Obsessive Compulsive Disorder(အစိုးရိမ်လွန်၍ မကောင်းမြင်တတ်သောရောဂါ)
11-Aug-2018OCD (Obsessive Compulsive Disorder) ဟာ anxiety
spectrum disorders ထဲမှာပါဝင်ပါတယ်။ ဒီရောဂါရှိသူမျိုးဟာ နဂိုကတည်းက စိတ်ပူတတ်၊ ပြာတတ်၊
ဂနာမငြိမ် ဖြစ်တတ်၊ အသေးစိတ်တွေကို (တရားလွန်) ဂရုစိုက်တတ်တဲ့ ပင်ကိုယ်သဘာ၀ ရှိတတ်ကြပါတယ်။
ဒါပေမယ့် ဒီလိုလူမျိုးတိုင်းလည်း OCD လို့ရောဂါအမည်တပ်ကုသဖို့
လိုအပ်တဲ့အဆင့်ကို ရောက်ချင်မှရောက်ပါတယ်။ တချို့က ဘဝမှာ တခြားအကြောင်းတစ်ခုခုကြောင့်
စိတ်ပင်ပန်း သောက (stress) များတုံး ဒီဗီဇလေးတွေ ထကြွလာတာဖြစ်ချင်ဖြစ်မယ်။ ဒါဆို ဆရာဝန်ဆီ
ရောက်စရာ မလိုပဲ ခဏနဲ့ ပျောက်သွားတာပေါ့။ စိတ်ဆရာဝန်နဲ့ ပြဖို့ လိုမလိုဆိုတာက ဒီလက္ခဏာတွေဟာ
ဒီလူရဲ့ နေ့စဉ် လူမှုဘဝ၊ လုပ်ငန်းခွင်တွေမှာ အနှောက်အယှက် ပေးနေပြီလား ဆိုတဲ့အချက်ပေါ်
မူတည်ပါတယ်။
များသောအားဖြင့်တော့ ဘဝမှာ ဆုံးရှုံးမှု loss တစ်ခုခု ကြုံအပြီး
ရောဂါရယ်လို့ သတ်မှတ်ရလောက်တဲ့ အဆင့်ကို ရုတ်တရက် ရောက်လာတတ်ကြပါတယ်။ တခြားရောဂါ စိတ်ရောဂါတွေနဲ့လည်း
တွဲနေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျရောဂါနဲ့ ၄၀-၇၀% ထိ ဆက်စပ်မှု ရှိပါတယ်။ တခြား
အကြောက်လွန်ရောဂါ (phobias) များ၊ လူစုလူဝေးကို ကြောက်တဲ့ရောဂါ (social phobia)၊ အကြောင်းမဲ့
anxiety attaks တွေ ရတတ်တဲ့ ရောဂါ (panic disorder) တို့နဲ့လည်း တွဲနေတတ်ပါတယ်။ ရောဂါအုပ်စု
တူတာကိုး။
OCD ရဲ့ ရောဂါ လက္ခဏာတွေက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက
ခေါင်းထဲမှာ အပြန်ပြန် အလှန်လှန် ပေါ်လာနေတဲ့ စိတ်အနှောက်အယှက် ဖြစ်စရာ အတွေး
(obsessive thoughts) တွေဖြစ်ပါတယ်။ ရန်ကုန်မှာတုံးက အသိတစ်ယောက်ပြောပြတာလေး ဥပမာပေးချင်ပါတယ်။ သီလရှင်တွေ မြင်ရင်မနေနိုင်မထိုင်နိုင် ဖြစ်ပြီး
သူတို့ခေါင်းကို သွားပုတ်ချင်တဲ့အတွေးပါ။ ဒါဟာ ကြားရသူအဖို့ ရယ်စရာပေမယ့် ခံစားရသူအဖို့
အင်မတန်စိတ်ဒုက္ခများစေပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတော့ ငရဲကြီးမယ် ဘာညာတွေပါ တွေးပြီးအတော်
စိတ်မချမ်းမသာဖြစ်ရတာပေါ့။ ဒီမှာလည်း တခါက ခရစ်ယာန် တရားဟောဆရာတစ်ယောက် ကလေးငယ်လေး
(babies) တွေကို အိမ်သာထဲ ရေဆွဲချ (flush) လုပ်ပစ်ချင်တဲ့ အတွေးတွေနဲ့ စိတ်ဒုက္ခရောက်ပြီး
အရေးပေါ်ဌာန ရောက်လာတာ သွားကြည့်ရဖူးပါတယ်။ သူ့ရဲ့ နူးညံ့တဲ့ ပင်ကိုယ်စိတ်နဲ့ ဖီလာဆန့်ကျင်နေတဲ့
အတွေးမို့ ဘယ်လောက်စိတ်မချမ်းသာလိုက်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။
Obsessive thoughts တွေဟာ ဝေဒနာရှင်အတွက် အင်မတန် ခံစားရခက်တဲ့
အတွေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အတွေးဟာ ပုံမှန်မဟုတ်တာလည်း သိတယ်။ အတွေးကို မပေါ်အောင်တားလို့ကလည်းမရဘူး။
ခေါင်းထဲမှာ သူ့အလိုလို ထပ်ခါတလဲလဲ ပေါ်လာတာမျိုးပါ။ အတွေးကို အကောင်အထည် ဖော်ဖို့မဖြစ်နိုင်၊
မဖြစ်သင့်တာကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အတွေးက သိပ်ပြင်းထန်အားကောင်းလွန်းတော့
အဲဒီအတိုင်းများ လုပ်လိုက်မိရင်ဖြင့် ဆိုပြီး စိတ်ပူပင်၊ ကနာမငြိမ် ဖြစ်ပြန်ပါလေရော။ တော်တော် သနားစရာကောင်းပါတယ်။
ရောဂါလက္ခဏာ နောက်တစ်ပိုင်းကတော့ ထပ်ပြန်တလဲလဲ လုပ်တတ်တဲ့
အမူအကျင့်များ compulsive acts (rituals) ပါပဲ။ ဒါတွေက တစ်ခါနှစ်ခါမကတတ်ပါဘူး။ သူတို့
စိတ်ပူရာ အဓိက theme of fear ပေါ်မူတည်ပြီး ဆိုင်ရာဆိုင်ရာ rituals တွေ အများကြီး ရှိတတ်ပါတယ်။
Fear of contamination ကတော့အတွေ့အများဆုံးဖြစ်ပါတယ်။ ဥပမာ- ရောဂါပိုးတွေ ကူးမှာစိုးလို့ လက်ကို
ခဏခဏနဲ့ အကြာကြီး ဆေးတာမျိုးပေါ့။ ဟိုဟာလေး ထိလိုက်တာနဲ့ လက်ဆေး၊ ဒါလေး ကိုင်မိတာနဲ့
လက်ဆေး။ တစ်ခါဆေးရင်လည်း ဆပ်ပြာနဲ့ ပွတ်နေတာ မပြီးနိုင်တော့ဘူး။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်။
ဘာကိုမှ ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်တော့ပဲ လက်ဆေးခြင်းကသာ နေ့စဉ်ဘဝကို ကြီးစိုးလာပါတယ်။
တစ်နေ့ကို အခါပေါင်း ဆယ်နဲ့ရာနဲ့ချီလို့ မလိုအပ်ပဲ ဆေးနေလေတော့ လက်တွေလည်း ဆပ်ပြာစားတဲ့
ဒဏ်နဲ့ ပေါက်ပြဲနီရဲလို့။ ဒီလိုလူမျိုးဟာ ရောဂါပိုးတွေ ကူးမှာစိုးလို့ ရှိသမျှ အသုံးအဆောင်တွေကိုပါ
အဖန်ဖန် စစ်ဆေးလဲလှယ်နေရတာနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေရော။
Fear of safety ရှိသူမျိုးကျတော့ သော့ခလောက်တွေ၊ သော့တွေကို
အထပ်ထပ် စစ်ဆေးတတ်ပါတယ်။ ညမအိပ်ခင်လည်း မီးဖို၊ မီးခလုတ်၊ ရေပိုက်ခေါင်း၊ ပြတင်းပေါက်
တံခါး စတာတွေကို အခါပေါင်း မြောက်မြားစွာ မစစ်ဆေးရမချင်း အိပ်ရာ မဝင်နိုင်ပါဘူး။ ကားရပ်ပြီးရင်လည်း
ကားဘရိတ်ကို အခါပေါင်း မြောက်မြားစွာ ပြန်စစ်ဆေးတတ်ပါတယ်။ ဒီလိုဆိုမှတော့ အပြင်တစ်ခါ
ထွက်ဖို့အရေး နာရီနဲ့ ချီပြီး ကြာအောင် ပြင်ဆင်ရပြီပေါ့။ အလုပ်ကို မနက် ကိုးနာရီ ရောက်ဖို့အရေး
မနက်လေးနာရီကတည်းက ထပြီး ပြင်ဆင်နေရတဲ့ သူမျိုး ဆိုပါတော့။
တချို့ကျတော့လည်း အစီအစဉ်ကျမှု၊ ဘက်ညီမှု (symmetry) နဲ့
ပတ်သက်တဲ့ အလေ့တွေ လုပ်တတ်ပါတယ်။ သာမန် တစ်ကြိမ် နှစ်ကြိမ်ကို မဆိုလိုပါဘူး။ အခေါက်ခေါက်
အခါခါ အချိန်ကုန်ခံ၊ တခြားကိစ္စတွေ နောက်ကျခံ လုပ်တာမျိုးကို ဆိုလိုပါတယ်။ တန်းပေါ်က
လက်သုတ်ပုဝါလေးကို ဘက်ညီအောင်၊ စားပွဲပေါ်က ပစ္စည်းတွေကို အစီအရီ ဖြစ်အောင် အကြိမ်ကြိမ်အဖန်ဖန်
ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာအောင် ခေါက်နေတာ၊ နေရာ ပြန်ချနေတာမျိုးပေါ့။ ဒီ rituals တွေဟာ အဓိပ္ပါယ် မရှိမှန်း သိပေမယ့် နည်းနည်း
လျှော့ကြည့်လိုက်တာနဲ့ အရမ်း ဂနာမငြိမ် ဖြစ်စေတော့ ရပ်လို့လည်း မရဘူး။ ဒီလိုနဲ့ပဲ ကြာလေပိုဆိုးလာလေပါပဲ။
ဒီလို ရောဂါရှိသူတွေအတွက် အဓိက ပြဿနာက အလဟဿ အချိန်ကုန်ခြင်းပါပဲ။
အနားမှာ နေတဲ့ အိမ်ထောင်ဖက် မိဘဆွေမျိုးတွေခမျာလည်း ပထမတော့ ဝေဒနာရှင်ကို စိတ်သက်သာအောင်
သူ စိတ်ပူတဲ့ ကိစ္စတွေကို လိုက်ကူလုပ်ပေး၊ အားပေးနဲ့ နောက်တော့ သူတို့ ဘာလုပ်ပေးပေး
ထူးမလာပဲ သူတို့ပါ အချိန်ကုန်မှန်း သိလာတော့ မချင့်မရဲတွေဖြစ်လာတတ်ပါတယ်။
OCD ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ရောဂါဖြစ်ပွါးပုံ အတိအကျကို
(တခြားရောဂါ အတော်များများမှာလိုပဲ) ဆေးသိပ္ပံပညာနဲ့ နားမလည်သေးပါဘူး။ ယူဆချက်တွေတော့
ရှိတာပေါ့။ အရေးကြီးတာက ဒါကို ဘယ်လို ကုမလဲ။ ကုသချက်က ဘယ်လောက်အောင်မြင်လဲဆိုတာပါ။
အဓိကကုထုံး နှစ်ခုရှိပါတယ်။ ဆေးနဲ့ ကုတာရယ်၊ အမူအကျင့်ပိုင်းဆိုင်ရာ
ကုထုံး (Behavioural Therapy- BT) ရယ်ဖြစ်ပါတယ်။ ဆေးက စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး
(anti-depressant) ပါပဲ။ တွဲဖက်ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျရောဂါကိုပါ ကုပြီးသား ဖြစ်တာပေါ့။
ကြာရှည်တော့ စွဲသောက်ရပါတယ်။ နုစဉ်မှာ BT-therapist
ကောင်းကောင်းနဲ့ သေသေချာချာ ကုလိုက်ရင် ရလဒ် ကောင်းပါတယ်။
BT မှာ response prevention (လုပ်နေကျတွေ rituals တွေမလုပ်ရပဲထိန်းရတာပါ) မို့ ဝေဒနာရှင်အတွက်
အတော့်ကို စိတ်မသက်မသာ ကနာမငြိမ်ဖြစ်စေပါတယ်။ရေရှည်ကောင်းဖို့ ရေတိုပင်ပန်းရတာ လို့ပြောပြီး အားပေးရတာပေါ့။
ဒါတောင် အများစုက မခံနိုင်လို့ ဆက်မကုကြဘူး။ ဒီကုထုံးက ဝေဒနာရှင်ရဲ့ စိတ်ပြတ်သား ပြင်းထန်မှု
(determination) ပေါ်အများကြီး မူတည်ပါတယ်။ တချို့ကတော့ မဖြစ်မနေ ကုရတော့မယ် ဆိုမှ
(ဥပမာ- မကုရင် မိန်းမက အိမ်ကဆင်းသွားတော့မယ်ဆိုမှ) ကုကြတယ်။ ပစ်ထားတာကြာလေ ကုရခက်လေပါပဲ။
ယူကေလူဦးရေရဲ့ ဝ.၅-၂% မှာ ဒီရောဂါတွေ့ရတတ်ပါတယ်။ကျားမ ဖြစ်နှုန်းတူပါတယ်။ ပျမ်းမျှအားဖြင့် အသက်နှစ်ဆယ်
၇၀% ဟာ အသက် ၂၅နှစ် မတိုင်မီ၊ ၁၅% ကတော့ ၃၅ နှစ်မတိုင်မီမှာ ရောဂါလက္ခဏာ
စပြတတ်ပါတယ်။
ဒီရောဂါဟာ နှစ်ရှည် နာတာရှည်ရောဂါ ဖြစ်ပါတယ်။ လေးပုံတစ်ပုံလောက်မှာ
သိသိသာသာ သက်သာတတ်ပြီး၊ တဝက်လောက်က အတော်အသင့် သက်သာတတ်ပါတယ်။ ကျန်လေးပုံတစ်ပုံကတော့
ပိုပိုဆိုးလာတတ်ပါတယ်။ လုံး၀ အရှင်းပျောက်သွားတာ ရှားပါတယ်။ ရောဂါရှိသူတွေဟာ နဂိုကတည်းက
အသေးစိတ် ဂရုစိုက်တတ်တဲ့ Obsessive Compulsive Personality Traits ရှိသူများ ဖြစ်လို့
စိတ်သောက (stress) များလာတာနဲ့ ရောဂါ လက္ခဏာတွေ ပြန်ပေါ်၊ ပိုဆိုးလာ တတ်ပါတယ်။
ရောဂါ အရှင်းမပျောက်သည့်တိုင် သိသိသာသာသက်သာသွားတဲ့အခါဝေဒနာရှင်ဟာ သူ့အလုပ် သူလုပ်နိုင်၊ သူ့ပတ်ဝန်းကျင်အပေါ်
အကျိုးပြုသင့်သလောက်ပြန်ပြုနိုင်လာတဲ့အတွက် ဝမ်းသာစရာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့
ဒီရောဂါအပေါ် သတိထားမိမှုနဲ့ သဘောထား ဘယ်လိုရှိတယ် မပြောတတ်ပါ။
Reference:
public health in Myanmar
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။