Print

ဆောင်းရာသီအတွက် အသားအရေထိမ်းသိမ်းနည်းလမ်းကောင်းများ

  17-Jul-2019
Preview Image

ဆောင်းရာသီအတွက် အသားအရေထိမ်းသိမ်းမှု


ဆောင်းဝင်လာပြီနော်။ အနွေးထည်လှလှလေးတွေနဲ့ စတိုင်ထုတ်လို့ရပြီ။ စောင်အထူကြီးတွေ ခြုံပြီး ဇိမ်လေးနဲ့ အိပ်လို့ရပြီ။ အရမ်းချမ်းတဲ့နေရာတွေမှာ မီးပုံပွဲလုပ်ပြီး အရမ်းပျော်စရာကောင်းတဲ့ ရာသီပေါ့။ ဒါပေမယ့်ဆောင်းရာသီနဲ့ တွဲလာတာက အသားပတ်၊ အသားခြောက်တာတွေပါပဲ။ ဆံပင်တွေလည်း ခြောက်သွေ့ပျက်စီးတတ်တယ်လေ။ အဲလိုတွေ မဖြစ်အောင် ဘယ်လိုအသားအရေထိန်းသိမ်းရမယ်ဆိုတာ ပြောပြမယ်နော်။

Hair
ဆောင်းလေအေးအေးက အသားအရည်ကို ခြောက်သွေ့စေသလို၊ ဆံပင်တွေကိုလည်း ခြောက်သွေ့ပျက်စီးစေတယ်။ အဲဒီဒဏ်ကိုခံနိုင်ဖို့ ရင်နှင်းတို့ဆံပင်လေးတွေကို အစိုဓာတ်ပြည့်ဝနေအောင် အားဖြည့်ထားဖို့ လိုတယ်လေ။ အဲဒီတော့ သံလွင်ဆီကို အားကိုးရတော့မှာပေါ့။ အုန်းဆီ ( သို့ ) သံလွင်ဆီကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးရမယ်။ ပြီးတော့ ဦးရေပြားကိုလည်း သေချာနှိပ်နယ်ပေးဖို့ လိုတယ်နော်။ ပြီးတော့ နာရီဝက်လောက်နေမှ ခေါင်းလျှော်လိုက်ပါ။ ဒီလိုလုပ်တာ ကောင်းတယ်ဆိုပြီး ခဏခဏလည်း ခေါင်းမလျှော်မိစေနဲ့ဦးနော်။ တစ်ပတ်ကို ၂ ကြိမ်လောက်ပဲလျှော်ပါ။ ဆံပင်က ခြောက်သွေ့နေတဲ့အခါ အဖျား ၂ ခွ တွေဟာ ပိုဆိုးလာတတ်တယ်။

 ဒါကြောင့် အဖျား၂ ခွ တွေရှိနေရင် ဆံပင်ကို တိပေးနော်။ ခုတိုသွားမှာကို မနှမြှောပါနဲ့။ မဟုတ်ရင် ၂ ခွတွေ ဆံပင်အဖျားကနေ တဖြည်းဖြည်းအပေါ်ကို တက်လာပြီး ဆံပင်တစ်ချောင်းလုံး ကုန်သွားနိုင်တယ်လေ။ ဆောင်းရာသီကအေးတော့ ဆံပင်ဖားလျားချပြီး ပဲများလိုတော့ ကောင်းတာပေါ့။ ဒါပေမယ့် ဆောင်းလေ

ဒဏ်ကို ပိုခံရနိုင်တယ်လေ။ ဆောင်းလေအေးက ကဗျာသာဆန်ပေမယ့် ဆံပင်ကို ပျက်စီးစေနိုင်တယ်ဆိုတော့ ဆံပင်ကို ထုံးထားတာတို့၊ စည်းထားတာတို့၊ ကျစ်ဆံမြီးကျစ်ထားတာတို့ လုပ်ထားသင့်တယ်နော်။ ဆံပင်ကို ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးလိုက်လည်း ခဏခဏ မလုပ်ပါနဲ့။ ဆံသားတွေက နဂိုထဲကမှ ခြောက်ချင်နေတာကို အဲလိုလုပ်နေရင် ပိုဆိုးမှာလေ။ ဖြစ်နိုင်ရင် ခေါင်းလျှော်ပြီးရင်တောင် လေမှုတ်စက်
မသုံးတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဆံပင်အစိုကြီးနဲ့ ချမ်းနေရင်တော့ လေမှုတ်စက်ကို အပူချိန်နဲနဲနဲ့ပဲ သုံးနော်။

Skin
အသားအရေလှပဖို့ဆိုတာ လိမ်းဆေးတွေကိုပဲ အားကိုးလို့မရဘူးဆိုတာ သိလောက်ပြီပေါ့နော်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပြီး ရေကိုလည်း များများသောက်ပေးမှ အသားအရေလေးက တကယ်ကို လှလာမှာလေ။ အသားအရည်ကို ခြောက်သွေ့စေတဲ့ ဆောင်းရာသီရောက်လာတဲ့အခါ အဟာရဓာတ်တွေ ရေဓာတ်တွေကို ပိုလိုလာပြီပေါ့။ ဒါကြောင့် ရေကိုလည်း များများသောက်၊ ဟင်းသီးဟင်းရွက်တွေ
လည်းများများစား၊ ဟင်းချက်တဲ့အခါ သံလွင်ဆီလေးထည့်ချက်နိုင်ရင် အကောင်းဆုံးပဲနော်။

ဆောင်းရဲ့ အအေးဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့ အစိုဓာတ်ထိန်းခရမ်လေးတွေက မရှိမဖြစ် လိုအပ်လာပြီလေ။ မျက်နှာသစ်ပြီးတိုင်း ရေချိူးပြီးတိုင်းမှာ မျက်နှာကိုရော ခန္ဓာကိုယ်ကိုရော အစိုဓာတ်ထိမ်းခရမ်တွေ လိုးရှင်းတွေ လိမ်းပေးသင့်တယ်နော်။ ညအိပ်ရာမဝင်ခင်မှာလည်း မျက်နှာကို အစိုဓာတ်ထိန်းခရမ်လေး လိမ်းဖို့မမေ့ပါနဲ့။

ဆောင်းရာသီမှာ ရေကလည်း အေးမှအေး။ ရင်နှင်းဆို ရေချိူးဖို့ကို စဉ်းစားနေတာကို နာရီဝက်လောက် ကြာတယ်။ ရေကလည်းမချိူးလို့မဖြစ်ဆိုတော့ ရေနွေးနဲ့ပဲ ချိူးဖြစ်ရော။ ဒါပေမယ့် ရေနွေးနဲ့ ရေချိူးတာ မကောင်းဘူးတဲ့။ အရေပြားပေါ်က အစိုဓာတ်တွေက ရေနွေးကြောင့် ခမ်းခြောက်နိုင်တာကိုး။ ဒါပေမယ့် ရေအေးနဲ့ မချိူးနိုင်လောက်အောင် ချမ်းနေတဲ့အခါ ရေနွေးကိုအားကိုးရမှာလေ။ အဲလိုဆိုရင်တော့ ရေနွေးနဲ့ ချိူးပါ။ ဒါပေမယ့် ဘုရား၊ တရား၊ သံယာ တဲ့။ ၃ ခွက်ပဲချိူးတဲ့။ နောက်တာနော်.. မြန်မြန်ချိူးလို့ ပြောတာပါ။

My Girl ဆိုတဲ့ ကိုရီးယားကားကို သိတယ်ဟုတ်။ အဲကားထဲက Never Say Good Bye !!! ဆိုတဲ့သီချင်းက နေရောင်ကာလိမ်းဆေးတွေကို ပြောတာသိလား။ နေပူူပူ မိုးအုံ့အုံ့ နွေဖြစ်ဖြစ် ဆောင်းဖြစ်ဖြစ် နေရောင်ခြည်က UV Rays တွေ ဒဏ်ကိုခံရနိုင်တော့ နေ့ဘက်အပြင်ထွက်မယ်ဆိုရင် အပြင်မသွားခင် နာရီဝက်အလိုထဲက
နေရောင်ကာလိမ်းဆေး ကြိုလိမ်းထားတော့နော်။

Lips
ဆောင်းရာသီမှာ နှုတ်ခမ်းကတော့ ခြောက်မှာပဲ။ ဒါပေမယ့် နှုတ်ခမ်းကို လျှာနဲ့ မသပ်မိစေနဲ့နော်။ တံတွေးတွေက နှုတ်ခမ်းကို ပိုခြောက်စေတယ်လေ။ အဲ့ဒီတော့ နှုတ်ခမ်းနီအဆီလေးတွေ ဆိုးပေးပါ။ Vit E ပါတဲ့ နှုတ်ခမ်းနီအဆီက ပိုကောင်းပါတယ်။ အမြဲ ဆောင်ထားပြီး နှုတ်ခမ်းနီပျက်သွားတိုင်း ဆိုးပေးပေါ့။ Petroleum Jelly တို့ သံလွင်ဆီတို့ လိမ်းပေးလည်း ရပါတယ်။ နှုတ်ခမ်းအက်ကွဲသွားပြီး အဖတ်လေးတွေကွာနေရင်တော့ လုံးဝမခွာမိစေနဲ့နော်။ အဲ့ဒီ အဖတ်တွေကို ဖယ်ချင်ရင် PetroleumJelly ဖြစ်ဖြစ်၊ ထောပတ်ဖြစ်ဖြစ် နှုတ်ခမ်းကိုအရင်လိမ်းပြီးမှ သွားပွတ်တံ အမွှေးနုနုလေးဖြစ်ဖြစ်၊ အမွှေးနုပဝါလေးဖြစ်ဖြစ်နဲ့ ဖြည်းဖြည်းလေးပွတ်ပြီး ဖယ်ပါ။

Hands, Legs And Nails
ဆောင်းရာသီမှာ တစ်ကိုယ်လုံးကို ဂရုစိုက်မှဖြစ်မှာလေ။ အဲ့တော့ ခြေတွေလက်တွေကိုလည်း အစိုဓာတ်ထိန်းခရမ်လေးတွေ လိမ်းပေး၊ ရေကိုင်မယ်ဆိုရင် ရာဘာလက်အိတ်လေးနဲ့ကိုင်၊ ရေကိုင်ပြီးရင်လည်း အစိုဓာတ်ထိန်းခရမ်လေးတွေကို ပြန်လိမ်းပေးသင့်ပါတယ်။ ခြေသည်း လက်သည်းတွေကိုလည်း Base Coat လေး ဆိုးပေးထားရင် ပိုကောင်းတယ်နော်။ ဒီလောက်ဆိုရင် ဆောင်းရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သူငယ်ချင်းတို့ ကောင်းကောင်းသိလောက်ပြီပေါ့နော်။ ရင်နှင်းသူငယ်ချင်းလေးတွေအားလုံး ဆောင်းရာသီကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ကြပါစေရှင်။

Credit : ရင်နှင်းငယ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18