Print

မျိုးဆက်ပွားကျန်းမာရေး သိကောင်းစရာများ

  21-May-2019
Preview Image

အမျိုးသမီး မျိုးဆက်ပွားစနစ်အကြောင်း နားလည်ထားလျှင် ကျန်းမာရေးအရ မိမိကိုယ်ကိုယ် စောင့်ရှောက်နိုင်သည်။ သက်ရှိသတ္တဝါများအားလုံးက မျိုးပွားနိုင်ခြင်းဟာ သက်မဲ့အရာတွေနဲ့ ကွဲပြားချက်တစ်ခု ဖြစ်တယ်ဆိုတာ အများသိကြပါတယ်။ မျိုးပွားခြင်းအားဖြင့် သက်ရှိတွေ ပိုမိုတိုးပွားလာစေပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာဟာ သဘာဝတရားရဲ့ အထူးခြားဆုံး ဖန်တီးမှုများတွေထဲက တစ်ခုပါ။ အဲဒါကြောင့်ပဲ လူသားမျိုးနွယ် ဆက်လက်ရှင်သန်နေနိုင်တယ်လို့ ပြောလို့ရပါတယ်။ အမျိုးသမီးတစ်ယောက်ဘဝမှာ ကလေးအရွယ်၊ အပျိုဖော်ဝင်တဲ့အရွယ်၊ အိမ်ထောင်သည်၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖွားခြင်းနဲ့ မိခင်ဘဝ အစရှိသဖြင့် အဆင့်ပေါင်းများစွာကို ဖြတ်ကျော်ရပါတယ်။ အမျိုးသမီးအများစုက မိခင်ဘဝကို သူတို့၏ ပြီးပြည့်စုံမှု အဖြစ်သဘောထားကြပါတယ်။ အမျိုးသမီး တစ်ယောက်အတွက် မျိုးဆက်ပွားကျန်းမာရေးက အခြားသော ကျန်းမာရေးရှုထောင့်များလိုပဲ အရေးကြီးပါတယ်။ အမျိုးသမီးများအနေဖြင့် သူတို့ရဲ့ မျိုးဆက်ပွားစနစ်အကြောင်း၊ မျိုးပွားအင်္ဂါတွေအကြောင်းနဲ့ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်ထားရင် မိမိတို့၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက် ထိန်းသိမ်းနိုင်ကြမှာလည်း ဖြစ်ပါတယ်။ အမျိုးသမီး မျိုးဆက်ပွားစနစ်မှာ အပြင်ပိုင်းလိင်အင်္ဂါတွေနဲ့ အတွင်းပိုင်း မျိုးပွားအင်္ဂါတွေရယ်လို့ ၂ ပိုင်းခွဲလို့ရပါတယ်။ 

အပြင်ပိုင်း လိင်အင်္ဂါများ


Vulva (မိန်းမကိုယ် သို့မဟုတ် မအင်္ဂါ) ဆိုတာက မွေးလမ်းကြောင်းဝနဲ့ ကိုယ်ခန္ဓာ အတွင်းပိုင်းမှာရှိတဲ့ တခြားမျိုးပွားအင်္ဂါတွေ အားလုံးကို ပါဝင်ပါတယ်။ 

Mons pubis (ဆီးခုံ) ကတော့ အမျိုးသမီးအင်္ဂါရဲ့ အထက်နားမှာရှိတဲ့ နေရာဖြစ်ပါတယ်။ 

Labia majora နဲ့ labia minora (အပြင်နှုတ်ခမ်းသား အကြီးနဲ့အတွင်း နှုတ်ခမ်းသားအသေး) ကတော့ မွေးလမ်းကြောင်းဝကို ဝန်းရံထားတဲ့ အရေပြား ၂ စုံဖြစ်ပါတယ်။ 

Clitoris လို့ ခေါ်တဲ့ အစေ့နဲ့ မွေးလမ်းကြောင်းဝကို ကာကွယ်ပေးထားပါတယ်။ အရွယ်ရောက်လာတဲ့အခါ အပြင်ဘက် နှုတ်ခမ်းသားကြီးနဲ့ ဆီးခုံမှာ အမွေးအမျှင်တွေ ရှိလာပါတယ်။ 

Clitoris ကတော့ အာရုံခံနိုင်တဲ့ အစေ့ငယ်ဖြစ်ပြီး အတွင်းဘက် နှုတ်ခမ်းသားငယ် ၂ ခုဆုံရာမှာ ရှိပါတယ်။ အမျိုးသမီးတွေ လိင်ဆက်ဆံရာမှာ သာယာမှုရစေဖို့ အရေးပါတဲ့ အင်္ဂါတခုလည်း ဖြစ်ပါတယ်။ 

Urethral opening (ဆီးထွက်ပေါက်) ကတော့ Clitoris နဲ့ မွေးလမ်းကြောင်းကြားမှာ ရှိပါပြီးတော့ အမျိုးသမီးတွေ အဲဒီကနေ ကျင်ငယ်စွန့်တာ ဖြစ်ပါတယ်။ 

အတွင်းပိုင်း မျိုးပွား အင်္ဂါ များ

Vagina (မွေးလမ်းကြောင်း) က အတွင်းပိုင်း မျိုးပွားအင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ မွေးလမ်းကြောင်းအဝကနေ သားအိမ်အထိ ရှည်လျားပါတယ်။ အခေါင်းပွ ဖိုင်ဘာကြွက်သားမျှင်ဖြစ်ပြီးတော့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ပိုက်လုံ သဏ္ဍန်ရှိပါတယ်။ အထဲက အကျိအချွဲတွေက Vagina ကို ကာကွယ်ပေးထားသလို စိုစွတ်မှုကိုလည်း ထိန်းသိမ်းပေးထားပါတယ်။ Vagina ရဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တွေကတော့ ရာသီသွေးဆင်းဖို့ ထွက်ပေါက်ဖြစ်ပါတယ်။ လိင်ဆက်ဆံဖို့လည်း ဖြစ်ပါတယ်။ အမျိုးသားသုက်ရည် ဝင်ရောက်နိုင်အောင် အကူအညီပေးပါတယ်။ အက်ဆစ်ဓာတ်ပါဝင်တဲ့ အရည်ထုတ်ပေးခြင်းဖြင့် ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပါတယ်။ ကလေးမွေးဖွားရာ လမ်းကြောင်းလည်း ဖြစ်ပါတယ်။ 

Hymen (အမှေးပါး) ကို အပျိုမှေးလို့လည်းခေါ်ကြပြီးတော့ မွေးလမ်းကြောင်းဝကို တစ်ပိုင်းတစ်စ ဖုံးအုပ်ထားတဲ့ တစ်သျှူး အလွှာပါးဖြစ်ပါတယ်။ စုတ်ပြဲသွားရင် သွေးထွက်တတ်ပါတယ်။ လိင်ဆက်ဆံလို့ဖြစ်စေ၊ မြင်းစီးတာ စက်ဘီးစီးတာမျိုးကြောင့်ဖြစ်စေ ပေါက်ပြဲသွားနိုင်ပါတယ်။ 

Cervix (သားအိမ်ခေါင်း) ကတော့ သားအိမ်ရဲ့ အောက်ပိုင်းဖြစ်ပြီးတော့ မွေးလမ်းကြောင်းနဲ့ ဆက်နေပါတယ်။ လိင်ဆက်ဆံမှုလုပ်ပြီးတဲ့အချိန်မှာ အမျိုးသားသုက်ရည်က သားအိမ်ခေါင်းကို ဖြတ်ကျော်ပြီးတော့ မမျိုးဥဆီကိုရောက်ပါတယ်။ 

Uterus (သားအိမ်)က သစ်တော်သီးကို ပြောင်းပြန်လှန်ထားတဲ့ ပုံစံရှိပါတယ်။ ကြွက်သားနံရံတွေ ရှိပြီးတော့ endometrium လိုု့ခေါ်တဲ့ ထူထဲတဲ့ အတွင်းလွှာလဲ ရှိပါတယ်။ သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်အတွင်းမှာ နေရာယူပြီးတော့ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သန္ဓေသားကို ဖွံ့ဖြိုးကြီးထွားလာပါတယ်။ 

Fallopian tubes (သားအိမ်ပြွန်) ၂ ခုက သားအိမ်ရဲ့ ဘေးတစ်ဘက်စီမှာ တစ်ခုစီရှိပါတယ်။ မျိုဥ အိမ်နဲ့ ဆက်နေပြီးတော့ ရင့်မှည့်နေတဲ့မျိုးဥကို ထုတ်ပေးပါတယ်။ 

Ovaries (မျိုးဥ အိမ်များ) က မျိုးဥတွေ ထုတ်လုပ်ပေးပြီးတော့ သားအိမ်ရဲ့ တဖက်တချက်စီမှာ ရှိပါတယ်။ လိင်ဟော်မုန်းတွေဖြစ်တဲ့ estrogen နဲ့ progesterone ကိုလည်း သူ့ထဲမှာ ထုတ်လုပ်ပေးပါတယ်။ ပုံမှန်အားဖြင့် ၂၈ ရက်မှာတစ်ကြိမ် မျိုးဥအိမ်ကနေ မမျိုးဥတစ်ခု ထုတ်ပေးပါတယ်။ 

ရင်သား (breast) က ကလေးမွေးဖွားပြီးချိန်မှာ နို့တိုက်ကျွေးဖို့ ဖြစ်ပေမယ့် ရင်သားတွေကို လှုံ့ဆော်ပေးခြင်းအားဖြင့်လည်း အမျိုးသမီးတွေကို လိင်ဆက်ဆံရာမှာ သာယာမှုပိုမိုရရှိစေနိုင်ပါတယ်။ 

အမျိုးသမီး မျိုးပွား စနစ်၏ လုပ်ဆောင်မှုများ 

မျိုးဥတွေကို ထုတ်လုပ်ပေး ထိန်းသိမ်းပေးပါတယ်။ မျိုးအောင်သွားတဲ့ မမျိုးဥကို သားအိမ်နံရံမှာ တွယ်ကပ်စေပြီးတော့ ကိုယ်ဝန်ဆောင်ခြင်းကို အစပြုပေးသလို မမွေးဖွားသေးတဲ့ သန္ဓေသားအတွက် အဆင်ပြေမယ့် နေရာတစ်ခု ဖန်တီးေး ပါတယ်။ မျိုးဆက်ပွား စက်ဝန်းကို အထောက်အကူဖြစ်စေတဲ့ အမျိုးသမီး လိင်ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ 


Credit  : ဧရာဝတီ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18