Fistula-in-Ano (FIA) ဂရင်ဂျီနာ
08-May-2019
ဘရင်ဂျီနာလို့ အရပ်ခေါ်ရောဂါဟာ ရှေးကတည်းကရှိခဲ့တယ်။ စအိုဘေးမှာပေါက်တဲ့အနာက
တော်တော်နဲ့မပျောက်တာကို ခေါ်တယ်။ FIA လို့ ဆေးစာအတိုကောက်နဲ့ ခေါ်ပါတယ်။ FIA ၂
မျိုးရှိတယ်။ စအိုကွဲနာကိုလည်း FIA လို့ခေါ်တယ်။ လူ ၁ သိန်းမှာ ၉
ယောက်နီးပါးဖြစ်ကြတယ်။ ယောက်ျားက ၂ ဆ ဖြစ်တယ်။ အသက် ၄ဝ နီးနီးမှာ အဖြစ်များဆုံးပါ။
ကလေးတွေမှာလည်း ဖြစ်ပါတယ်။ ဆေးပညာဖခင်ကြီး ဟပ်ပိုကရေးတီးစ်က ညွှန်းခဲ့ဘူးသလို၊
ပြင်သစ်ဘုရင် လူဝစ်-၁၄ မှာ ဒီရောဂါရှိခဲ့တယ်။
ဝမ်းသွားပေါက် စအိုဘေးမှာ အနာပေါက်ရင် ကြီးကြီး-သေးသေး မပေါ့ပါနဲ့။ မရှက်ပါနဲ့။
ဖိထိုင်တော့ ပြည်- မန်းရည်-ငန်းရည်က ကောင်းကောင်းမထွက်နိုင်ဘူး။ ဒီတော့ အနာက
အထဲမှာ လှိုက်စားမယ်။ အထဲဆိုတာ အဆီ၊ အသားတွေ လွန်သွားရင် ဝမ်းတွေကို လှောင်ထားတဲ့
အစာဟောင်းအိမ်အထိရောက်ပြီး၊ အထဲပေါက်တစ်ခု ဖြစ်လာမယ်။ အဲလို တူးမြောင်းလို ဖြစ်လာတာကို
ဗမာလိုအမျိုးမျိုးခေါ်နေကြတယ်။ မြန်မာအဘိဓာန်က ဂရင်ဂျီနာရော ဘရင်ဂျီနာလို့ပါ
ရေးပါတယ်။ ဆရာတော် အရှင်သြဘာ သာဘိဝံသစီရင်တဲ့ သုတေသန သရုပ်ပြအဘိဓာန်မှာ ဘဂန္ဓလာ
ဂယင်ဂျီနာလို့ ပုံနှိပ်ထားတယ်။ မြောင်းကနေ ဘေးကို လက်တံတွေ ထွက်နိုင်သေးတယ်။
ကွန်ကရစ်တွေနဲ့ မံထားတဲ့ မြောင်းမျိုး မဟုတ်ဘဲ၊ အနာနုတ်ခမ်းသားလို မကျက်နိုင်တဲ့
အသားနုတွေ=သာဖြစ်တယ်။ စအိုအနားမှာ အပြင်ပေါက်က တစ်ခုက ရှိသလို အထဲပေါက်ကလည်း
များနိုင်တယ်။ များလွန်လွန်းလို့ တချို့ ကရွတ်ခွေနဲ့ ထိုင်ရတယ်။
စအိုဘေးမှာအနာပေါက်လို့ မဟုတ်ဘဲလဲ ဖြစ်သေးတယ်။ ထိခိုက်ဒဏ်ရာ၊ စအိုကွဲနာ (FIA
နောက်တမျိုး)၊ တီဘီ၊ ကင်ဆာ၊ ဓါတ်ကင်တာ၊ Steroid ဆေးပေးတာ၊ Chlamydia
ပိုးဝင်တာတွေကနေပါ ဖြစ်တတ်တယ်။ HIV နဲ့လဲ ဆက်နေသေးတယ်။ ဂနိုရီးယား၊ Ulcerative
colitis, Diverticulitis, Crohn’s disease တွေကြောင့်လည်း ဖြစ်နိုင်တယ်။
သေခြာကြည်ရင် အပြင်ပေါက်ကိုသာ မျက်စိနဲ့ မြင်ရမယ်။ ပြည်-မန်းရည်ဆိုတာ ထွက်လာလိုက်
ပျောက်လိုက်၊ စအိုထဲ လက်ထည့် စမ်းနည်း PR exam လုပ်ရတယ်။ စအိုထိန်း
ကြွက်သားဝိုင်းနဲ့ အဆက်အစပ်ကို စစ်ဆေးရမယ်။ Goodsall rule ဆိုတာကို
ခွဲစိတ်ဆရာဝန်တိုင်း အားကိုးကြရတယ်။ အပြင်က ပြွန်ပေါက်ဟာ စအိုပေါက် ရှေ့ပိုင်း တဝက်မှာရှိရင်
အထဲလမ်းဟာ မျဉ်းဖြောင့် စပုတ်တံလို သွားတယ်။ စအိုပေါက်နောက်ပိုင်း တစ်ဝက်မှာရှိရင်
မျဉ်းကောက်၊ မြင်းခွါပုံလို သွားမယ်။ ဆင်တူရိုးမှား တခြားရောဂါတွေနဲ့ ခွဲခြားရမယ်။ Fissure in ano (FIA) စအိုကွဲနာ၊ Internal piles
အတွင်းလိပ်ခေါင်း၊ External piles အပြင်လိပ်ခေါင်း၊ Periproctal abscess ပြည်တည်နာ၊
Anal polyp စအိုအသားပို၊ Sentinel tag အဝစောင့်အသားပို။ အနာ-အနာတွေက
ပျောက်သွားလိုက် ပြန်ပေါ်လိုက်။ ပျောက်သွားတာမဟုတ်ဘဲ မြုံနေတာပါ။ သူ့အလိုလို
ပျောက်တယ်ဆိုတာမရှိပါ။ ဆေးကုပါ။ ဆရာဝန်တွေ သင်ကြ-သုံးကြတဲ့ ခွဲစိတ်နည်းတွေထဲမှာ
အများဆုံးသုံးနည်းကတော့ Fistulectomy ပြွန်ကို အနာသစ်လုပ်၊ အသားနုကို အခြေကနေ
အထက်တက် ကျက်စေတဲ့နည်းပါ။ ပဋိဇီဝဆေး အရင်ပေးရတယ်။ မခွဲခင် တညနဲ့ မနက်ထ ဝမ်းခြူပေး၊
ခါးထုံဆေးနဲ့ ခွဲပါတယ်။ ခွဲပြီးစမှာ ကရိကထတော့ များမယ်။ ၂-၃ ရက် ရာဘာပိုက် တခု
ထည့်ထား ပေးပါမယ်။
လေလည်နိုင်အောင်ပေါ့။ အစာကို ရေ-အရည်၊ နောက် ဆန်ပြုတ်-စွပ်ပြုတ်၊ နောက်မှ
ထမင်းစားခိုင်းတယ်။ ဝမ်းမဖြစ်အောင် ဆင်ခြင်ခိုင်းတာပါ။ နေ့တိုင်း ဆေးထည့်ပေးမယ်။
ကောင်းသွားပါလိမ့်မယ်။ အခြေခံရောဂါရှိရင်လည်း ကုရပါတယ်။ Fibrin glue injection
ဆိုတဲ့ ဆေးထိုးကုနည်းလည်း သုံးလာကြတယ်။ Fistula plug က အဲဒါကို ပိုဆန်းသစ်ထားတဲ့
နည်းပါ။ ၈ဝ% အောင်မြင်တယ်လို့ ဆိုပါတယ်။ Endorectal advancement flap နည်းက
အထဲပေါက်ကို ပြုပြင်ပေးတဲ့ ခွဲစိတ်နည်း၊ Anal Fistula Plug နည်းကတော့
အပြင်ပေါက်ကို ပြုပြင်ပေးတဲ့ နောက်သုံး ခွဲစိတ်နည်းပါ။ မုဆိုး စိုင်သင်၊ ဆရာဝန်တွေလည်း
အကောင်းဆုံးထင်တာနဲ့ ကုပေး၊ ပိုကောင်းတာတွေ့ရင် ပြင်ကြရပါတယ်။
Ref:
ဒေါက်တာတင့်ဆွေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
