Leptospirosis ရေဆိုးထဲက စောင့်နေတဲ့ ရောဂါ
14-Aug-2018
သင်ဟာ ရေဆိုးထဲမှာ အလုပ်လုပ်နေရမယ်။ ဒါမှမဟုတ် သင်နေထိုင်ရာ
သင် အလုပ်လုပ်ရာ ပတ်ဝန်းကျင်မှာရေဆိုးတွေ၊ ရေမြောင်းတွေ၊ ရေအိုင်တွေကို ဖြတ်သန်းနေရပြီ ဆိုရင်သတိထားရပြီပေါ့။ဖျားရင် ၊ ခြေသလုံး ကြွက်သားတွေ နာရင်၊ သင့်ကို သင့်သူငယ်ချင်းက
မျက်လုံးတွေ ဝါနေတယ်လို့ ပြောလာရင်၊ ဆီးနည်း လာရင် Leptospirosis ဆိုတဲ့ရောဂါ ဖြစ်နေတာ
ဖြစ်ကောင်း ဖြစ်မယ်။
ဒီရောဂါဟာ Leptospires ခေါ်တဲ့ spiralchetes အနွယ်ဝင် ရောဂါပိုး
တစ်မျိုးကြောင့် ဖြစ်ရတာပါ။ ဒီရောဂါပိုးဟာ ကျနော်တို့ ပတ်ဝန်းကျင်က တိရိစ္ဆာန်တွေ (အရိုင်းပဲ
ဖြစ်ဖြစ်၊ အယဉ်ပဲ ဖြစ်ဖြစ်) ရဲ့ ကျောက်ကပ်မှာ ရောဂါ ဖြစ်ပွားခြင်း မရှိပဲ ပေါက်ပွားပြီး
ဆီးထဲကနေပါလာနိုင်တယ်။ အဲဒီတိရိစ္ဆာန် ကျင်ငယ်ရေတွေ ပါတဲ့ ရေတွေ နဲ့ထိမိတဲ့ လူတွေကို
ရောဂါဝင်ရောက် ဖြစ်ပွားစေနိုင်တယ်။
အနာတို့ ပေါက်ပြဲဒဏ်ရာတို့ ရှိရင်ပိုပြီးကူးစက်နိုင်တယ်။
ဆိုးတဲ့တစ်ချက် ကတော့ အရေပြား ကိုလည်းဖောက်ပြီးဝင်နိုင်တယ်။ ရောဂါပိုးပါတဲ့ ရေနဲ့ ထိနေရတဲ့
အချိန်ကြာလေ ရောဂါဖြစ်ဖို့ များလေပဲ။ရောဂါပိုး စဝင်ပြီး ၁ ပတ်ကနေ ၂ ပါတ်ကြာရင် ရောဂါစဖြစ်တယ်။ရောဂါ ဖြစ်ပွားပုံလက္ခဏာအရ လေးမျိုး တွေ့နိုင်တယ်။
1) Bacteraemic leptospirosis
ဒါက သွေးထဲမှာ ရောဂါပိုး ရှိလို့ စဖြစ်တာပါ။
bacteraemia ဆိုတာ သွေးထဲမှာ ဘက်တီးရီးယား ရောက်နေပြီလို့ ပြောတာပါ။ များသော အားဖြင့်
အဖျားကြီးမယ်။ အားနည်းမယ်။ ကြွက်သားတွေ နာမယ်။ တစ်ခါတစ်လေ အန်မယ်။ ဝမ်းသွားမယ်။ မျက်လုံးတွေဟာ
ရောင်ပြီး နီနေမယ်။ တစ်ပါတ်လောက် ကြာတဲ့ အခါကျတော့ အောက်ပါ ရောဂါလက္ခဏာ နောက်တစ်မျိုးမျိုးကို
ကူးသွားပါတယ်။
2) Aseptic meningitis
အဓိကအားဖြင့် L. canicola ကြောင့် ဖြစ်ပြီး ဗိုင်းရပ်စ်
ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါနဲ့ ခွဲခြားဖို့ ခက်ခဲ ပါတယ်။ မျက်လုံး
နီနေ တတ်တာက လွဲလို့ တခြား လက္ခဏာ ရပ်တွေမှာ အတူတူ နီးပါးဖြစ်တာ တွေ့ရတယ်။ သွေးစစ် ကြည့်ရင်
သွေးဖြူဥ တက်နေမယ်၊ အသည်း လုပ်ငန်းတွေ ပျက်နေမယ်၊ ဆီးထဲမှာ အသားဓါတ် ပါတာတွေတွေ့နိုင်ပါတယ်။
3) Icteric leptospirosis (Weil's disease)
ဒါကတော့ အသက် အန္တရာယ်ကို ခြိမ်းခြောက် နိုင်ပြီး အဖျားကြီးတာ၊
သွေးခြေဥတာ၊သွေးယိုတာ၊ မျက်လုံးဝါတာ၊ ကျောက်ကပ် ပျက်စီးတာ တွေ တွေ့ရ
ပါတယ်။ မျက်လုံး နီတာလည်း တွေ့နိုင်ပါတယ်။ ကိုယ်ခန္ဓာမှာ အနီကွက်တွေ ထွက်နိုင်တယ်။ သွေး
ယိုစီးတာကို နှာခေါင်း သွေးကျတာ၊ သွေးအန်တာ၊ ကတ္တရာ ဝမ်းမည်းသွားတာ တို့ အနေနဲ့ တွေ့ရသလို
ကိုယ်ခန္ဓာ အတွင်းပိုင်း သွေးယိုတာလည်း ဖြစ်နိုင်တယ်။ ဒါဟာ သွေးခဲစေတဲ့ platelet နည်းခြင်း
thrombocytopenia ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။မျက်လုံး ဝါခြင်းဟာ သိသာနိုင်ပြီး အသည်းလည်း
ကြီးနိုင်ပါတယ်။ကျောက်ကပ် ပျက်စီးခြင်း ကြောင့် ဆီးနည်း သွားမယ်၊ ဆီးထဲမှာ
အသားဓါတ် ပါလာမယ်၊ ဆီးလုံးဝ မသွားတာ ဖြစ်နိုင်ပါတယ်။ Weil's disease ဟာ နှလုံးကြွက်သားရောင်တာ၊ဦးနှောက်ရောင်တာ၊ ဦးနှောက် အမြှေးပါးရောင်တာတွေနဲ့ တွဲပြီး
ဖြစ်နိုင်ပါတယ်။
4) Pulmonary Syndrome
ဒီလက္ခဏာစုမှာ ချောင်းဆိုးသွေးပါတာ၊ ရင်ဘတ် ဓါတ်မှန်မှာ
patchy opacitiesတွေ့တာ၊ အသက်ရှူ မကောင်းတာ တွေနဲ့ တွေ့ရပြီး တခါ တလေ အသက်
အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။
ဒီရောဂါက ဆေးရုံတက် ကုသရမယ့် ရောဂါအမျိုးအစား ဖြစ်ပါတယ်။
ဒီလက္ခဏာတွေထဲက တစ်ခုခုတွေ့နေရရင် ဆေးရုံကို ပြသပြီးကုသမှုခံယူရပါမယ်။ကျနော်တွေ့ဖူးသလောက် leptospirosis လူနာတွေမှာ မျက်လုံးဝါတာ၊
မျက်လုံးအိမ် နာတာ(eyeball tenderness)၊ ခြေသလုံး ကြွက်သား နာတာ(calf muscle
tenderness) အဓိက အနေနဲ့ တွေ့ရပါတယ်။အဓိက ကတော့မိလ္လာ လုပ်သားတွေ၊ လယ်သမားတွေ၊ စစ်သား တွေမှာ
အဖြစ်များ နိုင်ပါတယ်။ မိုးရာသီ ရေတက်နေရင်တော့ အဲဒီရေတွေထဲက ဖြတ်သန်း သွားရသူ မည်သူမဆို
ဖြစ်နိုင်ပါတယ်။ပိုးမွေးတာ၊ leptospiral antibody ခေါ်တဲ့ ပဋိဇီဝ ပစ္စည်းကိုစစ်တာ၊
ဒီအင်အေကို ရှာတာ (Polymerase Chain Reaction- PCR) နည်းတွေနဲ့ ရောဂါကို အတည်ပြုနိုင်ပါတယ်။
Reference : Davidson's Principle of Medicine 19th
Edition
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
