ဘာကြောင့် ညတစ်ရေးနိုး ရှူးပေါက်ချင်ရတာလဲ
02-Dec-2018ညဘက်တစ်ရေးနိုးထပြီး
ရှူးပေါက်ရတာက အခြေအနေနှစ်မျိုးရှိပါတယ်။ ဆီးသွားချင်လို့ အိပ်ရာကနိုးလာတာလား ဒါမှမဟုတ်
တစ်ရေးနိုးလာလို့ ဆီးသွားချင်လာတာလားဆိုတာကို ခွဲခြားနိုင်ဖို့ လိုပါတယ်။ သင့်အနေနဲ့
အိပ်တဲ့အခါမှာ ကျောက်ကပ်ထဲကို သွေးစီးဆင်းမှုတွေ ပိုများလာတဲ့အတွက် ဆီးထုတ်လုပ်မှုတွေလည်း
ပိုများလာတတ်ပါတယ်။ ဒါကြောင့် သင်ဟာ အိပ်မက်ဆိုးတွေမက်တာကြောင့် ဒါမှမဟုတ် အိပ်မပျော်တာကြောင့်
အိပ်ရာကထပြီး ဆီးသွားတာကသင့်ဆီးအိတ်နဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ ဆီးသွားချင်လွန်းလို့
အိပ်ရာကနိုးလာတာကတော့ လျစ်လျူရှုထားလို့ရတဲ့ ပြဿနာမဟုတ်ပါဘူး။ အောက်ပါအကြောင်းတွေကြောင့်
ညဘက် တစ်ရေးနိုးမှာ ဆီးသွားတတ်ပါတယ်။
၁။ အိပ်ရာမဝင်ခင်
ရေသောက်များတာကြောင့်ပါ
အိပ်ရာမဝင်ခင်
နာရီပိုင်းအတွင်း ရေဘယ်လောက်သောက်မိတယ်ဆိုတာကို သတိမမူမိတတ်သလို ဒီသောက်လိုက်တဲ့ရေကြောင့်
မကြာခဏ အိပ်ရာကထပြီး ဆီး သွားရတယ်ဆိုတာကိုလည်း သတိထားမိကြမှာ မဟုတ်ပါဘူး။ အမှန်မှာတော့အိပ်ရာ
မဝင်ခင် နှစ်နာရီအလိုမှာ ဘာအရည်မှ မသောက်သင့်တော့ပါဘူး။ အိပ်ရာဝင်ခါနီး ရေမသောက်မိဘဲ
ညဘက် တစ်ရေးနိုး အိပ်ရာထပြီး ဆီးသွားချင်နေရင် ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။
၂။ အိပ်ရာဝင်ခါနီး
အရက် ဒါမှမဟုတ် ကဖင်းသောက်မိတာကြောင့်ပါ
အရက်နဲ့ ကဖင်း
နှစ်မျိုးစလုံးဟာ ဆီးထုတ်လုပ်မှုများစေနိုင်ပါတယ်။ သင်ဟာ ဒီထဲက တစ်ခုခုကို ညစာစားအပြီး
ဒါမှမဟုတ် အိပ်ရာမဝင်ခင်မှာ သောက်ခဲ့မယ်ဆိုရင် ညဘက်တစ်ရေးနိုး ဆီးထသွားမှာ မလွဲပါဘူး။ညနေ
၆ နာရီနောက်ပိုင်း ကဖင်းပါဝင်တဲ့ အရည်တွေကို မသောက်သင့်ပါဘူး။ ဒါ့အပြင် အိပ်ရာမဝင်ခင်
အနည်းဆုံး သုံးနာရီအလိုမှာ အရက်မသောက်သင့်ပါဘူး။
၃။ သင့်မှာ
ဒီဟော်မုန်းလျော့ကျနေတာကြောင့်ပါ
အသက်ကြီးလာတာနဲ့အမျှ
Antidiuretic ခေါ်တဲ့ ဆီးထုတ်လုပ်မှုကို လျော့ကျစေတဲ့ ဟော်မုန်းဟာ သဘာဝအားဖြင့် လျော့နည်းသွားတတ်ပါတယ်။
ဒီဟော်မုန်းဟာ ကျောက်ကပ်မှ ဆီးထုတ်လုပ်မှုကို ထိန်းချုပ်ထားပေးတဲ့အတွက် ဟော်မုန်းနည်းလာတာနဲ့အမျှ
ဆီးများများ ထွက်လာပါတယ်။ ဒီဟော်မုန်းဟာ အသက် ၄ဝ အရွယ်ကစတင်ပြီး လျော့နည်းလာတတ်ပေမဲ့
အသက် ၆ဝ ဒါမှမဟုတ် အသက် ၇ဝ အရွယ်မှာတော့ သိသိသာသာ လျော့နည်းသွားတတ်ပါတယ်။
၄။ သင့်မှာ
ရောဂါပိုးဝင်ရောက်နေတာကြောင့်ပါ
အမျိုးသမီးတွေမှာ
အဖြစ်များပါတယ်။ ဆီးလမ်းကြောင်းအတွင်း ရောဂါပိုးဝင်တာကြောင့် မကြာခဏ ဆီးသွားတတ်တဲ့အပြင်
ဆီးသွားစဉ် နာကျင်တာ ဒါမှမဟုတ် ပူစပ်ပူလောင်ဖြစ်တာတွေပါ တွဲဖြစ်တတ်ပါတယ်။
၅။ သင့်ခြေထောက်တွေ
ဖောရောင်နေတာကြောင့်ပါ
သင့်ခြေထောက်တွေက ဖောရောင်နေခဲ့ရင် ဒါဟာ ခန္ဓာကိုယ်အောက်ပိုင်းနေရာမှာ ရေဓာတ်တွေ စုဆောင်းမှုရှိနေတာကြောင့် ဖြစ်ပြီး သင် လှဲလိုက်စဉ်မှာ ဆီးများများ သွားတတ်ပါတယ်။ ခြေထောက်က အရည်တွေက တခြားနေရာကိုရောက်သွားတဲ့ အတွက် ဆီးထုတ်လုပ်မှု ပိုများတာပါလို့ ကျွမ်းကျင်သူတွေက ရှင်းပြပါတယ်။အိပ်ရာမဝင်ခင် ပက်လက်လှန်ပြီး ခြေထောက်နှစ်ချောင်းကို အပေါ်မြှောက်ထားပါ။ ဒီလိုပြုလုပ်တာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမှ အရည်တွေက အပေါ်ကို ဆန်တက်သွားနိုင်တဲ့အတွက် အိပ်ရာမဝင်ခင် ဆီးသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါတယ်။
၆။ သင့်မှာ
ဆီးချိုရောဂါ ဒါမှမဟုတ် အကြိုဆီးချိုရောဂါ ရှိနေတာကြောင့်ပါ
သင်ဟာ ဆီးချိုရောဂါ
ဒါမှမဟုတ် ဆီးချိုအကြိုဝေဒနာတွေ ခံစားနေရရင် ခန္ဓာကိုယ်က သင့်သွေးအတွင်း ပိုလျှံနေတဲ့
သကြားတွေကို ဖယ်ရှားပေးဖို့အတွက် ဆီးများများ ထုတ်လုပ်ပေးပါတယ်။ ညဘက်မှာ ဆီးများများသွားသလို
နေ့ခင်းဘက်မှာလည်း ဆီးများများသွားတတ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ရေများများသောက်တာတောင်မှ
တစ်ချိန်လုံး ရေငတ်နေတာတွေ ဖြစ်နေတတ်ပါတယ်။
၇။ သင့်မှာ
လိင်မှတစ်ဆင့် ကူးစက်ရောဂါရှိနေတာကြောင့်ပါ
ဂနိုရောဂါနဲ့
မိန်းမကိုယ် ယားယံပြီးအဖြူဆင်းတာလိုမျိုး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကြောင့်
မကြာခဏ ဆီးသွားတတ်ပါတယ်။ ဆီးသွားစဉ်မှာ ပူစပ်ပူလောင်ဖြစ်တာတွေကလည်း လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့
ရောဂါတွေရဲ့ လက္ခဏာတွေပါ။ များသောအားဖြင့် လူလတ်ပိုင်းအရွယ် ဒါမှမဟုတ် အသက်ကြီးသူတွေမှာ
အဖြစ်များတတ်ပါတယ်။
၈။ သားအိမ်
ဒါမှမဟုတ် မမျိုးဥအိမ်က ကြီးနေတာကြောင့်ပါ
သားအိမ်မှာ
အသားလုံးဖြစ်တာ၊ မမျိုးဥအိမ်မှာ ရေအိတ်တည်တာ ဒါမှမဟုတ် သားအိမ်နဲ့ မမျိုးဥအိမ်ကင်ဆာတွေကြောင့်
သားအိမ်နဲ့ မမျိုးဥအိမ်က အရွယ်အစား မတန်တဆကြီးလာခဲ့ရင် ဆီးအိတ်ပေါ်မှာ ဖိအားပေးနေတာကြောင့်
တစ်ချိန်လုံး ဆီးသွားချင်နေတတ်ပါတယ်။
၉။ ဆီးအိတ်ကျွံကျနေတာကြောင့်ပါ
အသက်ကြီးလာတာ
ဒါမှမဟုတ် သဘာဝအတိုင်း ကလေးမွေးလာတာတွေကြောင့် တင်ပဆုံကွင်းအတွင်းနေရာမှာ ကြွက်သားတွေ၊
တွယ်ဆက်တစ်သျှူးတွေ၊ အရွတ်တွေက အားပျော့လာတဲ့အတွက် ဆီးအိတ်ကျွံတာတွေ ဖြစ်လာနိုင်ပါတယ်။
ဆီးအိတ်ကျွံခဲ့ရင် တစ်ချိန်လုံး ဆီးသွားချင်နေတတ်ပါတယ်။ Kegel လေ့ကျင့်ခန်း(တင်ပဆုံကွင်း
ကြွက်သားသန်မာစေတဲ့လေ့ကျင့်ခန်း)တွေ ပြုလုပ်ပေးပါ။
၁ဝ။ ဆီးကျိတ်ပြဿနာကြောင့်ပါ
အမျိုးသားတွေရဲ့ ဆီးကျိတ်က သူတို့သေဆုံးတဲ့အထိ တဖြည်းဖြည်း ကြီးထွားနေတတ်ပါတယ်။ အသက်ရှည်ရှည်နေရသူတွေအနေနဲ့ ဆီးကျိတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်မှာ မလွဲပါဘူး။ ဆီးကျိတ်ကြီးလာတာကြောင့် ဆီးကျိတ်က ဆီးထုတ်ပြွန်ကို ဖျစ်ညှစ်ထားသလို ဖြစ်သွားတဲ့အတွက် ဆီးအိတ်ထဲက ဆီးတွေကို ကုန်စင်အောင် မစွန့်ထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် တစ်ချိန်လုံး ဆီးသွားချင်နေတတ်ပါတယ်။ ဆီးကျိတ်ကြောင့် မကြာခဏ ဆီးသွားတဲ့ ပြဿနာက များသောအားဖြင့် ဆီးကျိတ်ကင်ဆာနဲ့ ဆက်စပ်မှု မရှိပါဘူး။