Separation Anxiety (ခွဲခွာခြင်းကိုစိုးရွံ့ခြင်း)
10-Jan-0201အကျဉ်းရှင်းလင်းချက်
- ကလေးသူငယ်များသည် ၎င်းတို့၏ မိဘ (သို့မဟုတ်) အနီးကပ် ပြုစုစောင့်ရှောက်သူများအနားတွင် မရှိတော့သောအခါမျိုးတွင် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အထီးကျန်ခြင်း၊ ဝမ်းနည်းခြင်း စသည်ဖြင့် ဖြစ်တတ်သည်။
- ၁ နှစ်အောက် ကလေးများနှင့် လမ်းလျှောက်စမ်းစအရွယ် ကလေးများတွင် အတွေ့ရများသည်။ ထိုအရာသည် ရောဂါတော့မဟုတ်ပါ။ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှု၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။
- အသက် ၈-၉ လလောက်တွင် စတင်တွေ့ရပြီး အသက် ၂ နှစ်လောက်တွင် လျော့ပါးသွားသည်။ ထိုသို့ဖြစ်လျှင် ကလေးငယ်အား နှုတ်ဆက်စကားသေချာပြောခြင်း၊ မကြာခင်ပြန်လာပါမည်ဟု ပြောခြင်းမျိုးစသည်ဖြင့် စိတ်သက်သာရာရအောင် လုပ်ပေးရမည်။ ထိုသို့ဖြစ်ခြင်းကို ဆေးဝါးဖြင့်ကုသရန်တော့ မလိုအပ်ပါ။
ရောဂါလက္ခဏာများ
- စိုးရိမ်ပူပန်ခြင်း
- အော်ဟစ်ငိုကြွေးခြင်း
- ဒေါသထွက်ခြင်း
- တနေကုန်ဂျီကျနေတတ်ခြင်း
- မိဘ (သို့မဟုတ်) အနီးကပ် ပြုစုစောင့်ရှောက်သူ ရှိနေသည့်အချိန်တွင် ထိုသူအားတစ်နေကုန်ကပ်နေခြင်း၊ မျက်စိအောက်မှအပျောက်မခံခြင်း
- ညဘက်များတွင် သင့်နာမည်ကိုခေါ်ပြီးငိုနေတတ်ခြင်း
ဖြစ်ပွားရသောအကြောင်းအရင်း
- မိဘ (သို့မဟုတ်) အနီးကပ်ပြုစုစောင့်ရှောက်သောသူများက ခဏတာခွဲခွာသွားလျှင် (သို့မဟုတ်) အနားတွင်မရှိတော့လျှင်
- ပတ်ဝန်းကျင်အသစ်၊ အိမ်အသစ်သို့ ပြောင်းရွှေ့သွားလျှင်
- ညီ၊ ညီအစ်မ အသစ်လေးများ ရလာလျှင်
- မိသားစု အိမ်တွင်းရေးပြဿနာများရှိလျှင်
- တစ်ခါတစ်ရံ အနားတွင် အနီးကပ်ပြုစုစောင့်ရှောက်သူရှိနေလျှင် ထိုသို့ စိုးရိမ်ပူပန်ကြောက်ရွံ့ခြင်းမျိုး ဖြစ်ပေါ်တတ်သည်။
ဖြစ်နိုင်ချေများသူများ
- (၁) နှစ်အောက်နှင့် လမ်းလှျှောက်စမ်းကာစ အရွယ်ကလေးငယ်များတွင် အတွေ့ရများသည်။
- အသက် (၈-၉) လလောက်တွင် စတင်တွေ့ရပြီး အသက်(၂)နှစ်လောက်တွင် လျော့ပါးသွားသည်။
- ထိုသို့ဖြစ်ခြင်းသည် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အစိတ်အပိုင်းတခုဖြစ်သည်။ ၎င်းတို့အား ပြုစုစောင့်ရှောက်သောသူများအပေါ် မည်မျှထိ မှီတွယ်နေသည်ကိုပြသသည်။ ကလေးငယ်များသည် ၎င်းတို့၏ ပတ်ဝန်းကျင်ကိုပို၍ ဂရုစိုက်တတ်လာသည်။
- ၎င်းတို့၏ အနားတွင် အမြဲတမ်း ပြုုစုစောင့်ရှောက်သူမရှိတော့အခါ ပတ်ဝန်းကျင်သည် မလုံခြုံတော့ဘူးဟု ခံစားရတတ်သည်။ ထိုအခါမျိုးတွင်လည်း အထက်ပါလက္ခဏာများ ခံစားရတတ်သည်။
နောက်ဆက်တွဲပြဿနာများ
- အထက်တွင်ဖော်ပြခဲ့သော ရောဂါလက္ခဏာများသည် ကျောင်းနှင့် အခြားနေ့စဉ်လုပ်ဆောင်မှုများကို မလုပ်နိုင်လောက်အောင် အနှောင့်အယှက်ပေးလျှင် (သို့) လက္ခဏာများဆိုးရွားပြင်းထန်လာလျှင် ဆရာဝန်နှင့်တိုင်ပင်ပြသသင့်သည်။
- ခွဲခွာခြင်းကို စိုးရိမ်ပူပန်ခြင်းမှ ရောဂါအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသည်။လက္ခဏာများမှာ-
(၁) မိဘနှင့်အိမ်မှ ခွဲနေရသောအခါများတွင် စိုးရိမ်ပူပန်ခြင်း၊စိတ်ဓာတ်ကျခြင်းများ ခဏခဏဖြစ်ပေါ်ခြင်း၊ လက္ခဏာများပြင်းထန်ခြင်း၊
(၂) မိဘနှင့်ဝေးနေသည့် အခိုက်အတန့်တွင် မိဘသည် နာမကျန်းဖြစ်၍ သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်၍ သော်လည်းကောင်း ဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်ခြင်း။
(၃) မိဘနှင့်ခွဲနေသည့်အခါ မိမိအားပြန်ပေးဆွဲခံရမည်၊မိမိတွင် ဘေးအန္တရာယ်ကျရောက်မည် ဟူ၍စိုးရိမ်ပူပန်ခြင်း။
(၄) ခွဲခွာရမည်ကို စိုးရိမ်ကြောက်ရွံ့သောကြောင့် အိမ်မှနေ၍ မည်သည့်နေရာမှ မသွားလိုခြင်း(ဥပမာ ကျောင်းမသွားလိုခြင်း)
(၅) မိဘများ အိမ်မှာမရှိသည့်အခါတွင် အိမ်ဍ္ဍ်တစ်ယောက်တည်းမနေလိုခြင်း။
(၆) စိုးရိမ်ပူပန်၍ အိပ်မက်ဆိုးများခဏခဏမက်ခြင်း။
(၇) မိဘများအပြင်သွားမည်ဟု ပြောသောအခါမျိုးတွင် ခေါင်းကိုက်သည်၊ ဗိုက်အောင့်သည် အစရှိသဖြင့် ပြောဆိုနေခြင်း။
စစ်ဆေးခြင်း
အထက်ပါလက္ခဏာများပေါ်လာလျှင် ဆရာဝန်နှင့်တိုင်ပင်ပြသသင့်ပြီး စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။
- ကလေးစိတ်ရောဂါ အထူးကုဆရာဝန်များ၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်များနှင့် ပြသသင့်သည်။
- မိဘများမှမိမိသားသမီး၏ အပြုအမူများ၊လက္ခဏာများကိုပြောပြခြင်း၊ ဆရာဝန်ကိုယ်တိုင်မှ ကလေးငယ်နှင့်တိုက်ရိုက်မေးမြန်းပြောဆိုပြီး ရောဂါရှိမရှိစစ်ဆေးနိုင်သည်။
ကုသခြင်း
(၁) နှုတ်ဆက်စကားသေချာပြောခြင်း။ ။ သင်၏ကလေးငယ်ကို ယုံကြည်စိတ်ချရသောသူနှင့် သေချာအပ်နှံခဲ့ပါ။ ကလေးငယ်အား မည်သည့်အချိန်တွင် ပြန်ရောက်မည်ကိ ုသေချာစွာပြောပါ။
(၂) အချိန်ကိုက်ထွက်ခွာပါ။ ။ သင်၏ကလေး ဗိုက်ဆာနေသောအချိန်၊ ဆော့ကစားပြီး၍ပင်ပန်းနေသောအချိန်၊ ကျောင်းမှပြန်လာသောအချိန်များတွင် အိမ်မှထွက်ခွာခြင်းမပြုပါနှင့်။ အစားစားနေသောအချိန်၊ အနားယူနေသော အချိန်များတွင် ထွက်ခွာနိုင်သည်။
(၃) အာရုံလွှဲပါ။ ။ သင်အိမ်မှမထွက်မီ ကလေးအား အခြားစိတ်ဝင်စားစေမည့် အရာတခုကို လုပ်ဆောင်ပါ။ ပြောဆိုပါ။ ( ဥပမာ- ကစားစရာ၊အစားအသောက်၊ ချော့မြူခြင်း)
(၄) နှုတ်ဆက်ပြီးတာနဲ့ ထွက်ခွာပါ။ ။ သင်၏အိမ်မှ ထွက်ခွာလျှင် နှုတ်ဆက်စကားပြောပြီးတာနဲ့ထွက်ပါ။ အကယ်၍ ကလေးအားအခြားပတ်ဝန်းကျင်တစ်ခု (ဥပမာ မူကြိုကျောင်း)တွင်အပ်နှံခဲ့မည်ဆိုလျှင် ကျောင်းမှမထွက်ခွာမှီ ကလေးနှင့် မိနစ်အနည်းငယ်လောက် အချိန်ပေး၍ ကစားပေးပါ။ မည်သည့်အချိန်တွင် ပြန်လာမည်ကိုသေချာစွာပြောခဲ့ပါ။ (ဥပမာ- ထမင်းစားပြီးချိန်၊ တရေးအိပ်ပြီးချိန်)
(၅) သင့်ကလေးကို သက်တောင့်သက်သာနှင့် လုံခြုံစိတ်ချရသော အိပ်ရာခင်းပေါ်တွင် ကလေး၏အဖော်အဖြစ် အိမ်မွေးတိရစ္ဆာန်လေးများ(သို့) အခြားကစားစရာများကို ထားပေးခြင်းဖြင့် အာရုံလွှဲပေးပါ။
(၆) သင့်ကလေးငိုမည်ကို ကြိုတင်၍မျှော်လင့်ထားပါ။ ။သင့်ကလေးငိုနေ၍ တော်တော်နှင့်မထွက်ခွာတာမျိုး မလုပ်ပါနှင့်။ ကလေးမှာအခြားစိတ်ဝင်စားစရာ အရာတခုခုနှင့်တွေ့လှျှင် ငိုတာရပ်သွားပါလိမ့်မည်။
ကာကွယ်ခြင်း
အထက်ဖော်ပြပါ ကုသခြင်းနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါသည်။
အခြားသိသင့်သောအချက်များ
- ထိုသို့ စိုးရိမ်ပူပန်တတ်ခြင်းသည် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ကို မိဘတို့အနေဖြင့်သိသင့်သည်။
- ဖွံ့ဖြိုးနေသည့်အချိန်တွင် ကလေးငယ်များအပေါ် မိမိ၏ အပြောအဆို၊ အပြုအမူများကိုသတိပြုသင့်သည်။
- ကလေးငယ်များတွင် စိတ်ဒဏ်ရာ ရသွားနိုင်သည်။ ထိုအခါ ၎င်းတို့၏ (မှတ်ချက်) ပညာရေးနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်မှုအပိုင်းများကို အနှောင့်အယှက် ပေးနိုင်ပါသည်။
Credit: Dr Khin Jyu Jyu Ko
Reference: Mayo clinic
သင်သိလိုသမျှ
ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887
သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့်
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။