Oral Candidiasis ( မက်ခရု )
05-Dec-2018ပါးစပ်တွင်း မက်ခရုပေါက်ခြင်းသည် မှိုရောဂါတမျိုးဖြစ်ပြီး Candida albicans ဆိုသောရောဂါဖြစ်စေသော မှိုပိုးတမျိုးကြောင့်ဖြစ်သည်။ ထိုမှိုပိုးသည် ပါးစပ်တွင်းတွင် ပုံမှန်ရှိနေတတ်ပြီး အန္တရာယ်မပေးတတ်ပါ။ တခါတရံတွင် ထိုပိုးပေါက်ပွားမှုများပြီး ရောဂါလက္ခဏာများပြနိုင်သည်။
လက္ခဏာများ
ကလေးများနှင့် လူကြီးများ
- နို့နှစ်ကဲ့သို့ အဖြူရောင်အဖတ်များကို လျှာ၊ ပါးစောင်၊ အာခေါင်၊ သွားဖုံးနှင့် အာသီးတွင် တွေ့ရတတ်သည်။
- ရောင်ခြင်း၊ ရဲခြင်းများဖြစ်လာပါက အစာစားရာတွင်လည်းကောင်း၊ အစာမျိုချရာတွင်လည်းကောင်း ခက်ခဲနိုင်သည်။
- ထိုအဖြူဖတ်များကို ပွတ်မိပါက သွေးထွက်နိုင်သည်။
- ပါးစပ်တွင် ဝါဂွမ်းဖတ်များရှိနေသကဲ့သို့ ခံစားရတတ်ပြီး အရသာခံနိုင်မှုအား နည်းလာသည်။
- ပါးစပ်ထောင့်တွင် အက်ကွဲခြင်း၊ နီရဲခြင်းများဖြစ်နိုင်သည်။
- ရောဂါအခြေအနေပို၍ဆိုးလာပါက ပါးစပ်ကတဆင့် အစာမျိုပြွန်ထိရောဂါပျံ့နှံ့နိုင်ပြီး အစာမျိုချ၍မရနိုင်သည်အထိဖြစ်နိုင်သည်။
နို့စို့ကလေးငယ်များနှင့် နို့တိုက်မိခင်များ
- နို့စို့ကလေးငယ်များတွင် မက်ကရုဖြစ်ပါက ကလေးငယ်၏ပါးစပ်မှတဆင့် မိခင်၏ရင်သားဆီကို ရောဂါကူးစက်နိုင်သည်။ ရောဂါကို ပျောက်ကင်းအောင်မကုသပါက ကလေးငယ်၏ပါးစပ်မှ မိခင်၏ရင်သား၊ မိခင်ရင်သားမှ ကလေးငယ်ဆီသို့ အပြန်အလှန်ကူးစက်နိုင်သည်။
- နို့တိုက်မိခင်များတွင် ရောဂါကူးစက်ပါက အောက်ပါရောဂါလက္ခဏာများ ခံစားရတတ်သည်။
- နို့သီးခေါင်း ရဲခြင်း၊ နို့သီးခေါင်း အက်ခြင်း၊ ကွဲခြင်း၊ ယားယံခြင်း
- နို့သီးခေါင်းနားတဝိုက်တွင် အရေပြားလန်ခြင်း
- နို့တိုက်၍ မရနိုင်အောင် နာကျင်ခြင်း
- ရင်သားအောင့်ခြင်
ဖြစ်ပွားရသော အကြောင်းရင်းများ
- မက်ကရုနှင့် ခန္ဓာကိုယ်တွင် မှိုရောဂါပိုးစွဲကပ်ခြင်းသည် ခန္ဓာကိုယ်၏ခုခံအားစနစ်ကျဆင်းနေချိန် သို့ ခုခံအားစနစ်ကို ကျဆင်းစေသော ဆေးများ (ဥပမာ - စတီးရွိုက်ဆေးများ၊ စပ်ဆေးများ) အလွန်အကျွံသုံးစွဲသောအခါတွင် ဖြစ်နိုင်သည်။
- အောက်ပါရောဂါများရှိပါက မက်ကရုဖြစ်နိုင်ချေပိုများသည်။
- HIV/AIDS ခုခံအားကျဆင်းမှုရောဂါခံစားနေရသူများ
- ကင်ဆာရောဂါခံစားနေရသူများ
- ဆီးချိုရောဂါဝေဒနာရှင်များ
- မိန်းမကိုယ်မွေးလမ်းကြောင်းတွင် မှိုရောဂါပိုးရိှိသူများ
ဖြစ်နိုင်ချေများသူများ
- နို့စို့အရွယ်ကလေးများ
- အသက်အရွယ်ကြီးသူများ
- ခုခံအားကျဆင်းနေသူများ
- အံကပ်တတ်ထားသူများ
- ရောဂါအခံတခုခုရှိသူများ (ဆီးချို၊ ကင်ဆာ စသောရောဂါများ)
- စတီးရွိုက်ဆေးများ၊ ပိုးသတ်ဆေးများကို ရေရှည်စွဲသောက်နေသူများ
- ကင်ဆာရောဂါအတွက် ဆေးသွင်း၊ ရောင်ခြည်ပြ၍ ကုသမှုခံယူနေရသူများ
နောက်ဆက်တွဲ ပြဿနာများ
- ရောဂါကို ထိရောက်စွာကုသမှုမခံယူပါက နောက်ဆက်တွဲပြဿနာများဖြစ်လာနိုင်သည်။
- အစာမျိုပြွန်လမ်းကြောင်းကို ကူးစက်နိုင်ခြင်း
- အစာချေလမ်းကြောင်း၊ အဆုတ်၊ အသည်းနှင့် နှလုံးအဆို့ရှင်များကို ကူးစက်နိုင်ခြင်း
- အူလမ်းကြောင်းကို ကူးစက်ပါက လိုအပ်သောအာဟာရကို စုပ်ယူနိုင်မှုအားလျော့နည်းသွားနိုင်သည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
သင် သို့မဟုတ် သင့်ကလေးငယ်၏ပါးစပ်တွင် အဖြူဖတ်များတွေ့ပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသပြီး ဆေးကုသမှုခံယူသင့်ပါသည်။
စစ်ဆေးမှုများ
- မြင်တွေ့ရုံဖြင့် မက်ကရုကို ခွဲခြားနိုင်သည်။
- ကလေးကြီးများနှင့် ဆယ်ကျော်သက်များတွင် ဖြစ်ပါက ရောဂါအခံတခုခု ရှိ၊ မရှိကို သေချာစမ်းသပ်စစ်ဆေးမှုခံယူသင့်ပါသည်။
- အစာမျိုပြွန်တွင် ရောဂါဖြစ်ပါက လည်ချောင်းမှအချျွဲကိုယူပြီး ပိုးမွေးခြင်း၊ အစာမျိုပြွန်မှန်ပြောင်းကြည့်ခြင်းစသည်တို့ ပြုလုပ်နိုင်သည်။
ကုသခြင်း
- သင်၏ဆရာဝန်မှ သင့်လျော်သော မှိုပိုးသတ်ဆေးအမျိုးအစားကို ညွှန်ကြားပေးမည်။
- ကလေးငယ်များတွင် ရောဂါဖြစ်ပါက ပြင်းအားပျော့သော မှိုပိုးသတ်ဆေး (ဥပမာ - လိမ်းဆေး)ကို ညွှန်းပေးမည်။
- ရောဂါတခုခုကြောင့်ဖြစ်သော မက်ကရုဖြစ်လျှင် ထိုရောဂါကိုလည်း ထိထိရောက်ရောက်ကုသရန် လိုအပ်သည်။
- တကိုယ်ရည်သန့်ရှင်းမှုသည်လည်း ရောဂါကုသရာတွင် အရေးကြီးသောအချက်ဖြစ်သည်။
ကာကွယ်ခြင်း
- သွားနှင့်ခံတွင်းသန့်ရှင်းရေးကို အထူးဂရုပြုပါ။
- စတီးရွိုက်ရှူဆေးများအသုံးပြုပါက အသုံးပြုပြီးတိုင်း ပါးစပ်ကို ပလုတ်ကျင်းပေးပါ။
- တနေ့ နှစ်ခါ သွားကို နေ့စဉ်တိုက်ပါ။
- သွားရောဂါကုဆရာဝန်နှင့် ၆လတခါပြသပါ။
- ဆီးချိုရောဂါရှိပါက သွေးတွင်းအချိုဓာတ်ကို ပုံမှန်ပမာဏတွင်ထိန်းနိုင်အောင် ကြိုးစားပါ။
- မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ယားယံခြင်းဖြစ်ပါက ကုသမှုခံယူပါ။
Dr.Khine.W.Y.San
Ref: Mayo clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။