ဖောလစ်အက်ဆစ်ချို့တဲ့ရသည့် အကြောင်းရင်းများ
25-Feb-2017
အာဟာရဓာတ်ကြွယ်ဝသည့် အစာများကို လုံလောက်မျှတစွာ မစားသုံးခြင်းသည်ဖောလစ်အက်ဆစ်ချို့တဲ့ခြင်း၏ အဓိကအကြောင်းရင်းပင် ဖြစ်ပါသည်။ အကယ်စင်စစ် သာမန်လူတစ်ယောက်သည် လတ်ဆတ်သော သစ်သီးတစ်လုံး (သို့) သစ်သီးဖျော်ရည် တစ်ခွက် နေ့စဉ်သောက်သုံးလျှင်ပင် ဖောလစ်အက်ဆစ် အလုံအလောက်ရရှိနိုင်ပါသည်။ သို့သော် -
- အစားအစာများထဲရှိ ဖောလစ်အက်ဆစ်သည် ပျက်စီးလွယ်ခြင်း၊
- အူတွင်ဖြစ်သည့် ရောဂါများကြောင့် ဖောလစ်အက်ဆစ် စုပ်ယူသည့်လုပ်ငန်းကို ထိခိုက်ခြင်း၊
- ခန္ဓာကိုယ်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးနေသည့် ကလေးသူငယ်ဘဝနှင့် ကိုယ်ဝန်ဆောင်စဉ်အချိန်များတွင် ဖောလစ်အက်ဆစ် လိုအပ်ချက်သည် သိသိသာသာမြင့်မားလာခြင်း၊
- ကိုယ်ဝန်ဆောင်နေစဉ် အီစထရိုဂျင် (oestrogen) စသည့်ဟော်မုန်းများ၏ ပမာဏ အပြောင်းအလဲများကြောင့် ဖောလစ်အက်ဆစ်ကို ခန္ဓာကိုယ်က ထိရောက်စွာ အသုံး မချနိုင်ခြင်းတို့သည် ဖောလစ်အက်ဆစ်ချို့တဲ့ရခြင်း အကြောင်းရင်းများ ဖြစ်ကြပါသည်။
နာတာရှည်အတက်ရောဂါ (Epilepsy) ကုသရာတွင် အသုံးပြုသောဆေးဝါးများ (ဥပမာDiphenylhydantoin)၊ ငှက်ဖျားရောဂါဆေး (ဥပမာ-Pyrimethamine)၊ ကင်ဆာရောဂါ ကုသရာတွင် သုံးပြုသောဆေး (ဥပမာ - Methotrexate) တို့ကို မှီဝဲစားသုံးနေရသူများ တွင် အသုံးပြုသောဆေးတို့သည် ဖောလစ်အက်ဆစ်ကို ခန္ဓာကိုယ်အတွင်း၌ ထိရောက်စွာ အသုံးမပြုနိုင်အောင် ဟန့်တားခြင်းသည်လည်း ဖောလစ်အက်ဆစ်ချို့တဲ့ ရခြင်း၏ အကြောင်းတစ်ရပ်ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)
ဗီတာမင်အမေးအဖြေများစာအုပ်မှ ကောက်နှုတ်ထားပါသည်။