Print

ဖန်ပြွန်သန္ဓေသား

  03-May-2019
Preview Image

သဘာဝအတိုင်း မွေးဖွားခြင်း

ပုံမှန်ဆိုလျှင် မမျိုးဥနှင့် ဖိုသုတ်ကောင်သည် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းတွင် သန္ဓေအောင်ပါသည်။ သန္ဓေအောင်ပြီးသော မျိုးဥသည် သားအိမ်၏ အတွင်းနံရံတွင် အောင်မြင်စွာ တွယ်ကပ်နိုင်ပါက သန္ဓေသားအဖြစ် ဆက်လက်ဖွံ့ဖြိုးပြီး ၉ လ ကြာသောအခါ ကလေးမွေးဖွားပါသည်။ ၎င်းဖြစ်စဉ်ကို သဘာဝအတိုင်း မွေးဖွားခြင်း သို့မဟုတ် ပြင်ပအကူအညီမပါဘဲ မွေးဖွားခြင်းဟု ခေါ်ပါသည်။

ပြင်ပအကူအညီဖြင့် မွေးဖွားခြင်း သို့မဟုတ် ဖန်ပြွန်သန္ဓေသား


ဖန်ပြွန်သန္ဓေသားဆိုသည်မှာ ဓာတ်ခွဲခန်းအကူအညီဖြင့် ကလေးမွေးဖွားသည့် နည်းပညာဖြစ်ပါသည်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရရှိရန်အတွက် အထူးပြုလုပ်ထားသော ဆေးပညာဆိုင်ရာ နည်းပညာများကို အသုံးပြုခြင်းဖြစ်ပါသည်။ ဖန်ပြွန်
သန္ဓေသားမွေးဖွားခြင်းကို ၁၉၇၈ ခုနှစ်မှ စတင်၍ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ ကလေးမရနိုင်သော စုံတွဲများအား အခြားသော ငွေကြေးကုန်ကျသက်သာသည့် နည်းပညာများဖြင့် ကလေးရအောင် မပြုလုပ်နိုင်သောအခါ ဖန်ပြွန်သန္ဓေသား နည်းပညာကို အသုံးပြုရပါသည်။

ဖန်ပြွန်သန္ဓေသားဖန်တီးရန်အတွက် အဆင့် ၅ ဆင့်ရှိပါသည်။

အဆင့် (၁) - လှုံ့ဆော်ခြင်း

အမျိုးသမီး၏ ခန္ဓာကိုယ်မှ မမျိုးဥထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် အမျိုးသမီးအား သန္ဓေအောင်ရန် လှုံ့ဆော်သောဆေးများ တိုက်ကျွေးရပါသည်။ ပုံမှန်သဘာဝအတိုင်းဆိုလျှင် အမျိုးသမီးတစ်ဦးသည် တစ်လလျှင် မမျိုးဥတစ်လုံး ကြွေကျပါသည်။ သန္ဓေအောင်ရန် လှုံ့ဆော်သော ဆေးများသည် မမျိုးဥပေါင်း မြောက်မြားစွာကြွေကျအောင် လှုံ့ဆော်ပါသည်။ ဤအဆင့်တွင် တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound) ရိုက်ခြင်း၊ ဟော်မုန်းပမာဏ စစ်ဆေးခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ်ရပါမည်။

အဆင့် (၂) - မမျိုးဥထုတ်ယူခြင်း

အမျိုးသမီးခန္ဓာကိုယ်အတွင်းမှ မမျိုးဥများကို ထုတ်ယူရန်အတွက် (Follicular Aspiration) မျိုးဥစုပ်ယူခြင်း ပြုလုပ်ရပါသည်။ မျိုးဥစုပ်ယူခြင်း ပြုလုပ်ရာတွင် ဆေးရုံတက်စရာမလိုပါ။ ပြုလုပ်နေစဉ်အတွင်း မနာကျင်စေသော ဆေးဝါးများပေးထားမည်
ဖြစ်ပါသည်။ မျိုးဥစုပ်ယူခြင်း ပြုလုပ်နေစဉ်အတွင်း နေရာတိကျစေရန်အတွက် တယ်လီဗေးရှင်းဓာတ်မှန်ဖြင့် ကြည့်နေမည်ဖြစ်ပါသည်။ သေးသွယ်သော မျိုးဥစုပ်ယူသည့် ပိုက်ကို မွေးလမ်းကြောင်းမှတစ်ဆင့် သားဥပြွန်ကိုဖြတ်၍ သားဥအိမ်သို့ရောက်အောင် သွင်းလိုက်ပါသည်။ ထို့နောက် သားဥအိမ်အတွင်းမှ မမျိုးဥများကို စုပ်ယူလိုက်ပါသည်။ သားဥအိမ်နှစ်ဖက်စလုံးမှ မျိုးဥများကို တစ်လှည့်စီ စုပ်ယူပါသည်။ သားဥစုပ်ယူမှုပြီးသောအခါ ဝမ်းဗိုက်ပိုင်းတွင် နာကျင်မှု အနည်းငယ်ရှိနိုင်သော်လည်း မကြာမီ ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။ အကယ်၍ သန္ဓေအောင်ရန် လှုံ့ဆော်သောဆေးများ တိုက်ကျွေးသည့်တိုင်အောင် မမျိုးဥမကြွေနိုင်သော အမျိုးသမီးဖြစ်ပါက အခြား အမျိုးသမီးတစ်ဦးဦးထံမှ မမျိုးဥကို ရယူရပါမည်။

အဆင့် (၃) - သုတ်ကောင်ထည့်သွင်း၍ သန္ဓေအောင်စေခြင်း

စုပ်ယူရရှိလာသော မမျိုးဥများထဲမှ အရည်အသွေး အကောင်းဆုံးမျိုးဥများကို ရွေးချယ်ပါသည်။ ထို့နောက် သုတ်ကောင်များနှင့် အတူရောနှောကာ ဖန်ပြွန်အတွင်းသို့ ထည့်သွင်းပါသည်။ မိခင်ဝမ်းဗိုက်အတွင်းရှိ အခြေအနေများနှင့်တူအောင် ဖန်တီးထားသည့် ပတ်ဝန်းကျင်အနေအထားတွင် ဖန်ပြွန်သန္ဓေသားကို ထားရှိပါသည်။ မမျိုးဥနှင့် သုတ်ကောင်ကို အတူရောနှောထားပြီး နာရီအနည်းငယ်ကြာသောအခါ သုတ်ကောင်များသည် မမျိုးဥအတွင်းသို့ ဝင်ရောက်ကာ သန္ဓေအောင်ပါသည်။ အကယ်၍
သုတ်ကောင်သည် မမျိုးဥအတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေးနည်းသည်ဟုဆရာဝန်မှ ယူဆပါက ဓာတ်ခွဲခန်းကျွမ်းကျင်သူသည် သုတ်ကောင်အား မမျိုးဥအတွင်းသို့ တိုက်ရိုက်ထည့်သွင်း လိုက်ပါသည်။ ၎င်းလုပ်ဆောင်ချက်ကို ဆိုက်တိုပလာဆမ်အတွင်းသို့ သုတ်ကောင်ထိုးသွင်းခြင်း (Intracytoplasmic Sperm Injection ; ICSI) ဟုခေါ်ပါသည်။ တချို့ဓာတ်ခွဲခန်းများတွင် သုတ်ကောင်နှင့် မမျိုးဥများ ပုံမှန်ဖြစ်သော်လည်း ICSI နည်းကို အသုံးပြုကြပါသည်။

အဆင့် (၄) - သန္ဓေသားလောင်း စစ်ထုတ်ခြင်း

သန္ဓေအောင်သော မျိုးဥများ ကြီးထွားလာသောအခါ ၎င်းတို့ကို သန္ဓေသားလောင်းများဟု ခေါ်ပါသည်။ သန္ဓေသားလောင်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးကြီးထွားမှု ရှိ/မရှိကို ဓာတ်ခွဲကျွမ်းကျင်သူမှ အချိန်မှန်မှန် စစ်ဆေးပေးပါသည်။ သန္ဓေသားလောင်းသည် ၅ ရက်သားခန့်အတွင်း ဖွံ့ဖြိုးကြီးထွားနေသော ဆဲလ်များစွာကိုပိုင်ဆိုင်လာပါသည်။ မျိုးရိုးဗီဇကြောင့် ရောဂါတစ်ခုခု လက်ဆင့်ကမ်းနိုင်သော စုံတွဲများတွင် သန္ဓေသားလောင်းအား မိခင်ဝမ်းဗိုက်အတွင်းသို့ ပြန်လည် ထည့်သွင်းခြင်းမပြုမီ မျိုးရိုးဗီဇရောဂါ ရှိ/မရှိကို ကြိုတင်စစ်ဆေးနိုင်ပါသည်။ ထိုသို့စစ်ဆေးခြင်းကို Pre-inplantation Genetic Diagnosis ; PGD ဟု ခေါ်ပြီး သန္ဓေအောင်ပြီး ၃-၄ ရက်အကြာတွင် ပြုလုပ်နိုင်ပါသည်။ ဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်များသည် သန္ဓေသားလောင်းတစ်ခုစီမှ ဆဲလ်တစ်ခုစီကို ထုတ်ယူပြီး မျိုးရိုးဗီဇ ချွတ်ယွင်းချက် ရှိ/မရှိကို စစ်ဆေးပါသည်။ PGD ပြုလုပ်ခြင်းအားဖြင့် မိဘများသည် မည်သည့်သန္ဓေသားလောင်းကို ဝမ်းဗိုက်အတွင်း ထည့်သွင်းမည်ဟု ဆုံးဖြတ်နိုင်ပြီး မိဘများမှ သားသမီးသို့ မျိုးရိုးဗီဇရောဂါ လက်ဆင့်ကမ်းမှုကို လျော့ကျစေသည်ဟု American Society for Reproductive Medicine မှ ဆိုပါသည်။ ၎င်းအဆိုကို လက်မခံသူများရှိပြီး PGD မလုပ်ပေးသော နေရာများလည်းရှိပါသည်။

အဆင့် (၅) - သန္ဓေသားလောင်းအား မိခင်၏ ဝမ်းဗိုက်အတွင်းသို့ ထည့်သွင်းခြင်း

သန္ဓေအောင်ပြီး ၃ ရက်မှ ၅ ရက်ကြာသောအခါ ရွေးချယ်ထားသော သန္ဓေသားလောင်းအား မိခင်၏ ဝမ်းဗိုက်အတွင်းသို့ ထည့်သွင်းရပါသည်။ ထိုသို့ဆောင်ရွက်နေစဉ်အတွင်း မိခင်ဖြစ်သူအား မေ့ဆေးပေးစရာမလိုပါ။ သန္ဓေသားလောင်းပါဝင်သောပိုက်ပြွန်ကို မိခင်ဖြစ်သူ၏ မွေးလမ်းကြောင်းမှတစ်ဆင့် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်
အတွင်းသို့ ထည့်သွင်းပါသည်။ သားအိမ်အတွင်းသို့ ထည့်သွင်းလိုက်သော သန္ဓေသားလောင်းသည် သားအိမ်နံရံသို့ တွယ်ကပ်ပြီး ကြီးထွားသောအခါ ကိုယ်ဝန်ဆောင်ခြင်း စတင်ပါသည်။ အမြွှာပူးကလေးများ လိုချင်ပါက ကိုယ်ဝန်ဆောင်မိခင်၏ ခံနိုင်ရည်ပေါ်မူတည်၍ လိုချင်သော အရေအတွက်အတိုင်း သန္ဓေသားလောင်းအရေအတွက်ကို ထည့်သွင်းရပါသည်။ အသုံးမပြုသော သန္ဓေသားလောင်းများကို လိုချင်သူရှိပါက လှူဒါန်းနိုင်ပြီး မရှိပါက အလိုအလျောက် ပျက်စီးသွားစေမည်ဖြစ်ပါသည်။

သတိပြုစရာများ

သန္ဓေအောင်ရန် လှုံ့ဆော်သောဆေးများကြောင့်ဖြစ်နိုင်သော ဘေးထွက်
ဆိုးကျိုးများမှာ -

(၁) သားဥအိမ်ကို အလွန်အကျွံ လှုံ့ဆော်မိပါက ဝမ်းဗိုက်ပိုင်းနှင့် ရင်အုပ်ပိုင်းတွင် အရည်များစုခြင်းဖြစ်နိုင်ပါသည်။ အကျိုးဆက်အားဖြင့် ခန္ဓာကိုယ် ဝဖောင်းဖောင်းဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းတို့ ဖြစ်နိုင်ပါသည်။ ဆီးနည်းခြင်း၊ ပျို့အန်ခြင်းနှင့် မောခြင်းတို့ကို ခံစားရနိုင်ပါသည်။ မပြင်းထန်ပါက အိပ်ရာပေါ်တွင် အနားယူခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ပြင်းထန်ပါက ဝမ်းဗိုက်ပိုင်းတွင် စုသောအရည်များကို စုပ်ထုတ်ရန် လိုအပ်ပါသည်။

(၂) စိတ်ဓာတ်တက်ကြွလိုက်၊ စိတ်ဓာတ်ကျဆင်းလိုက်ဖြစ်ခြင်း

(၃) ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်ကြပါသည်။

သားဥအိမ်အတွင်းမှ မမျိုးဥများ ထုတ်ယူခြင်းကြောင့် ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုး
များမှာ -

(၁) မေ့ဆေးထုံဆေးကြောင့်ရသော ဘေးထွက်ဆိုးကျိုးများ

(၂) သွေးထွက်ခြင်း

(၃) ပိုးဝင်ခြင်း

(၄) သားဥအိမ်အနီးတစ်ဝိုက်မှ အစိတ်အပိုင်းများအား ထိခိုက်မိခြင်း စသည်တို့ ဖြစ်ကြပါသည်။

ကိုယ်ဝန်ဆောင်ပြီးသောအခါ -

(၁) အချိန်မတိုင်မီ မွေးဖွားခြင်း

(၂) ကိုယ်အလေးချိန် မပြည့်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။

ကိုယ်အင်္ဂါချို့တဲ့သောကလေး မွေးနိုင်၊ မမွေးနိုင်ကိုမူ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါ။


Credit : Yangon Health Guide

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18