Print

ဝဲရောဂါ (Scabies)

  22-Aug-2019
Preview Image

ဝဲဆိုတာ ကလေးတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် သန့်သန့်ရှင်းရှင်း မနေတဲ့ကလေးတွေ ၊သန့်ရှင်းရေးကို မိဘတွေက ဂရုတစိုက် ပြုလုပ်ပေးနိုင်ခြင်း မရှိတဲ့ကလေးတွေမှာ ဖြစ်တက် ပါတယ်။ တချို့ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေမှာလည်း ဖြစ်တက်ပါတယ်။ စာဖတ်သူတွေထဲမှာ ကိုယ်တိုင်ဖြစ်ဖူးတာမျိုး ရှိနိုင်သလို ပတ်ဝန်းကျင်မှာ ဝဲပေါက်တဲ့သူတွေကို တွေ့ဖူးကောင်းတွေ့ဖူးကြမှာပါ။


ဝဲရောဂါပိုးကောင်(Sarcoptes Scabiei)

ဝဲက ဘက်တီးရီးယားကြောင့် ဖြစ်တာလဲမဟုတ်ပါဘူး၊ ဗိုင်းရပ်စ်ကြောင့်လဲ မဟုတ်ပါဘူး။ Sarcoptes scabiei လို့ခေါ်တဲ့ အကောင်လေးတွေကြောင့်ဖြစ်တာပါ။ အဲဒီအကောင်တွေက အရေပြားအောက်ကိုဝင်ပြီး လှိုဏ်ခေါင်းတွေတူးပြီး တွားသွားနေကြတဲ့အခါ အရေပြားက ယားလာပါတယ်။ ယားတော့ကုတ်၊ ကုတ်တော့ အရေပြားကပွန်းပဲ့ပြီး တခြားဗက်တီးရီးယားပိုးတွေဝင်လာပြီး အနာဖြစ်၊ အရည်တရွှဲရွှဲနဲ့ အနာကတော့ ဝဲစိုပေါ့၊ ခြောက်ပြီးယားနေတဲ့ ဝဲကတော့ ဝဲခြောက်ပေါ့။ ဝဲက နေရာတော်တော်များများမှာ ဖြစ်နိုင်ပါတယ်။ အဖြစ်များတာက ခြေချောင်း၊ လက်ချောင်းလေးတွေ၊ ဦးခေါင်း၊ လည်ပင်း၊ ချိုင်းကြားတွေမှာ ဖြစ်တတ်ပါတယ်။

ဝဲကိုကုလို့ရပါတယ်။ ကုရတာလွယ်သလား ခက်သလားဆိုရင် လူနာရဲ့ အနေအထားပေါ် မူတည်ပါတယ်။ လူနာရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ဆရာဝန် ညွှန်ကြားချက်အပေါ်လိုက်နာမှု စတဲ့ အချက်တွေပေါ် မူတည်ပါတယ်။

ဝဲဟာ ညဘက်မှာပိုပြီး ယားယံတက်ပါတယ်။ နေ့ဘက်မှာ မကုတ်မိအောင် သတိထားနိုင်ပေမယ့် ညဘက်အိပ်ရင် အမှတ်မထင် ကုတ်မိတာကနေ အနာစို ဖြစ်သွားတက်ပါတယ်။ သတိထားဖို့ လိုပါတယ်။ လက်သည်းကို သေချာညှပ်ထားရပါမယ်။ လက်သည်းရှည်ကနေ ကုတ်မိလို့ အနာစိုဖြစ်ပြီး ကုသရတာ ရှည်တက်ပါတယ်။

မိမိဝတ်တဲ့ အဝတ်အစားတွေကို သေချာလျှော်ဖွတ်၊ နေလှမ်း၊ မီးပူတိုက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဝဲရောဂါကို ဖြစ်စေတဲ့ Sarcoptes scabiei ဆိုတဲ့အကောင်တွေ သေသွားမှာ ဖြစ်ပါတယ်။ အဝတ်အစားယူဝတ်တာ၊ ရောဂါရှိသူကုတင်အိပ်ယာမှာ အိပ်တာ၊ အဝတ်အထည်၊ အသုံးအဆောင်တွေကနေ ကူးစက်နိုင်ပါတယ်။

ဆေးကုသမှူအနေနဲ့ကတော့ ရောဂါဖြစ်စေတဲ့ အကောင်ကိုသတ်ရပါမယ်။ ဘီပီအိုင်ကထုတ်တဲ့ Burscabies က မြန်မာပြည်မှာ ဝဲအတွက် အသင့်တော်ဆုံး ဆေးဝါးပါပဲ။ ဆေးကို အနာဖြစ်နေတဲ့ နေရာတင်မကပဲ ခြေဆုံးခေါင်းဆုံးလိမ်းသင့်ပါတယ်။ သောက်ဆေးအနေနဲ့ကတော့ သာမာန်အနေအထားမှာ မလိုအပ်ပါဘူး။ ကုတ်မိလို့ အနာက ဗက်တီးရီးယားပိုးတွေဝင်ပြီ အရေတရွှဲရွဲနဲ့စိုနေရင်တော့ အနာခြောက်အောင် ၊ အနာထပ်မပွားအောင် လိုအပ်တဲ့ပဋိဇီဝ ဆေးဝါးတွေနဲ့သေချာကုသပေးရပါတယ်။

အိမ်မှာအတူနေတဲ့ တခြားသူတွေလဲ တပြိုင်နက်တည်း ကုသမှုခံယူသင့်ပါတယ်။ ဒါမှသာ ရောဂါပိုး ခိုကပ်ကျန်မနေပဲ အမြစ်ပြတ် သုတ်သင်နိုင်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုပြုမယ်၊ အဝတ်အစား၊ အသုံးအဆောင်တွေကိုပါ တခါတည်းနေလှမ်း၊ လျှော်ဖွတ်၊ မီးပူတိုက်မယ်ဆိုရင် ဝဲရောဂါက မကြာခင် ပျောက်သွားနိုင်ပါတယ်။ ဝဲရောဂါက ပြန်ဖြစ်တက်ပါတယ်။ Sarcoptesscabiei အမဟာ အရေပြားအောက်မှာ ဥဥပြီး ၂၁ ရက်ကြာရင် အကောင်ပေါက်ပါတယ်။ ကလေးအချင်းချင်း၊ မိသားစုဝင်တွေ ဝအချင်းချင်း တစ်ယောက်ဆီကတစ်ယောက် ကူးလိုက်ပျောက်လိုက် သံသရာလည် နေတက်ပါတယ်။ ကုသမှုမှန်ကန်ဖို့ လိုအပ်သလို လူနာရှင်ဘက်ကလည်း သေချာလိုက်နာဆောင်ရွက်တက်ဖို့ အရေးကြီးပါတယ်။

မိမိပတ်ဝန်းကျင်မှာ မိဘတွေ မသိနားမလည်လို့ အရေတရွှဲရွှဲနဲ့ ဝဲစွဲနေတဲ့ ကလေးတွေတွေ့မိရင် မိဘတွေကို နားလည်အောင်ရှင်းပြပြီး ကုသမှူခံယူဖို့ တိုက်တွန်းပေးစေလိုပါတယ်။ မိမိကိုယ်တိုင် တက်နိုင်ရင်လည်း ပါဝင်ကူညီ
ဆောင်ရွက်ပေးစေလိုပါတယ်။ မိဘတွေရဲ့ ဂရုစိုက်မှုနဲ့ ကင်းကွာပြီး ဖြစ်သလိုနေတက်တဲ့ ကလေးလေးတွေမှာ အဖြစ်များတက်တ့ဲရောဂါဖြစ်လို့ပါ။ မသိနားမလည်တဲ့ကလေးလေးတွေကသနားဖို့ အရမ်းကောင်းပါတယ်။
သေချာကုရင် ပျောက်ကင်းနိုင်သလို ၊ တကိုယ်ရေသန့်ရှင်းမှုပေါ်မူတည်ပြီး ပြန်လည် ကူးစက်နိုင်တက်သော ရောဂါလည်း ဖြစ်တာမို့ ကျနော်တို့ ပတ်ဝန်းကျင်မှာဝဲ ဖြစ်နေတဲ့သူကိုတွေ့မိရင် ကိုယ်တက်နိုင်သလောက် ကျန်းမာရေးဗဟုသုတလေး ဖြန့်ဝေဖို့ တိုက်တွန်းလိုက်ရပါတယ်။

Credit : Dr Zero

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18