Print

ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုလက်ဆောင်တွေ ပေးမလဲ

  01-Mar-2017
Preview Image

သင်ချစ်ခင်ရတဲ့ လူတွေအတွက် ထူးခြားလေးနက်တဲ့ ရက်တွေ၊ အခမ်းအနားတွေရောက်ရှိလာတဲ့အခါ ဘယ်လိုအမှတ်တရ လက်ဆောင်ပေးရမလဲလို့ ခေါင်းတွေ ပူအောင် သေချာစဉ်းစားတတ်ကြပါတယ်။ လက်ဆောင်ပေးတဲ့ သူအတွက်လည်း မျက်နှာပန်းလှ လက်ဆောင်ရရှိတဲ့သူအတွက်လည်း အသက်ရှည်ရှည် ကျန်းကျန်း မာမာ နေနိုင်စေမယ့် ကျန်းမာရေးနှင့်ညီညွတ်တဲ့ လက်ဆောင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ 

 

ဘွန်ဆိုင်းသစ်ပင်
ဘွန်ဆိုင်းသစ်ပင် သေးသေးလေးတွေဟာ ချစ်ဖို့လည်းကောင်းပြီး ကျန်းမာရေးအတွက် အကျိုးရှိစေတယ်ဆိုတာ သင်သိပါသလား။ ရေလောင်းရတာ လွယ်ကူသလို သင်ချစ်ခင်ရသူရဲ ့က အိမ်တွင်းမှာဖြစ်စေ၊ ရုံးက အလုပ်စားပွဲမှာဖြစ်စေ အလွယ်တကူ တင်ထားပေးနိုင်ပါတယ်။ အခန်းတွင်း လေထုကို သန့်စင်ပေးနိုင်တဲ့ အတွက် အဆုတ်ကျန်းမာရေးအတွက် ကောင်းစေပါတယ်။ အလုပ်တွေ ပင်ပန်းချိန်မှာ သစ်ပင်စိမ်းစိမ်းစိုစိုလေးကို ကြည့်လိုက်ရင် အမောပြေစေသလို မျက်စိညောင်းတာတွေလည်း သက်သာသွားစေတဲ့ အတွက် ကျန်းမာရေး လက်ဆောင်အနေနဲ့ပေးနိုင်ပါတယ်။

 

အားကစားခန်းမ လက်မှတ်
လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေး အကျိုးများစွာ ရှိတဲ့အတွက် သင်ချစ်ခင်ရတဲ့ လူတွေ လေ့ကျင့်ခန်းလုပ်ဖို့ အားပေးကူညီတာကလည်း လက်ဆောင်မွန်တစ်ခုပါ။ လူတွေဟာ ပုံမှန်ဆိုရင် အလုပ်ရှုပ်နေလို့ဆိုတဲ့ အကြောင်းပြချက်ပေါင်းများစွာနှင့် အားကစားခန်းမကို မသွားဖြစ်တတ်ကြပါဘူး။ တစ်ပတ်နှစ်ခါလောက်တော့ ခန်းမသွားပြီး လေ့ကျင့်ခန်းလုပ်ဖြစ်အောင် တိုက်တွန်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

 

သဘာဝ အလှကုန်ပစ္စည်း
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အလှအပကို မနှစ်သက်တဲ့သူရယ်လို့ မရှိတာမို့ သင့်လက်ဆောင်ကို သဘောကျမယ်ဆိုတာ အသေအချာပါပဲ။ သဘာဝကရတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေဟာ ဓာတုဆေးဝါး ကင်းစင်တဲ့အတွက် ကျန်းမာရေးနှင့် အလှအပကို ထိခိုက်မိမှာ စိတ်ပူစရာ မလိုပါဘူး။ ပိုပြီး စိတ်ကူးယဉ်ဆန်ချင်တယ်ဆိုရင်တော့ အွန်လိုင်းက ရှာဖွေလေ့လာပြီး သဘာဝ ဆန်ပြာ လှလှလေးတွေ ကိုယ်တိုင်ပြုလုပ်ပေးနိုင်ပါတယ်။ 

 

ခရီးသွားခေါင်းအုံး
သင်ချစ်ခင်ရတဲ့သူက ခရီး မကြာခဏ ထွက်ရတဲ့သူ ဖြစ်နေရင်တော့ ခရီး သွားခေါင်းအုံးလေးကို လက်ဆောင်အဖြစ် ရွေးချယ်လိုက်ပါ။ ခရီးသွားခေါင်းအုံးဟာ လည်ပင်းနဲ့ ခေါင်းကို ထောက်ပ့ံပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ခရီးသွားစဉ် မှာဖြစ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပြီး လည်ပင်းနာတာတွေ မဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။ ခရီးသွားတိုင်း လက်ဆောင်ကို အတူယူပါသွားနိုင်မှာဖြစ်လို့ ခရီးသွားစဉ်တစ်လျှောက် သင့်ကို သတိတရရှိနေမှာ အသေအချာပါပဲ။

 

Spa အတူတူ သွားခြင်း
သင်ချစ်ရသူကို ခေါ်ပြီး Spa သွားကာ အတူတကွ အနှိပ်ခံကြည့်ပါ။ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောကြရင် ရင်းနှီးမှု ပိုတိုးပါတယ်။ အနှိပ်ခံတာဟာ ပင်ပန်းသမျှကို ပြေပျောက်စေတဲ့အပြင် စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေပါတယ်။ သင်ကိုယ်တိုင်အတူတကွ သွားရောက်ပေးဖို့ အချိန်မရခဲ့ရင် နာမည်ကြီး Spa တစ်ခုခုရဲ့ အဖွဲ့ဝင်ကတ်ကို လက်ဆောင်အဖြစ် ပေးနိုင်ပါတယ်။

 

အနမ်း
ချစ်ခင်ကြောင်း ပြသရာမှာ မပါမဖြစ်တဲ့လက်ဆောင်ကတော့ အနမ်းပါ။ နမ်းတာဟာ ခန္ဓာကိုယ်အတွင်း အောက်ဆီတိုဆင်ထွက်တာကို အားပေးပြီး ကယ်လိုရီ အများအပြား ကို လျောင်ကျွမ်းစေနိုင်တာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တာစတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။ ဒါ့ကြောင့် သင်ချစ်ခင်ရတဲ့သူကို ကျန်းမာရေး ကောင်းမွန်စေမယ့် အနမ်းလေးတွေ ပေးလိုက်ပါ။


Credit:
မေလေး (ဆေးဝါး)
Arogyam magazine, No.286, May 2016, Pg. 46-48



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18