Achalasia (မျိုချရခက်ရောဂါ)
01-Mar-2019အကျဉ်းရှင်းလင်းချက်
Achalasia မျိုချရခက်ရောဂါသည် အစာရေမျိုတွင်ဖြစ်ပွားသော
ရှားပါးသောပြဿနာတစ်ခုဖြစ်ပြီး အစားအစာနှင့်ရေကို မျိုချရခက်ခဲစေနိုင်သော ရောဂါတစ်ခုဖြစ်သည်။
ပုံမှန်အားဖြင့် အစာရေမျို၏ကြွက်သားများသည် အစားအစာကို အစာအိမ်ဆီရောက်အောင် ညှစ်ပေးရသည်။
အစာရေမျို၏ အဆုံးပိုင်းရှိ ကွင်းပုံစံကြွက်သားက ဖြေလျော့ပေးပြီး အစားအစာများကို အစာအိမ်ဆီ
ရောက်စေသည်။ မျိုချရခက်ရောဂါတွင် အစာရေမျိုကြွက်သားများ ကြုံ့ဆန့်မှုပုံမမှန်ခြင်းကြောင့်နှင့်
ကြွက်သားကွင်းကောင်းစွာအလုပ်မလုပ်ခြင်းကြောင့် အစားအစာနှင့်ရေများက အစာအိမ်အတွင်းမရောက်နိုင်ဘဲ
ပိတ်ဆို့နေနိုင်ပါသည်။ တစ်ခါတစ်လေ ပြန်အန်ထွက်တတ်သည်။
လက္ခဏာများ
ရောဂါရှိသူတိုင်း ရောဂါလက္ခဏာမပြတတ်ပါ။ အများအားဖြင့်
အစားအစာနှင့်ရေ မျိုချရခက်တတ်သည်။ မျိုချခြင်းသည် တစ်ဖြည်းဖြည်းခက်ခဲလာပြီး နောက်ဆုံး
မျိုချရန် မဖြစ်နိုင်တော့သည်အထိ ခံစားရတတ်သည်။ တစ်ခြားရောဂါလက္ခဏာများမှာ
၁။ အစာမကြေသော
အစာများ ပြန်အန်ထွက်ခြင်း
၂။ သီးခြင်း၊
ချောင်းဆိုးခြင်း
၃။ ရင်ပူခြင်း
၄။ ရင်ဘတ်အောင့်ခြင်း
၅။ အဆုတ်ပိုးဝင်ရောဂါ
ခဏခဏဖြစ်ခြင်း
၆။ အန်ဖတ် သို့မဟုတ်
တံတွေးကျနေခြင်း
၇။ တစ်ဖြည်းဖြည်းနှင့်
သိသိသာသာ ကိုယ်အလေးချိန်လျော့ကျလာခြင်း တို့ဖြစ်ပါသည်။
ရောဂါလက္ခဏာများသည် အချိန်မရွေးဖြစ်ပွားနိုင်သည်။
မကုသဘဲထားသော နာတာရှည် အစာမျိုရခက်ရောဂါသည် အစာရေမျိုကင်ဆာဖြစ်နိုင်ချေကို အနည်းငယ်မြင့်တက်စေနိုင်သည်။
ဒါကြောင့် ရောဂါလက္ခဏာက သင့်ကို ဒုက္ခမပေးသော်လည်း သင့်တော်သော ကုသမှုခံယူဖို့လိုအပ်ပါသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
အစာရေမျိုအတွင်းရှိ အာရုံကြောများပျက်စီး၍
ကြွက်သားနဲ့ ကြွက်သားကွင်း ကောင်းကောင်းအလုပ်မလုပ်နိုင်၍ဖြစ်သည်ဟု ယူဆကြသည်။ ဖြစ်ရသောအကြောင်းအရင်းအတိအကျကို
မသိကြပါ။ ဗိုင်းရပ်စ်ပိုးဝင်ဖျားနာခြင်းနှင့် ဆက်စပ်နိုင်ချေရှိသည်။ မိမိကိုယ်ခံအားစနစ်ကို
မိမိကိုပြန်တိုက်ခိုက်သော ရောဂါနှင့်လည်း ဆက်စပ်မှုရှိနိုင်သည်။ ရှားပါးသောဖြစ်ရပ်များတွင်
မျိုချရခက်ရောဂါသည် မျိုးရိုးလိုက်တတ်သည်။
ဖြစ်နိုင်ချေများသူများ
၁။ ကိုယ်ခံအားစနစ်ရောဂါရှိသူများ
၂။ ရောဂါမျိုးရိုးရှိသူများ
ပို၍ဖြစ်နိုင်သည်။
နောက်ဆက်တွဲ ပြဿနာများ
၁။ ကိုယ်အလေးချိန်ကျဆင်းခြင်း
၂။ အဆုတ်ပိုးဝင်ရောဂါခဏခဏဖြစ်ခြင်း
၃။ ကင်ဆာရောဂါဖြစ်နိုင်ချေရှိခြင်း အစရှိသော နောက်ဆက်တွဲရောဂါများဖြစ်နိုင်ပါသည်။
စစ်ဆေးမှုများ
ဆရာဝန်မှ စမ်းသပ်ပြီး
လိုအပ်ပါက ရောဂါအတည်ပြုစမ်းသပ်ချက်များပြုလုပ်နိုင်ရန် ညွှန်ကြားစမ်းသပ်ပါလိမ့်မည်။
၁။
Manometry ခေါ် ကြွက်သားဖိအားတိုင်းကိရိယာဖြင့် စမ်းသပ်ခြင်း
၂။ Barium
swallow X ray ခေါ် ဓါတုပစ္စည်းအသုံးပြုပြီး ဓါတ်မှန်ရိုက်ခြင်း
၃။ မှန်ပြောင်းကြည့်ခြင်း
(Endoscopy) အစရှိသော စမ်းသပ်ချက်များဖြင့် ရောဂါကို စစ်ဆေးအတည်ပြုနိုင်ပါသည်။
ကုသခြင်း
မျိုချရခက်ခဲရောဂါကို
ကုသရန်ကုထုံးမရှိပါ။ ရောဂါလက္ခဏာသက်သာစေရန်နှင့် လွယ်ကူစွာမျိုချရန် ကုသမှုများရှိပါသည်။
ဆေးဝါးဖြင့်ကုသခြင်း
အစာရေမျိုကြွက်သားကို ဖြေလျော့ပေးပြီး မျိုချရလွယ်ကူစေရန်
ဆေးဝါးဖြင့် ကုသ၍ရသည်။ ဆေးဝါးဖြင့် ကုသခြင်းသည် ရောဂါဝေဒနာကို ခဏတာသာ သက်သာစေနိုင်သည်။
ကြွက်သားကို
ချဲ့ခြင်း
စိတ်ငြိမ်ဆေး သို့မဟုတ် မေ့ဆေးသုံးကာ ဘောလုံးဖြင့်
အစာရေမျိုအတွင်းကြွက်သားကို မှန်ပြောင်းမှ တစ်ဆင့် ဘောလုံးဖြင့်လေသွင်းကာ ကုသခြင်း
ဖြစ်သည်။ ကြွက်သားကွင်းကို ချဲ့ပေးပြီး အစာအစားများကို အစာအိမ်အတွင်း ဆင်းစေရန် ကူညီပေးသည်။
ကုသမှုကို ခဏခဏလိုအပ်နိုင်သည်။ အစာရေမျိုပြဲခြင်းဖြစ်နိုင်ချေလည်း အနည်းအကျဉ်းရှိသည်။
Botox ထိုးခြင်း
မှန်ပြောင်းမှတစ်ဆင့် Botox ကြွက်သားဖြေလျော့ဆေးကို
ကြွက်သားကွင်းအတွင်း ထိုးပြီး ဖြေလျော့ပေးနိုင်သည်။ လအနည်းငယ်မှ တစ်ခါတစ်ရံ နှစ်အနည်းငယ်အထိ
ထိရောက်လေ့ရှိသည်။ သို့သော် ပြန်၍ ထိုးပေးရမည်ဖြစ်သည်။ နာကျင်ခြင်းခံစားရလေ့မရှိဘဲ
တစ်ခြားကုထုံးများဖြင့် မကုသနိုင်သောသူများတွင် ကုသပေးနိုင်သည်။
ခွဲစိတ်ကုသခြင်း
မေ့ဆေးဖြင့် ကြွက်သားကွင်းရှိ ကြွက်သားမျှင်များကို
ခွဲစိတ်ခြင်းဖြစ်သည်။ ဤကုသမှုသည် မျိုချခြင်းကို ရာသက်ပန်လွယ်ကူစေနိုင်သည်။ အများအားဖြင့်
အစာခြေအက်စစ်ပြန်တက်ခြင်းနှင့် ရင်ပူခြင်းမဖြစ်စေရန် နောက်ထပ်ခွဲစိတ်မှုကို တစ်ချိန်တည်းမှာ
ပြုလုပ်ပေးနိုင်သည်။
ကာကွယ်ခြင်း
Achalasia ရောဂါကို ကာကွယ်ရန်နည်းလမ်းမရှိပါ။
ရောဂါစတင်ခံစားရလျှင် နောက်ဆက်တွဲများမဖြစ်ပေါ်စေရန် ကာကွယ်ဖို့ လိုအပ်ပါသည်။ ဥပမာ အစားအသောက်အနေအထိုင်ပြောင်းလဲခြင်း၊
အိပ်ယာမဝင်ခင်စားသောက်ခြင်းရှောင်ရှားခြင်း၊ ရင်ပူစေသောအစားအစာများရှောင်ရှားခြင်း(အရည်ရွှမ်းအချဉ်သီးများ၊
အရက်၊ ကဖင်းဓါတ်) အစရှိသော နေထိုင်နည်းလမ်းများဖြင့် ကာကွယ်နေထိုင်နိုင်ပါသည်။
Dr. Kaung
Ref:
nhs.uk