး၊ စိတ်ကိုလျှော့ဖို့ရာခက်ခဲတာမျိုး ငြိမ်ငြိမ်လေးနေရရင် စိတ်ညစ်လာတာမျိုးဖြစ်ပါသတဲ့။ အာရုံစူးစိုက်နိုင်မှုမရှိခြင်း
(Inattention) ဆိုရင်လည်းအသေးစိတ်လေးတွေကို အာရုံစိုက်မရတာမျိုး၊ စာတစ်ကြောင်းတစ်ပုဒ်ကိုအခါခါပြန်ဖတ်နေရတာမျိုး၊ လုပ်စရာကိစ ္စဆုံစရာချိန်းဆိုချက်တွေကို မေ့တတ်တာမျိုး၊
ပစ္စည်းတွေခဏခဏပျောက်၊ စကားပြောလက်စ အစပျောက်သွားတတ်တာမျိုးတို့ ဖြစ်တတ်ပါတယ်။အတွေးတွေကလည်းဟိုရောက်ဒီရောက်အမြဲပဲယောက်ယက်ခတ်လို့။ ဘာကိစ္စပဲဖြစ်ဖြစ်ပြီးအောင်မလုပ်နိုင်၊ပြဿသနာဆိုလည်းမဖြေရှင်းနိုင်၊ အချိန်နဲ့လည်းမပြီးဆိုတော့
အလုပ်မှာ ဘယ်အဆင်ပြေပါ့မလဲ။ စိတ်ကလည်းကျသွားလိုက်၊ တက်ကြွနိုးကြားလိုက်နဲတစ်ခါတလေဆို ဒေါသပေါက်ကွဲတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။
ဒီလိုဖြစ်တော့လူတွေ(မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ချစ်သူ)နဲ့
ဆက်ဆံရေးပါ ထိခိုက်လာတာပေါ။ လျှပ်တစ်ပြက်စိတ်ကူးပေါ်ရာမစဉ်းစား၊ အန္တရာယ်ကိုမမှုပဲလုပ်ကိုင်တတ်တဲ့(Impulsivity) အကျင့်ကြောင့် လူအများနဲ့တွဲပြီးလုပ်ရတဲ့အလုပ်တွေမှာ ပြသနာပေါ်နိုင်ပါတယ်။ ကျားမဆက်ဆံရေး
Relationshipကိုလည်းမစဉ်းမစားဘဲ စိတ်ထဲပေါ်ရာခုတွေ့၊ ခုတွဲ၊ ခုပြတ်လုပ်တတ်ပါတယ်။
ဘယ်အရာကိုမှအလေးအနက်မစဉ်းစားပဲ ပေါ့ပေါ့ဆဆ ကမျောသောပါး ဆုံးဖြတ်ချက်မျိုး
ချတတ်ပါတယ်။ ရောဂါရှင်တွေမှာတော့ဒီလက္ခဏာတွေဟာ နေ့စဉ်တွေ့ကြုံနေရတာဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်းစိတ်ညစ်ရ၊ သူတို့ ပတ်ဝန်းကျင်ကလူတွေလည်း
စိတ်ညစ်ရနဲ့ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်တွေကိုပါ ထိခိုက်လောက်တဲ့အထိ ဖြစ်တာပါ။
အတိုင်းအတာအားဖြင့် အများကြီးပိုဆိုးတာပေါ့။
Adult ADHDဟာမသိလို့ မကုမိတာများပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာပြင်ပလူနာဌာနမှာလာပြတုံး ပေါ်ချင်မှလည်းပေါ်ပါမယ်။ ဆရာဝန်က
ဒီရောဂါနဲ့ ထိတွေ့မှု နည်းရင်လည်း သံသယထားမှု (high index of suspicion)မရှိတော့ လွတ်သွားတတ်ပါတယ်။
ရောဂါရဲ့သဘောကိုက လက္ခဏာတွေဟာ ကလေးအသက် (၇)နှစ်မတိုင်မီကတည်းက ပေါ်တာမို့ ငယ်ငယ်ကတည်းက
တစ်သက်လုံးဒီလိုပဲဆိုပြီး သူ့သဘာဝပဲလေလို့ သတ်မှတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
အဲဒီလိုမသိလိုက်၊ မကုမိလိုက်တဲ့အခါ (သို့မဟုတ် )တခြားရောဂါ (ဥပမာစိတ်ကြွစိတ်ကျရောဂါ၊
စိတ်ပူပန် ဂနာမငြိမ်တဲ့ ရောဂါ၊ လူရည်လူသွေးမူကွဲပုံမမှန်တဲ့ ရောဂါစသည်) အဖြစ် ကုမိတဲ့အခါ လူနာမှာပျောက်ကင်းသက်သာခြင်းမရှိတဲ့အပြင် ပိုလို့တောင်စိတ်ပင်ပန်းရပါသေးတယ်။ဆေးကုပေမယ့် မပျောက်ဘူးဆိုပြီး စိတ်ပိုညစ်တာပေါ့။ အဲဒီလိုနဲ့ပဲတချို့သောရောဂါသည်တွေဟာ အရက်၊ မူးယစ်ဆေး စသည်တို့ကို သုံးစွဲလာတယ်။ဆေးမှန်မှန်ကန်ကန်နဲ့မကုရတော့ သူတို့ရဲ့အပြုအမူတွေကလည်း
ပိုဆိုးလာပြီးလူမှုအသိုင်းအဝိုင်းနဲ့ပဋိပက္ခတွေ ပိုဖြစ်လာတတ်ကြပါတယ်။
လောလောလတ်လတ် ထွက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆယ်နိုင်ငံ
ပါဝင်ခဲ့တဲ့ သုတေသနတွေ့ရှိချက်အရ သုတေသန ပြုခဲ့တဲ့ လူဦးရေပေါင်းရဲ့ ၃.၅% ဟာ Adult
ADHD ရောဂါလက္ခဏာတွေ ရှိတယ်လို့ တွေ့ရပါတယ်။ သူတို့တွေဟာရောဂါမရှိသူတွေနဲ့စာရင် တစ်နှစ်ပျမ်းမျှခြင်းအလုပ်မှ ပျက်ကွက်ရက်
(၂၂)ရက် ပိုတယ်လို့လည်းတွေ့ရပါသတဲ့။ ကုန်ထုတ်စွမ်းအား လျော့ကျစေတဲ့ အဓိက အကြောင်းတစ်ရပ်အဖြစ်
အလုပ်ရှင်တွေ၊ အစိုးရတွေ သတိထားသင့်ကြောင်း၊ ဒီရောဂါကို ရှာဖွေဖော်ထုတ် ဆေးကုသသင့်ကြောင်း
သုတေသနစာတမ်းရှင်များကတိုက်တွန်းထားပါတယ်။ ဆေးပညာပိုင်းအရ ပြောရရင်တော့ ခုနောက်ပိုင်း
အထွေထွေ စိတ်ရောဂါကု ဆရာဝန်များ (General Adult Psychiatrists)ကို AdultADHDအကြောင်းပိုသတိပေး ဆွေးနွေးလာကြပါတယ်။ ငယ်ငယ်တုံးက ကလေးစိတ်ရောဂါကုဆရာဝန်တွေရဲ့ ကြီးကြပ်မှုနဲ့ လှုံ့ဆော်ဆေး(stimulants)တွေသောက်ခဲ့ရတဲ့
ကလေးတွေ လူငယ်လူလတ်ပိုင်းရောက်လာတဲ့အခါ ဆေးကသောက်ရဖို့ အလားအလာများပါတယ်။အဲသလိုငယ်ငယ်က ရောဂါရှာမရခဲ့တဲ့ရောဂါရှင်တွေဟာ အသက်ကြီးမှ အထက်ပါရောဂါလက္ခဏာတွေနဲ့
စိတ်ရောဂါအထူးကုတွေဆီ ပထမဆုံးအကြိမ် ရောက်လာတတ်ပါတယ်။
ဒီအချိန်မှရောဂါရှာတွေ့(diagnosisရ)သွားရင် ဆေးကုနိုင်ပြီပေါ့။ ဆေးတွေက
ဦးနှောက်ထဲကမညီမျှတဲ့ ဓာတုပစ္စည်းတွေကို ညှိနှိုင်းပေးပါတယ်။ စွဲတတ်တဲ့သဘာဝရှိလို့
ဆရာဝန်နဲ့သေသေချာချာ တိုင်ပင်ပြီးမှ စီစဉ်တာကောင်းပါတယ်။ ဆေးအပြင်
brief structured psychotherapy (ဥပမာ- CognitiveBehaviourTherapy)ဟာလည်း ထိရောက်တယ်လို့
တချို့သုတေသနပြုချက်တွေကဆိုပါတယ်။ အပြုအမူပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ
ပြောင်းလဲသင့်တာတွေကို အမူအကျင့်နဲ့ဆိုင်တဲ့ စမ်းသပ်ချက်တွေလုပ်ခိုင်းပြီးကုသတာပါ။ နောက်ထပ်လေ့လာမှု၊
သုတေသနတွေလုပ်ဖို့တော့တော်တော်လိုအပ်ပါသေးတယ်။
Ref:
Nu Thwe
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။