ဘာကြောင့် မျက်စိကွယ်ကြတာလဲ
01-Mar-2017အာရုံငါးပါးအနက် အရေးကြီးဆုံးကို ပြောပါဆိုလျှင် အမြင်အာရုံဟုဆိုပါက လူအများ လက်ခံကြမည် ထင်ပါသည်။ အကြား၊ အနံ့၊ အရသာ၊ ထိတွေ့မှုစသည့် အာရုံများသည် လည်း သူ့နေရာနှင့်သူ အရေးကြီးကြသည် ဖြစ်သည်။ သို့သော် အခြားသော အာရုံများ ချို့တဲ့မှုထက် အမြင်အာရုံ ချို့တဲ့မှုသည် လူတို့၏ ဘဝသာယာမှုကို အထိခိုက်ဆုံး ဖြစ်စေနိုင်ပါသည်။
အမြင်အာရုံ ဆုံးရှုံးကြရသော အကြောင်းရင်းကိုကြည့်လျှင် -
မျက်စိတိမ်စွဲခြင်း
မျက်လုံးအိမ်ရှိ သဘာဝ မှန်ဘီလူး မှုန်ဝါးသွားခြင်းဖြစ်သည်။ မှန်ဘီလူးသည် အလင်းရောင်များကို ကောင်းစွာဖြတ်သန်းခွင့် မပြုနိုင်တော့သဖြင့် အမြင်အာရုံ ဆုံးရှုံးရခြင်းဖြစ်သည်။ မျက်စိကွယ်ရခြင်း၏ ၈၀ ရာခိုင်နှုန်းကျော်မှာ မျက်စိတိမ်စွဲခြင်းကြောင့် ဖြစ်သည်။
မျက်ခမ်းစပ်ရောဂါ
ရောဂါပိုးမွှားကြောင့်ဖြစ်သော မျက်စိကွယ်စေနိုင်သောရောဂါ ဖြစ်သည်။ ရောဂါကို တိုက်ဖျက်ရေးအသွင်ဖြင့် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဖြစ်ပွားမှု အလွန်နည်းသွားခဲ့ပြီဖြစ်သည်။
ကော်နီယာ မှုန်ဝါးခြင်း
ကော်နီယာ(Cornea)မှာ မျက်လုံးအိမ်၏ ရှေ့ဘက်ပိုင်းအလင်းရောင် အလွယ်တကူဖောက်ထွင်းနိုင်သော အကြည်လွှာဖြစ်သည်။ ထိခိုက်ဒဏ်ရာရမှု ရောဂါ ပိုးမွှားဝင်ရောက်မှုနှင့် အခြားအကြောင်းများကြောင့် ယိုယွင်းပျက်စီးသွားနိုင်ပါသည်။
ဗီတာမင် A ချို့တဲ့ခြင်း
ဗီတာမင်A ရက်တီနော (Retinol) မှာ မျက်စိအမြင်အာရုံခံလွှာ၌ အလင်းရောင် လက်ခံပစ္စည်း (Photo receptors) တွင် အဓိကပါဝင်သော ပစ္စည်းဖြစ်သည်။ တိရိစ္ဆာန်အတွက် အစားအစာမှ ရနိုင်သည်။ အသည်း၊ ငါးအဆီ၊ ဥများ စသည်တို့မှ အဓိကရနိုင်သည်။ ဗီတာအေ၏ အကြိုဓာတ် ဘီတာကာရိုတင်း (Beta carotene) ကို သစ်သီးနှင့် ဟင်းသီးဟင်းရွက် စသည်တို့တွင် ကြွယ်ဝစွာ ပါဝင်သည်။
ရေတိမ်
မျက်လုံးအိမ်အတွင်း ဖိအားများခြင်းကို ရေတိမ် (Glaucoma) ဟု ခေါ်ပါသည်။ ရေတိမ် ကို ထိရောက်စွာ ကုသမှု မပြုလျှင် အမြင်ကွယ်ပျောက်သွားနိုင်သည်။
အခြားသော အကြောင်းအရာများ
မျက်စိကွယ်ရခြင်းမှာ အထက်တွင် ဖော်ပြခဲ့သော အကြောင်းဇာစ်မြစ်များကြောင့် အဓိကဖြစ်နိုင်သော်လည်း အခြားသောပြဿနာများကြောင့်လည်း ဖြစ်နိုင်ပါသည်။ မျက်စိကျန်းမာရေးအတွက် မျက်စိဆရာဝန်များနှင့် တစ်နှစ်လျှင်တစ်ကြိမ် ပြသ၍ စစ်ဆေးမှု ခံယူသင့်ပါတယ်။
Credit:
ဒေါက်တာအေးကျော်
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။