လည်ချောင်းရောင်၊ လည်ချောင်းနာအတွက် သဘာဝကုထုံးတွေ
01-Mar-2017လည်ချောင်း ရောင်တယ်၊ နာတယ်ဆိုတာက လည်မျိုနဲ့ အသံကြိုးတွေ ပါဝင်တဲ့ လည်ချောင်းအထက်ပိုင်းမှာ ရောင်ရမ်းနာကျင်တာပါ။ vocal cords လို့ခေါ်တဲ့ အသံကြိုးတွေကိုအရမ်းအားစိုက်လိုက်တဲ့အခါမျိုး၊ထိခိုက်သွားတာမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ လည်ချောင်းနာမယ်၊ အသံကွဲရှရှဖြစ်မယ်။ အသံတိမ်ဝင် အားနည်းမယ်။ ဒါတွေက လည်မျိုနာတဲ့ လက္ခဏာတွေပါပဲ။ ပဋိဇီဝဆေးတွေ၊ အရောင်ကျဆေးတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ မြန်ဆန်လွယ်ကူတဲ့ သဘာဝကုထုံးတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက်လည်း မျှဝေလိုက်ပါတယ်။
ချင်း (ဂျင်း) (Ginger)
လည်ချောင်းပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးဆေးတစ်လက် အဖြစ် ချင်း (ဂျင်း) ရည်ဟာ အသံအိုးနံရံတွေ ယားယံခြင်းကို သက်သာစေတဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။ ဂျင်းကို သကြားအုပ်ပြီး လမ်းသွားရင် ဆောင်သွားနိုင်သလို ချင်း (ဂျင်း) လက်ဖက်ရည် လုပ်ပြီးလည်း သောက်ပေးနိုင်ပါတယ်။
သံပရာရည်
သံပရာရည်ကလဲ လည်ချောင်းထဲမှာ ယားယံတာကို သက်သာပျောက်ကင်းစေပြီး ဘက်တီးရီးယားတွေကို သေစေပါတယ်။ မနက်ပိုင်းမှာ သံပရာရည် လတ်လတ်ဆတ်ဆတ်ဖျော်သောက်တာ ဒါမှမဟုတ် သံပရာရည်နှင့် ပလုတ်ကျင်းတာပါ။ ဆားလေးနည်းနည်းကို သံပရာရည် လတ်လတ်ဆတ်ဆတ်ထဲကို ထည့်ပြီးရော။ ရေနွေးနွေးလေး တစ်ခွက်ထဲကိုရောလိုက်ပြီး တော့ တစ်နေ့လုံး ပလုတ်ကျင်းပေးရမှာပါ။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာက ရောင်ရမ်းတာကို သက်သာစေပြီး Antimicrobial ဆိုတဲ့ မိုက်ခရုဘ်တွေကို တားဆီးပေးတဲ့ ဓာတ်ပါဝင်ပါတယ်။ ကြက်သွန်ဖြူဥ အမွှာတစ်ခုကိုဝါးပြီး အရည်ကုန်သွားသည့်အထိ စုပ်ယူမျိုချရပါမယ်။ အဲဒီလို တစ်နေ့အတွင်း ကိုယ်လုပ်နိုင်သလောက် လုပ်နေပါမယ်။ အနံ့ပြင်းပြီး စပ်ဖျင်းဖျင်း ဒဏ်ကိုတော့ သည်းခံနိုင်မှ လုပ်လို့ရမှာပါ။
ရေ
ရေများများသောက်ပေးပါ။ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ ရောဂါပိုးတွေကို ဆေးချပေးနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းယားတာတွေ သက်သာနိုင်ပါတယ်။ ရေအေးသောက်တာကို ရှောင်ရပါမယ်။ ရေထဲကို သံပရာသီးစိပ်လေးတွေ ထည့်ပေးရင် အာနိသင်ပိုကောင်းပါတယ်။
ဆားရေနွေး
ဒါကတော့ လူသိများတဲ့ သဘာဝကုထုံးဖြစ်ပါတယ်။ ဆားရေနွေးဟာ ဘက်တီးရီးယားထဲက ဗိုင်းရပ်စ်တွေကို သေစေပါတယ်။ ဆားဇွန်းတစ်ဝက်လောက်ကို ရေနွေးတစ်ခွက်ထဲကို ရေထည့်လိုက်ပြီး အဲဒီရေနှင့် ပလုတ်ကျင်းပေးရမှာပါ။ ဒါကိုတစ်နေ့လုံး လုပ်နိုင်သလောက် အကြိမ်ရေများများ လုပ်ပေးရပါမယ်။ ဒါပေမဲ့ သတိထားရမှာက ဆားဟာ ခန္ဓာကိုယ်ထဲက အရည်တွေကို ဖယ်ရှားပေးတာကြောင့် နောက်ထပ် ယားယံတာကို ခံစားရတတ်ပါတယ်။ သုံးစွဲလိုက်တဲ့ ဆားပမာဏကို သတ်မှတ်ထားပြီး နောက်ထပ်ငန်တဲ့ အရာသာ အစားအစာတွေကို လုံးဝမစားမိအောင် သတိထားပါ။ ဒါတွေဟာ ကိုယ့်အိမ်မှာနေရင်း လုပ်လို့ရတဲ့ အမြန်ပျောက်ကင်းစေတဲ့ သဘာဝကုထုံးတွေဖြစ်ပါတယ်။ လည်ချောင်းနာတာ ပိုဆိုးလာပြီး တစ်ပတ်လောက်ကြာတဲ့ မပျောက်သေးရင်တော့ ဆရာဝန်ဆီသာ သွားပြသင့်ပါတယ်။
Credit:
စောနွဲ့နေဆိုင် (ခမ်းတီးလုန်)
Health for all magazine, October 2015, Pg. 58