သံဓာတ်ပိုလျှံလာလျှင်
01-Mar-2017သံဓာတ်ချို့တဲ့တာဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသလို သံဓာတ်ပိုလျှံနေ တာဟာလည်း ကျန်းမာရေးအတွက် အန္တရာယ်ကြီးမားတယ်ဆိုတာ သိရှိထားဖို့ လိုပါတယ်။ ရောဂါရဲ့ အနုအရင်ပေါ် မူတည်ပြီးတော့ ရောဂါလက္ခဏာ အနည်းအများ ကွာခြားနိုင်ပါတယ်။ တချို့ဆိုရင် ရောဂါရှိနေပေမယ့် ဘာဝဒနာမှ မခံစားရပဲနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်က စမ်းသပ်စစ်ဆေးကြည့်လိုက်တော့မှ သိရတာမျိုး ရှိပါတယ်။ ဒီထက်အဆင့်မြင့် လာရင်တော့ နုံးတာ၊ အဆစ်နာတာ စတဲ့ အာကလံပါကလံဝေဒနာတွေ လောက်သာ ခံစားကြရတတ်ပါတယ်။ ရောဂါတော်တော်ကလေး ရင့်လာပြီဆိုရင်တော့ သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်း ထိခိုက်တဲ့ ပြဿနာတွေနဲ့ ရဆိုင်ရတော့တာပါပဲ။
ဒီရောဂါဖြစ်ပြီဆိုရင် ပထမဦးဆုံး ထိခိုက်လေ့ရှိတာကတော့ အသည်းပါပဲ။ လူနာမှာ ဘာဝေဒနာမှ မခံစားရသေးတဲ့အပြင် အသည်းနှင့်သက်ဆိုင်တဲ့ ဇီဝဓာတုစမ်းသပ်မှု အဖြေတွေကလည်း ပုံမှန်ဖြစ်နေသေးတဲ့ အချိန်မှာတောင် အသည်းကြီးနေတတ်ပါတယ်။ ခန္ဓာကိုယ်ထဲ သံဓာတ်ပိုလျှံနေတဲ့ ရောဂါနှင့် ပတ်သက်တဲ့ ဝေဒနာတွေ ခံစားနေရတဲ့ လူနာတွေရဲ့ ၉၅ ရာခိုင်နှုန်းမှာ အသည်းကြီးနေတာ တွေ့ရပါတယ်။ ရောဂါရင့်လာပြီ ဆိုရင်တော့ အသားပါ မည်းလာပါလိမ့်မယ်။ ဆီးချိုသွေးချိုရောဂါဟာလည်း ဒီရောဂါ ရင့်လာတဲ့အချိန်မှာ ဝင်လာတတ်တဲ့ ရောဂါပါ။ ဒီရောဂါကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်ရင် ဆီးချိုသွေးချိုရောဂါမှာ သုံးစွဲလေ့ရှိတဲ့ အင်ဆူလင် Insulin ထိုးဆေးကို တော်ရုံနဲ့ မဖြုံတာ (ယဉ်ပါးတာ) နဲ့ပါ။ ကြုံတွေ့ရတတ်ပါတယ်။
ဒီရောဂါရဲ့ လက္ခဏာတွေပေါ်နေသူတွေရဲ့ ၁၅ ရာခိုင်နှုန်းမှာ နှလုံးရောဂါပါ ရနေပါတယ်။ နှလုံးညှစ်အား မကောင်းတဲ့ လက္ခဏာတွေဖြစ်တဲ့ မောပန်းလွယ်တာ၊ လှဲအိပ်လိုက်ရင် အသက်ရှူကျပ်တာ၊ ဖောရောင်လာတာ စတဲ့ ဝေဒနာတွေ ရုတ်ချည်း ဆိုသလို ပေါ်ပေါက်လာပြီးတော့ ထိထိရောက်ရောက် အကုသ မခံဘူးဆိုရင် အသက် ဆုံးရှုံးသွားနိုင်လောက်အောင် ရောဂါပြင်းထန်တတ်ပါတယ်။ ဒီရောဂါကို ကုသနိုင်ဖို ့
အတွက် ကိုယ်ခန္ဓာထဲက သံဓာတ်တွေကို ဖယ်ရှားပေးတဲ့ ဆေးတွေ သုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ စုဝေးနေတဲ့ သွေးတွေကို စနစ်တကျ ဖယ်ထုတ်တဲ့ နည်းကတော့ အကောင်းဆုံးဖြစ်နေဆဲပါပဲ။ ဘယ်လောက်အထိဖယ်ရှားရမယ် ဆိုတာ ကိုတော့ သွေးထဲမှာ ရှိနေတဲ့ ဖာရစ်တင် Serum ferritin ပမာဏကို ကြည့်ပြီးတော့မှ ဆုံးဖြတ်ရပါလိမ့်မယ်။
ယမကာ မှီဝဲတတ်သူတွေကတော့ အရက်အုပ်စုဝင် ယမကာအားလုံးကို မဖြစ် မနေဖြတ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးရာပါ မျိုးရိုးဗီဇကြောင့် ခန္ဓာကိုယ် အတွင်း သံဓာတ်စုပုံလာရတဲ့ ဟီမိုခရိုမတိုးစစ် ရောဂါ ရှိနေသူတွေအနေနဲ့ ယမကာပါ မှီဝဲနေလို့ရှိရင် (ဒီရောဂါရှိနေပြီး ယမကာမသောက်သူတွေထက်) အသည်းအမာရွတ် တတ်နိုင်ချေက ၁၀ ဆတောင် ပိုပြီး မြင့်မားနေလို့ပါ။ ဒီရောဂါကြောင့် နောက်ဆက်တွဲ အနေနဲ့ ပေါ်ထွန်းလာရတဲ့ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါစ တဲ့ ရောဂါမျိုးစုံကိုလည်း စနစ်တကျကုသဖို့ လိုမှာဖြစ်ပါတယ်။
Credit:
ဒေါက်တာအောင်မိုး (အထွေထွေရောဂါ အထူးကုသမားတော်ကြီး)
Health for all magazine, July 2016, Pg. 110-112