အသည်းရောင်အသားဝါဘီရောဂါပိုးနှင့် ကိုယ်ဝန်ဆောင်စဉ်ပြဿနာများ
20-Apr-2019
အသည်းရောင်အသာဝါဘီပိုး ရှိသူများမှာ ကမ္ဘာတဝန်းလုံးတွင်
လူဦးရေ သန်းပေါင်း ၃၅ဝ ခန့် ရှိနေပြီးဖြစ်ပါသည်။ ထိုသူများအနက် ၁၅ ရာခိုင်နှုန်းမှ
၂၅ ရာခိုင်နှုန်းခန့်မှာ ဘီရောဂါပိုး၏ နောက်ဆက်တွဲ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းကြောင့်
သေဆုံးရပါသည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့် “ဘီ” ရောဂါပိုး
ကူးစက်ခံရသူများမှာနာတာရှည် အသည်းရောင်ရောဂါဖြစ်ဖို့ပိုမို
အခွင့်အလမ်းများပါသည်။ မွေးပြီးပြီးချင်း ဖိခင်မှ ရင်သွေးငယ်သို့ ကူးစက်ခံရသူများအနက်
၂၅ ရာခိုင်နှုန်းခန့်မှာ နောင်တစ်ချိန် အသည်းခြောက်၊ ကင်ဆာရောဂါများကြောင့် သေဆုံးရသည်ဟု
လေ့လာချက် စာတမ်းများအရ သိရပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များတွင် အသည်းရောင်ဘီရောဂါရှိမရှိ
စစ်ဆေးပြီး ဘီရောဂါပိုး ကူးစက်ခံထားရသူ မိဘများမှ ရင်သွေးငယ်ကို ရောဂါမကူးစက်ရအောင်
ကာကွယ်ထားနိုင်ပါက ထိုရင်သွေးငယ်များအတွက် အလွန်အကျိုးရှိနိုင်
ပါသည်။ ဘီရောဂါပိုး ကူးစက်ခံရသူ အမျိုးသမီးများသည် အိမ်ထောင်လည်းပြုနိုင်သည်။
ကလေးလည်းမွေးနိုင်ပါသည်။ သို့သော် မိမိမှ မိမိရင်သွေးသို့ ဘီရောဂါပိုးမကူးစက်အောင်
စနစ်တကျ ကာကွယ်ထားဖို့လိုအပ်ပါသည်။
ဘီရောဂါပိုးရှိနေသူ မိခင်တစ်ဦးသည် ကိုယ်ဝန်ရှိလာပါက ဘီရောဂါပိုး
ပိုဆိုးလာသည့် အထောက်အထားများ မတွေ့ရပါ။ အသည်းမှထွက်သော အသည်းအင်ဇိုင်း (ALT,AST) များ
ခေတ္တမြင့်လာသည်မှလွဲ၍ ဆိုးဆိုးဝါးဝါး အသည်းထိခိုက်သည့် လက္ခဏာများမဖြစ်တတ်ပါ။ သို့သော်
တချို့သောမိခင်များတွင် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်နှုန်းအနည်းငယ် ပိုများလာသည်ကို
တွေ့ရပါသည်။ အသည်းရောင်ဘီပိုးသည်ကိုယ်ဝန်ဆောင်စဉ် မိခင်မှ ရင်သွေးသို့ ကူးစက်ခြင်း
နည်းပါသည်။ အချင်းကိုဖြတ်ပြီး သွေးမှတစ်ဆင့် ကူးနိုင်ခြေမှာ ၁ဝ ရာခိုင်နှုန်းထက် နည်းပါသည်။
ရေမြွှာပေါက်စဉ် ကူးစက်မှုမှာလည်း အလွန်နည်းပါသည်။ အများစုမှာ မွေးဖွားစဉ်ကာလ၊ ကလေးငယ်နှင့်
မိခင်၏ သွေးများထိမိပြီး ကူးစက်ခြင်းဖြစ်ပါသည်။ အမေတွင် HBe Contigen Positive ဖြစ်ပါက
ကူးစက်နှုန်းအထိရှိပြီး HBe Contigen Possitive ဖြစ်ပါက ကူးစက်နှုန်း ၃ဝ ရာခိုင်နှုန်း
ထိရှိပါသည်။ တစ်နည်းအားဖြင့်ဆိုသော် အမေတွင်ဗိုင်ရပ်စ်ပိုးများရှိပါက
ရင်သွေးငယ်သို့ ပိုမိုကူးစက်နိုင်ခြင်း ဖြစ်ပါသည်။
သုတေသနပြုချက်များအရ ကလေးမွေးဖွားရာတွင် ရိုးရိုးမွေးလမ်းကြောင်းမှပဲ မွေးမွေး၊ ခွဲမွေးမွေး ဘီရောဂါပိုး ကူစက်နှုန်းမှာ အတူတူပင်ဖြစ်သည်ကို တွေ့ရပါသည်။ တစ်နည်းဆိုသော် ကလေးမွေးဖွားပုံ နည်းစနစ်သည် ဘီရောဂါပိုး ကူးစက်နှုန်းနှင့် သက်ဆိုင်မှုမရှိဟု ပြောလိုပရပါသည်။ ဘီရောဂါပိုးသည် မိခင်၏ နို့ထဲတွင် အနည်းငယ် ပါဝင်နိုင်ပါသည်။ ထို့အတူအမေကို တိုက်သောဘီရောဂါပိုးသတ်ဆေးများလည်း နို့ရည်ထဲတွင် ပါဝင်နိုင်ပါသည်။ ကလေးငယ်သည် မွေးပြီးပြီးချင်း စနစ်တကျ ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ပါက မိခင်၏နို့ကို စိတ်ချစွာ တိုက်ကျွေးနိုင်ပါသည်။ မိခင်နို့တိုက်ခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးမှာ အလွန်များသဖြင့် မိခင်၏ နို့သီးခေါင်းတွင် သွေးထွက်နိုင်သော ကွဲ၊ ရှရာများ မရှိပါက ဘီရောဂါပိုးရှိနေသော မည်သည့်မိခင် ကလေးမဆို နို့ချိုတိုက်ကျွေးသင့်ကြောင်း အကြံပြုပါသည်။
အမေမှကလေးသို့ ဘီရောဂါပိုးကူးစက်ခြင်းသည် အမေ၏ သွေးအတွင်း၌ရှိသော
ဘီပိုးကောင်ရေ (viral coad) အနည်းအများနှင့် သက်ဆိုင်နေသည်ကို တွေ့ရှိရပါသည်။
မွေးဖွားခါနီ မိခင်၏ သွေးအတွင်း ပိုးကောင်ရေကို အနိမ့်ဆုံးအထိ
လျှော့ချနိုင်ပါက အမေမှ ကလေးငယ်သို့ ဘီရောဂါပိုး ကူးစက်နှုန်းကို လျှောချနိုင်မည်ဟု
သိလာကြပါသည်။ ထို့အတွက်ကြောင့် ကိုယ်ဝန်တစ်ပတ်ကျော်လာပါက မိခင်ကို ဘီရောဂါပိုးသတ်ဆေးများ
စတင်ပေးပြီး ကုသမှုကို စတင်လာကြပါသည်။ ထိုပိုးသတ်ဆေးများကို ကလေးမွေးပြီးတစ်လ၊ နှစ်လခန့်အထိ
ဆက်လက်ပေးထားဖို့ လိုပါသည်။ ထိုသို့ဆေးပေးထားပြီး ဆေးဖြတ်လိုက်လျှင် ဘီပိုးများ ပြန်ပြီး ထွက်လာတတ်သဖြင့်တချို့သော
ရောဂါရှင်များအတွက် လိုအပ်ပါက ဘီပိုးသေဆေးများ ဆက်ပေးထားရပါသည်။
ကလေးငယ်အတွက် မွေးပြီးပြီးချင်း (Hepatitis B
immunoglobulin) HBIG ဟုခေါ်သော ဘီပိုးကာကွယ်ဆေး immunoglobulin 200 IU စပေးရပါမည်။
ဤ Passive immunization ဟုခေါ်သော immunoglobulin သည် မတော်တဆ မိခင်၏ သွေးများထိမိပြီး
ရင်သွေး၏ ခန္ဓာကိုယ်အတွင်း ရောက်ရှိလာသော ဘီပိုးများကို သတ်ပေးနိုင်သဖြင့် သုံးလခန့်
အာနိသင်ရှိပါသည်။ လိုအပ်ပါက နှစ်လခန့်အကြာ immunoglobulin တစ်လုံးထပ်ပြီးထိုးနိုင်ပါတယ်။
ဒုတိယအချက်မှာ ကလေးကိုမွေးပြီး ၁၂ နာရီအတွင်း
Active immunization ခေါ် ဘီပိုးကာကွယ်ဆး 0.5 ml ထပ်ထိုးပေးရပါမည်။ မွေးမွေးပြီးချင်း ထိုးပေးပါက တစ်လအကြာ၊ နှစ်လအကြာ၊
တစ်နှစ်အကြာ တစ်လုံးစီ စုစုပေါင်းလေးလုံးထပ်ပြီး ထိုးနိုင်ပါသည်။ ဤကာကွယ်ဆေးမှာ ကလေး၏
တစ်သက်တာ ဘီပိုးမကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ဘီရောဂါပိုးရှိနေသူ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည်
ကိုယ်ဝန်ဆောင်စဉ် အသည်းကို ထိခိုက်နိုင်မည့်ဆေးဝါး၊ အစားအသောက်၊ အရက် စသည်တို့ကို ရှောင်ရပါမည်။
မိမိ၏ အသုံးအဆောင်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးကိရိယာများ၊ ကိုယ်ပိုင်အသုံးအဆောင်များ
သီးသန့်ခွဲထားရပါမည်။ မိမိကို မွေးဖွားပေးမည့် ဆရာဝန်အား မိမိရောဂါအကြောင်း ပြောပြပြီး
စနစ်တကျစစ်ဆေး ကုသရပါမည်။ အသည်းရောင်အသားဝါ ရောဂါအကြောင်း သိရှိနားလည်အောင်ပြုလုပ် ထားရပါမည်။
ဆရာဝန်နှင့် မှန်မှန်ပြပြီး လိုအပ်ပါက ဘီရောဂါပိုးသတ်ဆေးများ သောက်သင့်လျှင် သောက်ရပါမည်။
မိမိမွေးဖွားလာမည့် ရင်သွေးအားလည်း HBIG ခေါ် ထိုးဆေးနှင့် Hepatitis B vaccine ကိုလည်း
မွေးပြီးပြီးချင်း မဖြစ်မနေ ထိုးပေးရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။
Ref:
ဒေါက်တာဦးဝင်းနိုင်
အသည်းရောဂါအထူးကုဆရာဝန်ကြီး
Health for all magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့်
ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄
နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။