အမာရွတ်ပျောက်ဆေး
13-Mar-2019
အမာရွတ်ဆိုတာ
တကယ်တော့ အမာရွတ်ဆိုတာ အစားထိုးပစ္စည်းတစ်ခုပါ။ အနာဖြစ်လို့ ပျက်စီးသွားတဲ့ အရေပြားနေရာကို အစားထိုးထားတဲ့ ပစ္စည်းဆိုပါတော့။ ဒါပေမဲ့ အဲဒီအစားထိုးပစ္စည်းဟာ ပုံမှန်အရေပြားရဲ့ ဖွဲ့စည်းပုံနဲ့ အရည်အသွေးကွာခြားနေတာကြောင့် ရုပ်ဆိုးသွားစေတာပါ။ ဆေးပညာ ဝေါဟာရအရ အမာရွတ် (Scar) ကို ဖိုက်ဘရိုးစစ် (Fibrosis) လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ကိုလာဂျင် (Collagen) အမျှင်တွေချည်း သက်သက်ပဲရှိနေတဲ့ပစ္စည်းပေါ့။
အရေပြားရဲ့ အလယ်လွှာထဲမှာ ပုံမှန်ရှိနေတဲ့ ကိုလာဂျင်တွေဟာ ဝါးတောင်းတစ်လုံးကို ဝါးမျှင်တွေနဲ့ ယှက်ထားသလို ကျစ်ကျစ်လစ်လစ်ရှိပေမယ့် အမာရွတ်ထဲက ကိုလာဂျင်အမျှင်တွေကတော့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ယှက်နွယ်မနေဘဲ အလျားလိုက် မျဉ်းပြိုင်တန်းနေတာပါ။ ဒါကြောင့် ပုံမှန်အရေပြားလောက် အကြမ်းပတမ်းမခံနိုင်ပါဘူး။ နောက်ပြီး အမာရွတ်မှာ အရေပြားရဲ့အပေါ်လွှာဆိုတာလည်း ပါးပါးလေးပဲ ရှိတာလေ။
ဒါကြောင့် နေရောင်ဒဏ်လည်း မခံနိုင်ရှာပါဘူး။ ဒါ့အပြင် အမာရွတ်ထဲမှာ ချွေးအိတ်တို့၊ ဆံခြည်အိတ်တို့ မရှိတော့တာမို့ ချွေးလည်းမထွက်၊ အမွှေးအမျှင်လည်း မပေါက်တော့ပါဘူး။ ပုံမှန်အရေပြားမှာရှိတဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အီလတ်စတင် (Elastin) အမျှင်လည်း အမာရွတ်မှာ မရှိပါဘူး။ ဒီတော့ ရှင်းအောင်ပြောရရင် အမာရွတ်ဆိုတာ သစ်မရခင်စပ်ကြား၊ ဝါးပေါင်းကွတ်တာနဲ့ ဆင်တူပါတယ်။ အရည်အသွေးနိမ့်ပစ္စည်းနဲ့ ခေတ္တအစားထိုးလိုက်ရတဲ့သဘောပါပဲ။
အမာရွတ်အမျိုးမျိုး
အတွေ့များတဲ့ အမာရွတ်ကတော့ အရေပြားနဲ့မျက်နှာပြင် တပြေးညီရှိတဲ့ အမာရွတ်တွေပါ။ အရေပြားပေါ်ကိုလည်း သိသိသာသာ မဖောင်းကြွ၊ အရေပြားအောက်လည်း သိသိသာသာချိုင့်ဝင်မသွားဘဲ အမာရွတ်မျိုးပေါ့။ ဒါပေမဲ့ အရောင်အဆင်းက သာမာန်အရေပြားလိုမဟုတ်တော့ မြင်တာနဲ့သိသာပါတယ်။
နောက်တစ်မျိုးကတော့ အရေပြားအောက်ကို ချိုင့်ဝင်နေတဲ့ အမာရွတ်မျိုးပါ။ အလွယ်ဥပမာပေးရရင် ဝက်ခြံအမာရွတ်တို့၊ ရေကျောက်အမာရွတ်တို့ပေါ့။ မျက်နှာမှာဆို သနပ်ခါးတွေ၊ မိတ်ကပ်တွေနဲ့ တော်တော်ဖို့ယူရတဲ့ အမာရွတ်တစ်မျိုးကတော့ ဖောင်းကြွအမာရွတ်ပါ။ အရေပြားပေါ်မှာ သိသိသာသာ ပြူးတူးပြဲတဲနဲ့ မို့မောက်နေတဲ့အမာရွတ်မျိုးပါ။ မီးလောင်နာတွေ ကျက်သွားရင် ဒီလိုအမာရွတ်ကြီးတွေ ကျန်တတ်သလို နားဖောက်တာလေးနဲ့လည်း အခန့်မသင့်ရင် အမာရွတ်အထူကြီးတွေ ကြုံရနိုင်ပါတယ်။ နောက်အမာရွတ်တစ်မျိုးကတော့ အကြောပြတ်တဲ့အရာတွေပါ။
ဝလွန်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ စတီးရွိုက်ဆေး အလွန်အကျွံ သုံးစွဲသူတွေမှာ ကြုံရတတ်တဲ့ အကြောပြတ်အစင်းတွေပေါ့။ ဒီအလှပျက်တဲ့ အကြောပြတ်ရာတွေကလည်း ကိုလာဂျင်တွေ ပျက်စီးသွားလို့ ဖြစ်ရတာပါ။ ဒီလိုအကြောပြတ် အမာရွတ်တွေက အများမမြင်နိုင်တဲ့ ဂျိုင်း၊ ရင်သား၊ ဗိုက်၊ ပေါင်ခြံ စတဲ့ နေရာတွေမှာ တွေ့ရတတ်တာမို့ တော်သေးတာပေါ့။
အမာရွတ်ပျောက်ချင်တယ်
အမာရွတ် အတော်များများဟာ သူ့အလိုလို မပျောက်တော့ဘဲ စွဲမြဲထင်ကျန်ရစ်ခဲ့တာကြောင့် အမာရွတ် ပျောက်စေကြောင်း နည်းလမ်းကို ရှာပုံတော် ဖွင့်ကြပါတော့တယ်။ ဒီတော့ အလွယ်ဝယ်လို့ရနိုင် အမာရွတ်ပျောက်ဆေး ဆိုတာတွေလည်း အလုပ်ဖြစ်ကြပါလေရော။ အမှန်တော့ အမာရွတ်တွေ လျော့ပါးသက်သာအောင် လမ်းဆေးတွေထက် တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။
အမာရွတ်အမျိုးအစား အတိမ်အနက်၊ အရွယ်အစားပေါ် မူတည်ပြီး ကုထုံးတွေ အမျိုးမျိုး ရှိနေတာပါ။ အလှပြင်ခွဲစိတ်နည်း၊ အရေပြားပွတ်တိုက်တဲ့နည်း၊ အမာရွတ် ဓာတုဗေဒ ပေါင်းတင်နည်း၊ ဓာတ်ရောင်ခြည်၊ လေဆာရောင်ခြည်နဲ့ ကုတဲ့နည်း၊ အင်မတန်သေးငယ်တဲ့ အပ်လေးတွေနဲ့ ထိုးစိုက်တဲ့နည်း စတဲ့နည်းလမ်းအဖြာဖြာရှိပါတယ်။ ဒီနည်းလမ်းတွေကို အလျင်စလို လုပ်စရာတော့ မလိုပါဘူး။
ဘာလို့လဲဆိုတော့ အရေပြားနဲ့ တပြေားညီဖြစ်နေတဲ့ သာမာန်အမာရွတ်အများစုဟာ အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်ကွယ်ပျောက်သွားတတ်တာမို့ပါ။ နေပူရှောင်တာ၊ အစိုဓာတ် ထိန်းလိမ်းခရင်မ် လိမ်းပေးတာတွေ ပြုလုပ်ပါက တဖြည်းဖြည်းလျော့ပါး သက်သာလာနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချို့လည်း အမာရွတ်ကို မြန်မြန်ပျောက်ချင်ဇောနဲ့ အမာရွတ်ပျောက်ဆေးခရင်မ်တွေ လိမ်းလေ့ရှိပါတယ်။
အမာရွတ်ပျောက်ဆေးခရင်မ်တွေ
ဈေးကွက်ထဲမှာ ဒီဆေးတောင့်တွေ ပလူပျံနေအောင် တွေ့နေရပါပြီ။ မျက်နှာပေါ်က ဝက်ခြံအမာရွတ်၊ ခြေလလုံးမှာ ခြင်ကိုက်လို့ ကုတ်ရာက ကျန်ခဲ့တဲ့ အမာရွတ်၊ နဖူးပေါ်က ရေကျောက်အမာရွတ် စသည်ဖြင့် အမာရွတ်တွေက ရှိနေကြတာကိုး။ တကယ်တော့ အမာရွတ်ပျောက်ဆေး အများစုရဲ့ ဦးတည်ချက်က နှစ်ကြာပြီး အခြေတည်ပြီးသား အမာရွတ်ကို လျော့ပါးသက်သာစေတာထက် အနာအကျက်မြန်စေဖို့ အနာကျက်သွားရင်လည်း အမာရွတ်မကျန်စေဖို့ပါပဲ။ ရှိပြီးသား အမာရွတ်နုနုတွေကို လျော့ပါးသက်သာစေဖို့ဆိုရင်လည်း အချိန်အကြာကြီး လိမ်းပေးရတာပါ။
တစ်ချို့ အမာရွတ်တွေဆို ခြောက်လလောက်ထိ နေ့စဉ် တစ်နေ့ နှစ်ကြိမ် သုံးကြိမ်လောက် လိမ်းကာမှ ကြည့်ပျော်ရှုပျော် အဆင့်ရောက်တာမျိုးမို့ ငွေကုန်ကြေးကျ များနိုင်ပါတယ်။ ဇွဲရှိဖို့လည်း လိုတာပေါ့။ ဒါပေမဲ့ အမာရွတ်က ကြီးလေ၊ ဒါမှမဟုတ် သက်တမ်းကြာလေ ပျောက်ဖို့ခက်လေပါပဲ။ ပျောက်နိုး၊ ပျောက်နိုးနဲ့ လိမ်းရင်းနဲ့ပဲ အကျိုးမထူးတာတွေ ရှိနိုင်ပါတယ်။
အမာရွတ်ပျောက်ဆေးမှာ ဘာတွေပါ
လိမ်းဆေး အများစုမှာ ဗီတာမင်အီး ပါလေ့ရှိပါတယ်။ ရောင်ရမ်းမှု လျော့ပါးစေတဲ့ အင်တီအောက်ဆီးဒင့်အစွမ်း ရှိလို့ပါ။ ရောင်ရမ်းမှု လျော့ပါးစေတဲ့ အင်တီအောက်ဆီးဒင့်အစွမ်း ရှိလို့ပါ။ ရှားစောင်းလက်ပတ် (Aloe Vera) ကတော့ မပါမဖြစ် ဇာတ်လိုက်ပါ။ သူလည်း ရောင်ရမ်းမှုကို သက်သာစေတဲ့အပြင် အစိုဓာတ်ထိန်းပေးတဲ့ စွမ်းပကားရှိပါတယ်။ ဗီတာမင် ဘီ သုံး (B3) လည်း မပါမဖြစ်ပါ။
သူက ဝက်ခြံတွေကို လျော့ပါးစေတဲ့အပြင် အရောင်ရင့်တာကို ဖျော့စေတဲ့ ပစ္စည်းရှိတာမို့ အမာရွတ်ရဲ့ အရောင်ကို မှိန်သွားစေပါတယ်။ အေလီယမ်စက်ပါ (Allium Cepa Extract) ဆိုတဲ့ ကြက်သွန်နီက ထုတ်ထားတဲ့ ဓာတ်တစ်မျိုးလည်း အမာရွတ်ပျောက်ဆေးတိုင်းလိုလိုမှာ ပါလေ့ရှိပါတယ်။
ရောင်ရမ်းမှုကို လျော့ပေးတဲ့အပြင် ကလာပ်စည်းအသစ်ဖြစ်မှုကို လျော့ပေးတာကြောင့် အမာရွတ်ရဲ့အထူနဲ့အရွယ်အစားကို ကျုံ့ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ နောက်ပြီး ပိုးသေစေတဲ့အစွမ်းလည်း ရှိဆိုပဲ။ တောရိုင်းပန်းတစ်မျိုးက ထုတ်လုပ်ထားတဲ့ အလန်တွိုင်း ( Allantoin) ဓာတ်ဟာလည်း အစိုထိန်းတဲ့သတ္တိနဲ့ ယားယံမှုကို လျော့ပါးစေတဲ့သတ္တိတို့ကြောင့် အနာမြန်မြန်ကျက်စေပြီး အမာရွတ်ပြဿနာ နည်းပါးစေတယ်လို့ ဆိုပါတယ်။
ဒီလိုအဓိကဓာတ်ပစ္စည်းတွေအပြင် မြင်းခွာရွက်၊ မင်းဂွတ်သီး စတဲ့သဘာဝအသီးအနှံတွေက ထုတ်ယူထားတဲ့ အဆီအနှစ်တွေလည်း တစ်ချို့အမာရွတ်ပျောက်ဆေးတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ထုနဲ့ထည်နဲ့ အခြေချပြီးသား အမာရွတ်တွေ သက်သာစေဖို့ သိပ်ပြီးမလွယ်လှပါဘူး။ ဒီတော့ အခြားနည်းလမ်းတွေကို လိုအပ်သလို သုံးကြရမှာပါ။
အမာရွတ်ထဲ ဆေးထိုးမယ်
ဖောင်းကြွအမာရွတ်ထူထူကြီးတွေကတော အလွန်ရုပ်ဆိုးစေတဲ့အပြင် အချိန်ဘယ်လောက်ကြာကြာ သူ့အလိုလို ကျုံ့မသွားပါဘူး။ ပွတ်လို့၊ ကုတ်လို့ ရှိရင် ပိုလို့တောင် ကြီးလာ၊ပြန့်လာတာမျိုး ကြုံရပါတယ်။ ဒီလို အမာရွတ်မျိုးတွေကျတော့ စောစောက ပြောခဲ့တဲ့နည်းလမ်းတွေနဲ့လည်း သိပ်ပြီး အရာမရောက်ပါဘူး။ နောက်ပြီး ခွဲစိတ်ကုသလို့လည်း မရပါဘူး။ ခွဲလိုက်ရင် ချုပ်ရိုးရာ နေရာမှာ အရင်ထက်ကြီးတဲ့အမာရွတ်ထူထူကြီးပဲ ပြန်ပေါ်လာတတ်လို့ပဲ။ နား၊ မေးရိုး၊ ပုခုံး၊ ကျောနဲ့ ရင်ဘတ်အပေါ်ပိုင်းတွေမှာ ဖောင်းကြွအမာရွတ်အသီးကြီးတွေ အတွေ့များပါတယ်။
အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကတော့ အဲဒီအမာရွတ်ထဲကို စတီးရွိုက်ဆေးတစ်မျိုးကို ထိုးပေးတဲ့နည်းပါပဲ။ အမာရွတ်ရဲ့ အရွယ်အစား တဖြည်းဖြည်း ကျုံ့လှီသွားပေမယ့် ပင်ကိုအရေပြားရဲ့ အရောင်အသွေးတော့ ပြန်မဖြစ်တော့ပါဘူး။ ဆေးထိုးရင် အနည်းနဲ့အများ နာတာရယ် နောက်ပြီးကြာတော့ ပြန်ကြီးလာတတ်တွေကြောင့် ဒီနည်းလမ်းကိုလည်း တစ်ချို့လူနာတွေက မကြိုက်လှပါဘူး။ လက်မခံဘူးဆိုပါတော့။
ခွဲစိတ်တဲ့နည်း
ရုပ်ဆိုးအကျည်းတန်တဲ့ အမာရွတ်တွေကို ကြည့်ပျော်၊ ရှုပျော်ဖြစ်အောင် ခွဲစိတ်ပြုပြင်တဲ့နည်းတွေ ရှိပါတယ်။ နောက်ပြီး အရိုးအဆစ်တွေကို ဆွဲပြီး တွယ်ကပ်နေတဲ့ အမာရွတ်ထူထူကြီးတွေကိုလည်း ခွဲစိတ်တဲ့နည်းတွေနဲ့ပဲ လှုပ်ရှားမှု ပြန်ကောင်းအောင် ကူညီနိုင်ပါတယ်။ ခုတ်မိ၊ ရှမိ ခိုက်မိတိုက်မိတဲ့အနာကို မချုပ်ဘဲထားခဲ့ရာက ကျန်ခဲ့တဲ့ မလှမပ အမာရွတ်မျိုးတွေကိုလည်း ခွဲစိတ်ပြီး ကုစားနိုင်ပါတယ်။
အထူးသဖြင့် မျက်နှာပေါ်မှာ ဘဝတစ်သက်တာ ပါသွားမယ့် အမာရွတ်မျိုးတွေပေါ့။ အမာရွတ်ကို ဖယ်ထုတ်ပြီး အရေပြားနဲ့အစားထိုး ပြုပြင်တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အလှအပခွဲစိတ်မှု အထူးကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်များနှင့်သာ တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။ နောက်ပြီး အမာရွတ်ထူထူဖောင်းဖောင်းကြီးတွေကိုတော့ ခွဲစိတ်တဲ့နည်းနဲ့ ကုသရင် ဆိုးကျိုးမကင်းလှပါဘူး။
ဓာတုဗေဒ ပေါင်းတင်ခြင်း
အရေပြား ပွတ်တိုက်တဲ့နည်းနဲ့ ရည်ရွယ်ချက် ခပ်ဆင်ဆင်တူတာကတော့ Chemical Peeling ဆိုတဲ့ ဓာတုဗေဒ ပေါင်းတင်တာပါ။ ပြင်းအားပျော့ အက်စစ်တွေကိုသုံးပြီး အရေပြားရဲ့ အပေါ်လွှာက ကလာပ်စည်းအဟောင်းတွေကို ရှင်းထုတ်ပြီး ကလာပ်စည်းအသစ်တွေနဲ့ အစားထိုးစေတဲ့နည်းပါ။
အရေပြားကို နုပျိုလန်းဆန်းစေတဲ့အပြင် အသားမညီတဲ့ ပြဿနာ၊ ဝက်ခြံအမာရွတ်ပြဿနာတွေကိုလည်း လျော့နည်းသက်သာစေပါတယ်။ ဒီနည်းလမ်းဟာလည်း ဓာတုဗေဒပစ္စည်းတွေ အသုံးပြုရတာမို့ အတွေ့အကြုံရှိသူ၊ ကျွမ်းကျင်သူတွေနဲ့သာ ပြုလုပ်သင့်ပါတယ်။ တစ်ကြိမ်တည်းနဲ့ မပြီးပြတ်တာမို့ တစ်လတစ်ကြိမ်လောက် လိုအပ်သလို လုပ်သွားရတာပါ။
ကိုလာဂျင်ထိုးတဲ့နည်း
ချိုင့်ဝင်နေတဲ့ အမာရွတ်တွေကို ပြန်ဖြည့်လာအောင် အရေပြားအောက်ကို ကိုလာဂျင်ထိုးပေးနည်းပါ။ အချိုင့်ကို ဖြည့်ပေးတဲ့နည်းမို့ ဖီလာ (Filler)ထိုးတယ်လို့ အသိများကြပါတယ်။ ကိုလာဂျင်အပြင် Hyaluronic အက်စစ်ကိုလည်း သုံးကြပါတယ်။ ဒီဖြည့်ဆေးတွေကို ချိုင့်ခွက်အမာရွတ်တွေ ဖြည့်ဖို့ထက် မျက်နှာပေါ်က အရေးအကြောင်း၊ အတွန့်အခေါက်တွေ ပျောက်ပြီး ငယ်မူပြန်အောင် လုပ်ရမှာ သုံးကြတာပါ။ ပစ္စည်းကောင်းကောင်းသုံးရင် တစ်ခါထိုးထားရုံနဲ့ တစ်သက်လုံး ကြာကြာကြီးနေပါတယ်။ ကျွမ်းကျင်သူတွေနဲ့သာ ဒီကုထုံးကို ခံယူဖို့တော့ လိုပါတယ်။
လေဆာကုထုံး
နေရာတကာ လေဆာပါ လို့တောင် ပြောရမလိုပါပဲ။ ဝက်ခြံအမာရွတ်တွေ၊ ဖောင်းကြွအမာရွတ်တွေကို လျော့ပါးသွားအောင် ကုသနိုင်ပါတယ်။ ဦးတည်ချက်ကတော့ မကောင်းတဲ့ကလာပ်စည်းတွေ ဖယ်ထုတ်ရင်း ကိုလာဂျင်အသစ်တွေ များလာအောင် လှုံ့ဆော်ပေးတာပါပဲ။ လေဆာစက်တွေက အမျိုးမျိုး၊ အမာရွတ်တွေက အမျိုးမျိုးမို့ မှန်ကန်တဲ့နည်းလည်းကို သုံးနိုင်မှသာ အကျိုးရှိမှာပါ။ အမာရွတ်အားလုံးကို စက်တစ်မျိုးတည်းနဲ့ စွယ်စုံသုံးလို့ အဆင်မပြေပါဘူး။
ဘယ်နည်းကို ရွေးမလဲ
ဆေးမကုမီပုံနဲ့ ဆေးကုပြီးပုံတွေ ယှဉ်ပြပြီး အမာရွတ်ပျောက်ဆေးတွေကို ကြော်ငြာနေကြတာ အများကြီးပါ။ တခြားအမာရွတ်ကုထုံးတွေကိုလည်း ဒီလိုပဲ ပုံတွေပြပြီး ဆွဲဆောင်တတ်ပါတယ်။ အမှန်တော့ ခုဆွေးနွေးခဲ့သလို ရွေးချယ်စရာ ကုသနည်းတွေ အများကြီးမို့ ကိုယ့်ရဲ့အမာရွတ်ပြဿနာနဲ့ သင့်လျော်မယ့်နည်းလမ်းကိုသာ သုံးစေချင်ပါတယ်။ အမာရွတ်ရဲ့ အမျိုးအစား၊ အရွယ်အစား အတိမ်အနက်၊ အနုအရင့်၊ တည်နေရာတွေအပြင် ကိုယ်ရဲကဓနအင်အားကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။
ငွေကုန်ခံနိုင်ပေမယ့် အမှန်တကယ် အကျိုးရှိမရှိ အန္တရာယ်ကင်း၊ မကင်း စတာတွေကိုလည်း ထည့်တွက်ရမှာပါ။ ဒီတော့ အမာရွတ်တွေ လျော့ပါးသက်သာသွားစေဖို့ ကုသမှုမခံယူမီ အရေပြား ဆရာဝန်တွေ၊ ခွဲစိတ်ဆရာဝန်တွေ၊ အတွေ့အကြုံရှိတဲ့ အလှအပပညာရှင်တွေကို တိုင်ပင်သင့်ပါတယ်။ အမာရွတ်ဆိုတာ ဖြစ်တာကလွယ်ပေ၊ မြန်ပေမယ့် ပျောက်ဖို့ကျတော့ ခက်လည်းခက်၊ နှေးလည်းနှေးတာမို့ စိတ်ရှည်ရှည် ထားကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။
Credit : ဒေါက်တာ ဦးကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
