Print

သွားပေါက်ခါစမှာ ဘယ်လိုဂရုစိုက်ရမလဲ

  22-Apr-2019
Preview Image


ကလေး ၆ လလောက်ရောက်ပြီဆိုရင် သွားစပေါက်လေ့ရှိပါတယ်။ ၂ နှစ်လောက်ရောက်ပြီဆိုရင်တော့ အပေါ်သွားရော အောက်သွားရောစုံပါပြီ။ စပေါက်ခါစ ကလေးတွေရဲ့သွားတွေ ကသေးသေးလေးတွေပါ။ ဒါပေမယ့် အရေးကြီးပါတယ်။ ကြီးသွား (အရွယ်ရောက်ပြီးလူတွေရဲ့သွား) တွေအတွက် အုတ်မြစ်ပါ။ သွားမကောင်းရင် ကလေးအနေနဲ့ အစာကိုကြေညက်အောင် ဝါးစားဖို့၊ စကားပီပီသသပြောဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါ့ကြောင့် သွားပေါက်ခါစကလေးရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ သွားပိုးမစားအောင် ကာကွယ်ဖို့အရေးကြီးပါတယ်။

သွားဖုံးကိုအရင်ဂရုစိုက်မယ်

အရင်ဆုံးသွားမပေါက်ခင်ကတည်းက သွားဖုံးကိုဂရုစိုက်ဖို့လိုပါမယ်။ သွားတိုက်တံ၊ သွားတိုက်ဆေးတွေ မလိုသေးပါဘူး။ တဘက်ကိုရေစွတ်ပြီးဒါမှမဟုက် ဂွမ်းလုံးကိုရေဆွတ်ပြီး သွားဖုံးကို ညင်ညင်သာသာသုတ်ပေးပါ။ တစ်ရက်ကိုအနည်းဆုံး ၂ ကြိမ်လောက်လုပ်ပေးပါ။ နို့တိုက်ပြီးချိန်၊ အစာကျွေးပြီးချိန်နဲ့ မအိပ်ခင်မှာ အဓိကလုပ်ပေးသင့်ပါတယ်။ ဒါမှသွားဖုံးမှာ တွယ်ကပ်နေတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားနိုင်မှာပါ။

သွားတိုက်တံကို ဘယ်အချိန်မှာစသုံးမလဲ

ပထမဆုံးသွားစပေါက်တာနဲ့ သွားတိုက်တံ သုံးပြီးစတိုက် လို့ရပါပြီ။ ပျော့ပျောင်းတဲ့အမျှင်ပါတဲ့ သွားတိုက်တံဖြစ်ဖို့ လိုပါတယ်။ ထိပ်ပိုင်းကသေးပြီး လက်ကိုင်ကကြီးမှ အဆင်ပြေပါမယ်။ အစပိုင်းတော့ သွားတိုက်တံကို ရေပဲစွတ်ပြီးတိုက်ပေးပါ။ သွား ၃၊၄ ချောင်းပေါက်လာပြီဆိုရင် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးကို ဆန်စေ့ပမာဏလောက်စပြီး သုံးပေးပါ။ ၃ နှစ်လောက် ရောက်ပြီဆိုရင်တော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို မြေပဲစေ့ပမာဏလောက် ထည့်တိုက်လို့ရပါပြီ။ သွားရဲ့အရှေ့ရောအနောက်ကိုပါ ဖွဖွလေးတိုက်ပေးပါ။ ကလေးကသူ့ ဘာသာသူ သွားတိုက်တံကိုကိုင်ပြီး တိုက်နိုင်တဲ့အထိ မိဘကတိုက်ပေးဖို့ လိုပါတယ်။ ၆ နှစ်လောက်ရောက်ရင်တော့ ကိုယ့်ဘာသာကိုယ် တိုက်နိုင်ပါပြီ။ ဒါပေမယ့် လူကြီးက ပြောစရာမလိုပဲ အာလုပ်ကျင်းတာ၊ ထွေးထုတ်တာတွေ လုပ်နိုင်တဲ့အထိသွား တိုက်တာကိုစောင့်ကြည့်ပေးဖို့တော့ လိုပါတယ်။ သွားပိုးစားခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အညိုစက်၊ အဖြူစက်လေးတွေရှိလားဆိုတာကို စောင့်ကြည့်ပေးပါ။ တွေ့ရင် သွားဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ သွားဆရာဝန်က ကလေးရဲ့သွားကိုဂရုစိုက်ပုံ၊ သွားပေါက်ပုံတို့ကို ရှင်းပြပေးနိုင်သလို သွားအတွက်လိုအပ်တဲ့ ဖလိုရိုက်အကြောင်း လက်မစုတ်တဲ့ ချိုလိမ်ကြိုက်တဲ့ ကလေးတွေအတွက် သင့်တော်တဲ့ အကြံတွေကိုလဲပေးနိုင်ပါတယ်။

သွားပေါက်ချိန်

ကလေး၂ နှစ်လောက်ရောက်မှ သွားတွေစုံအောင်ပေါက်တာပါ။ သွားဖုံးထဲကနေ သွားတွေထိုးထွက်ဖို့ ကြိုးစားနေတဲ့ ကာလဖြစ်တဲ့အတွက် တခါတလေကလေးကို မအီမသာဖြစ်စေပါတယ်။ အောက်ဖော်ပြပါနည်းတွေ၊ ပစ္စည်းတွေက ကလေးကို တစ်စုံတစ်ရာသက်သာစေပါတယ်။

- ကိုက်စရာကွင်း။ ကလေးကိုသန့်ရှင်းပြီး အေးမြတဲ့ ကိုက်စရာကွင်း ဒါမှမဟုက် လျှော်ဖွတ်ထားတဲ့ အဝတ်စ တစ်ခုခုကိုကိုက်ပါစေ။ ကလေးပါးစပ်ထဲဝင်ပြီး အသက်ရှူလမ်းကြောင်း ပိတ်စေလောက်အောင် သေးငယ်တဲ့ ပစ္စည်းကိုတော့ မပေးသင့်ပါဘူး။ အထဲမှာ အရည်တစ်ခုခုပါပြီး ပေါက်သွားနိုင်တဲ့ အရာမျိုးကိုလည်း မကိုက်ပါစေနဲ့။

- သွားဖုံးအားပွတ်ပေးခြင်း။ လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပြီး ကလေးရဲ့သွားဖုံးကို လက်ချောင်းနဲ့ ပွတ်ပေးပါ။

- အကိုက်အခဲပျောက်ဆေး။ ။ အကိုက်အခဲပျောက်ဆေးတွေကို လိမ်းဆေးအနေနဲ့တော့ သွားဖုံးကိုမလိမ်းသင့်ပါဘူး။ တံထွေးနဲ့ ထိပြီးလိမ်းတဲ့နေရာကနေ ဆေးချသလိုဖြစ်နိုင်သလို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ပါရာစီတမော အရည်လောက်ပဲတိုက်သင့်ပါတယ်။ အက်စ်ပရင်ကိုတော့ လုံးဝမတိုက်သင့်ပါဘူး။

သွားပိုးပေါက်မဖြစ်အောင်ကာကွယ်ခြင်း

ကလေးကိုသွားပိုးမစားဖို့ဆိုရင် နို့မှုန့်၊ မိခင်နို့နဲ့ရေပဲတိုက်သင့်ပါတယ်။ အသီးဖျော်ရည်၊ ဆိုဒါနဲ့ သကြားပါတဲ့ဖျော်ရည်တွေကို မတိုက်သင့်ပါဘူး။ သွားပိုးစားစေလို့ပါ။ အချိုရည်မှာပါတဲ့ သကြားတွေ သွားမှာကပ်ကျန်ခဲ့ရင် ဘတ်တီးရီးယားတွေ ကစားသုံးပြီးသွားကို ထိခိုက်စေမယ့် အက်ဆစ်တွေကို ထုတ်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ညအိပ်ခါနီးအချိန်မှာ ဒါမှမဟုတ် နေ့ခင်းဘက်တရေး မအိပ်ခင်မှာ ရေပဲတိုက်သင့်ပါတယ်။ ချိုလိမ်မှာသကြားလို ပျားရည်လိုချိုတဲ့အရည်တစ်ခုခု မသုတ်လိမ်းသင့်ပါဘူး။

ကလေးရဲ့ သွားကိစ္စအတွက် ဖေဖေ၊ မေမေတို့ သောကကင်းကြပါစေ။

Ref : ဒေါက်တာဉာဏ်ပေါ်
Source : Toddler Oral Health


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18