နားအတွင်းပိုင်းသို့ပိုးဝင်ခြင်း (Middle ear infections)
17-Nov-2018နားအတွင်းပိုင်းသို့ပိုးဝင်ပါက နားကိုက်ခြင်း၊ အကြားအာရုံခြင်းထိခိုက်ခြင်းတို့ ဖြစ်ပွားတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘတ်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးသည် နားစည်၏အနောက်ဘက်ရှိအတွင်းပိုင်းနေရာသို့ တိုုက်ခိုက်၍ရောင်ရမ်း ပျက်စီးစေသောကြောင့်ဖြစ်သည်။ပုံမှန်အားဖြင့် ထိုအတွင်းပိုင်းနေရာတွင် လေနှင့်နားစည်ကို တုန်ခါမှုပေးနိုင်သော အရိုးနုကလေး သုံးခုသာရှိရမည်ဖြစ်သည်။နားတွင်းသို့ပိုးဝင်ပါက ရောင်ရမ်းကာ နားအတွင်းတွင် အရည်များပါထွက်လာတတ်ပါသည်။နားတွင်းရောင်ရမ်းခြင်းသည် များသောအားဖြင့် ပဋိဇီဝဆေးဖြင့်ကုသရန် မလိုအပ်ပါ။ကလေးငယ်လေးများနှင့် နောက်ဆက်တွဲဆိုးကျိုးခံစားနေရသူများတွင်မူ ကုသရန်လိုအပ်ပါသည်။ထိုရောဂါသည် ကလေးငယ်များတွင် ပို၍အဖြစ်များသည်။
လက္ခဏာများ (ကလေး)
- နားကိုက်ခြင်း အထူူးသဖြင့်လှဲအိပ်သည့်အချိန်
- နားကိုတစ်ခုခုဖြင့်ဆွဲထားသလို နာနေခြင်း
- မအိပ်ဘဲဂျီကျခြင်း၊ငိုနေခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- နားအူခြင်း
- အကြားအာရုံချို့ယွင်းခြင်း
- ဖျားခြင်း
- နားအတွင်းမှ အရည်များထွက်ခြင်း
- ခေါင်းကိုက်ခြင်းနှင့်အစားအသောက်ပျက်ခြင်းတို့ဖြစ်တတ်ပါသည်။
လက္ခဏာများ (လူကြီး)
- နားကိုက်ခြင်း
- နားမှအရည်ထွက်ခြင်း
- အကြားအာရုံချို့ယွင်းခြင်းတို့ ဖြစ်တတ်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- ဘတ်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း
- ရာသီဥတု အေးလွန်းခြင်း
- တုပ်ကွေးရောဂါမှတစ်ဆင့်ဖြစ်ပွားခြင်း
- မတည့်တာတစ်ခုခု စားမိ၊ရှူမိ၊ထိမိရာမှ ဖြစ်ပွားခြင်း
- နှာခေါင်းနှင့်လည်ချောင်းမှ ထွက်သောနှာရည်နှင့်ချွဲတို့သည် နှာခေါင်းမှနားသို့ဆက်သွယ်ထားသောလမ်းကြောင်း (Eustatian tube)မှတစ်ဆင့် နားအတွင်းသို့ ဝင်ရောက်ခြင်း
- နားတွင်း ရေဝင်ခြင်း၊နားပြည်တည်ခြင်းနှင့် နှာခေါင်းမှနားသို့ဆက်သွယ်ထားသော လမ်းကြောင်းပိတ်ဆို့ခြင်းတို့နှင့်လည်း ဆက်စပ်၍ဖြစ်ပွားတတ်ပါသည်။
- ကလေးငယ်များတွင်ပို၍အဖြစ်များရခြင်းမှာ နှာခေါင်းမှနားသို့သွားသောလမ်းကြောင်းမှာ လူကြီးများထက် ကျဉ်းမြောင်းကာဖြောင့်တန်းသောကြောင့်ဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
- အသက် ၆လမှ ၂ နှစ်အတွင်း ကလေးငယ်များ
- နို့ဘူးစို့သော ကလေးငယ်များ အထူးသဖြင့်ပက်လက်အနေအထား
- ဓာတ်မတည့်ုသော သူများ
- ဆေးလိပ်ငွေ့ရှူရှိုက်ရသူများ
- ထို့ပြင် ဆောင်းရာသီနှင့်လေထုညစ်ညမ်းသောနေရာများတွင်ပို၍အဖြစ်များပါသည်။
နောက်ဆက်တွဲ ပြဿနာများ
ထိုရောဂါသည်များသောအားဖြင့် နောက်ဆက်တွဲပြဿနာဖြစ်ဖို့အလားအလာနဲပါသည်။သို့သော်မကြာခဏပိုးဝင်ပါက
- အကြားအာရုံထိခိုက်ခြင်း
- နားစည်ပျက်စီးစေခြင်း
- ကလေးငယ်များတွင် စကားပြောနောက်ကျခြင်း၊ဖွံ့ဖြိုးမှုနောက်ကျခြင်း
- ထိုသို့ဖြစ်နေချိန်တွင် မကုဘဲထားပါက နားအတွင်းပိုင်းမှတစ်ဆင့် နားအနောက်ရှိအရိုးသို့ပျံ့ကာ ရောင်ရမ်းခြင်း (Mastoiditis) အထိဖြစ်နိုင်ပါသည်။နောက်ပိုင်းတွင်အရိုးကိုပျက်စီးစေကာ အရိုးတွင်း ပြည်အိတ်များပါတည်လာတတ်ပါသည်။
- အရမ်းဆိုးပါက ဦးခေါင်းခွံအတွင်းသို့ပျံ့နှံ့ကာ ဦးနှောက်နှင့်ဦးနှောက်အမြှေးပါးကိုပါ ရောင်ရမ်းစေတတ်ပါသည်။
- နားစည်ပေါက်သည်အထိဖြစ်ပွားနိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- ၂၄ နာရီကျော်ထက်ကြာမြင့်စွာ ရောဂါလက္ခဏာပြနေခြင်း
- မခံနိုင်အောင်နားကိုက်ခြင်း
- အသက် ၆လ ကလေးငယ်များတွင်ဖြစ်ပွားခြင်း
- နို့စို့အရွယ်ကလေးများ နှာစီးချောင်းဆိုးဖြစ်ပြီး ညဖက်မအိပ်ခြင်း
- နားအတွင်းမှ အရည် သို့မဟုတ် သွေးထွက်ခြင်း တို့ဖြစ်ပွားပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါသည်။
စစ်ဆေးမှုများ
- နားတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်၍စစ်ဆေးခြင်း
- နားတွင်းသို့ လေထည့်၍မှန်ပြောင်းဖြင့် စမ်းသပ်ခြင်း (Pneumatic otoscope)(နားတွင်းသို့လေထည့်ကာ နားစည် ရွေ့လျားမှုရှိမရှိစစ်ဆေးခြင်းဖြစ်ပြီး အကယ်၍မရွေ့လျားပါက နားထဲတွင် လေအစား အရည်များရှိနေသောကြောင့်ဖြစ်သည်။)
- နားစည်အမြှေးပါးကိုစမ်းသပ်ခြင်း
- တုန်ခါစေသောကိရိယာဖြင့် အသံကြားမကြားစစ်ဆေးခြင်း
- (tympanocentesis) နားစည်အမြှေးပါးအား ဖောက်၍အထဲမှ အရည်များစုပ်ထုတ်ကာ ပိုးရှိမရှိစစ်ဆေးခြင်း
- အကယ်၍ကလေးငယ်များတွင် ဖြစ်ပွားမှုမှာ ရှည်ကြာကာ အကြားအာရုံ၊စကားအပြောအဆိုနှင့်ဖွံ့ဖြိုးမှုနောက်ကျနေပါက သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
နားထဲရေဝင်ခြင်း၊နားထဲပိုးဝင်ခြင်းတို့မှာ များသောအားဖြင့် တစ်ပတ် နှစ်ပတ်ကြာလျှင် အလိုအလျောက် ပြန်ကောင်းတတ်ကြသည်။ဆေးသောက်ရန်မလိုအပ်ပေ။
သို့သော် နားကိုက်နေပါက အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊ရေနွေးဝတ်လေးကို ဖြစ်သည့် နားပေါ်တွင်အုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါသည်။
ပဋိဇီဝဆေးဖြင့်ကုသခြင်း
- နားထဲပိုးဝင်တာသေချာသော အသက် ၆ လအောက်ကလေးငယ်
- အသက် ၆ လနှင့်အထက် အနည်းဆုံး ၄၈နာရီကြာ နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကိုက်ကာ အဖျား ၁၀၂.၂ ံF နှင့်အထက်ကျော်နေသော ကလေးငယ်
အသက် ၆လမှ ၂ နှစ်အတွင်း ၄၈ နာရီကြာ နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကိုက်ကာ အဖျား ၁၀၂.၂ F အောက်ရှိနေသော ကလေး
- အသက် ၂ နှစ်နှင့်အထက် ၄၈ နာရီကြာ နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကိုက်ကာ အဖျား၁၀၂.၂ F အောက်ရှိနေသော ကလေး
- အထက်ပါလက္ခဏာများနှင့်ကိုက်ညီပါက ပဋိဇီဝဆေးသုံးကုရန် လိုပါသည်။
- နားပြည်တည်ပါက နားအတွင်းသို့ ပိုးသတ်ဆေးရည် အစက်ချခြင်း
- Ear tube (နားစည်ကိုဖောက်၍ပြွန်ချောင်းထည့်ကာအထဲမှအရည်ကိုထွက်စေခြင်း) တို့ဖြင့်ကုသနိုင်ပါသည်။
ကာကွယ်ခြင်း
- တုပ်ကွေး၊အအေးမိ နှာစေးချောင်းဆိုး မဖြစ်အောင်နေထိုင်ခြင်း
- ဆေးလိပ်သောက်သုံးသူများကိုရှောင်ကြဉ်ခြင်း
- ကလေးကို အသက် ၆လထိမိခင်နို့ကိုမပျက်မကွက်တိုက်ကျွေးခြင်း
- အကယ်၍နို့ဘူးတိုက်ပါက ကလေးအားခေါင်းထောင်၍မတ်တပ်အနေအထားဖြင့်တိုက်ခြင်း
- ကလေးငယ်များအား မှန်မှန်ကာကွယ်ဆေးထိုးခြင်း တို့ဖြင့်ကာကွယ်နိုင်ပါသည်။
Ref: Mayo Clinics
Credit: Dr Toe
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။