Print

အရိုးပွရောဂါ

  25-Feb-2017
Preview Image

 

အရိုးပွရောဂါဆိုတာ အရိုးက ခိုင်သင့်လောက် မခိုင်တော့ဘဲ နည်းနည်းထိရုံနှင့်ကျိုးနိုင်တဲ့အခြေအနေ ဖြစ်နေတဲ့ရောဂါပါ။ ပုံမှန်အားဖြင့် သစ်ပင်ပေါ်က ကျ၊ ကားတိုက်ရင် အရိုးကျိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝ ဖြစ်ပေမဲ့ ငယ်တုန်း၊ အရိုးတွေ ခိုင်တုန်းဆိုတာ ကစားရင် ချော်လဲလို့ အရိုးမကျိုးပါဘူး။ ကလေးတွေဆို လှေကား နှစ်ထပ်၊ သုံးထပ်က လိမ့်ကျ၊ ကုပ်ပေါ်က ပြုတ်ကျလည်း မကျိုးပါဘူး။ ဒါပေမယ့် အသက် ၅၀ ကျော်လို့ အရိုးတွေ ပွလာတဲ့အခါ ရေချိုးခန်းထဲ မှာ ချော်လဲရုံနဲ့ အရိုးကျိုးတာတို့၊ လှေကားဆင်းရင်း တစ်ထစ်ချော်ပြီး ချော်လဲတာတောင် မဟုတ်ဘဲ ဟန်ချက်ပျက်လို့ ထိန်းလိုက်တာနှင့်တင် အရိုးကျိုးတာတို့ ဖြစ်လာတာက အရိုးတွေက မခိုင်တော့လို့ပါ။

 

အရိုးတွေဟာ အနေအထိုင်၊ အစားအသောက်နဲ့ ဟော်မုန်းတွေပေါ် မူတည်ပြီး ငယ်ရာကနေ တဖြည်းဖြည်း ကြီးထွားလာတာ အသက် ၃၀ အရွယ်လောက်မှာ အခိုင်ဆုံး၊ အထူဆုံး ဖြစ်လာပါတယ်။ အဲဒါကို အရိုးသိပ်သည်းဆ အကောင်းဆုံးအချိန်လို့ ခေါ်ပါတယ်။ အဲဒီကနေ ကိုယ်ခန္ဓာရဲ့ သွေးသားဟော်မုန်းတွေကလည်း အားနည်းလာ၊ ကိုယ်ခန္ဓာ လှုပ်ရှားမှုကလည်း နည်းလာတာနဲ့အမျှ အရိုးတွေက တဖြည်းဖြည်းပြန်ပါးလာ၊ ခိုင်မာမှု လျော့လာလိုက်တာ ၅၀ ကျော် သွေးဆုံးပြီးဆိုရင် ဖြည်းဖြည်းလျော့ရာ ကနေ မြန်မြန်လျော့လာလို့ ၅၅-၆၀ ဆိုရင် နည်းနည်းထိတာနဲ့တင် ကျိုးနိုင်တဲ့အခြေအနေ ကို ရောက်လာတတ်ကြပါတယ်။ ဒီအခြေအနေမှာ ကျိုးမှ ကုတာထက် ကြိုတင်စစ်ဆေးကြည့်ပြီး အရိုးပွနေပြီဆို ရင် ဆေးကြိုသောက်ထားတာက ပိုကောင်းမယ်လို့ သဘောတူကြပါတယ်။ အရိုးပွ ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ နည်းလမ်းကတော့ ဓာတ်မှန်တစ်မျိုးဖြစ်တဲ့ DEXA လို့ခေါ်တဲ့ အရိုး သိပ်သည်းဆတိုင်းစက်နဲ့ ရိုက်ကြည့်တဲ့နည်းပါ။ 

 

ကုလို့ရပါသလား
ရပါတယ်။ ဒါပေမဲ့ ကြာပါတယ်။ ၂ နှစ်ကနေ ၄ နှစ်လောက်သောက်မှ အရိုးက သိသိသာသာ ပြန်မာလာပြီး ကွာခြားမှုကို တိုင်းတာနိုင်ပါတယ်။ ဒါကြောင့် ဆေးစသောက်ပြီး လပိုင်းနဲ့ DEXA ပြန်ရိုက်ကြည့်ရင် ထူးမှာမဟုတ်ပါဘူး။ အသုံးအများဆုံးဆေးကတော့ ဘိုင်ဖောစဖိုနိတ်ပါ။ အယ်လင်ဒရိုနိတ်နဲ့ ရိုစီဒရိုနိတ်တွေကို တစ်ပတ်တစ်ခါ သောက်ရပါ တယ်။  ပိုအရေးကြီးတာက အသက် ၅၀ ကျော်မှာ အရိုးမပွဖို့၊ အသက် ၃၀ မှာ အရိုးသိပ် သည်းဆ အကောင်းဆုံး ဖြစ်ရပါမယ်။ အသက် ၃၀ မှာ အရိုး အကောင်းဆုံးဖြစ်ဖို့ ကလေး၊ လူငယ်ဘဝကတည်းက ကယ်လ်ဆီယမ်၊ ဗိုက်တာမင်ဒီ အပြည့်အဝစားဖို့၊ (နို့၊ ကြက်ဥ စသဖြင့်) နေရောင်ခြည် တစ်နေ့မိနစ် ၂၀ လောက်ရဖို့၊ ကိုယ်လက်လှုပ်ရှား တစ်နေ့ နာရီဝက် လုပ်ဖို့ စတာတွေ လုပ်ထားရပါမယ်။ ဒါမှ ၅၀ ကျော်လို့ အရိုးပွပြီး ကျိုးမယ့် ၅၀ % မှာ ကိုယ် မပါမှာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
(အရိုး၊ အကြော၊ အဆစ်အထူးကုဆရာဝန်ကြီး)
Ziwaka magazine, February 2015, Pg. 31



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18