နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါဖြစ်နိုင်
22-Sep-2019
နားဆီက နားပြွန်ထဲမှာရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့
နားဖာချေးထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတုပူလာရင် အဆီခြောက်တတ်ပါတယ်။
ရာသီဥတုပူတဲ့အချိန်တွေမှာ နားထဲကနေ နားဖာချေး အခြောက်လေးတွေ
ခါတိုင်းထက် ပိုထွက်လာတတ်ပါတယ်။ အဲသည်လို အချိန်မျိုးတွေမှာ နားကျပ်တာ၊ နားကလော်တာ၊
နားထဲကို ရေ၊ ဆီ၊ နားနဲ့ ပတ်သက်တဲ့ တခြား ဆေးရည်တွေ ထည့်တာမျိုး မပြုလုပ်သင့်ပါဘူး။
ပူပြင်းတဲ့ရာသီမှာ နားထဲက အဆီတွေက ခြောက်သွေ့တတ်ပေမယ့် ခန်းတယ်လို့တော့ မရှိပါဘူး။
နားပြွန်ထဲမှာ အလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့ စနစ်လည်း ရှိပါတယ်။
အဲဒီစနစ်က အတွင်းပိုင်း ရောက်သွားတဲ့ အမှုန်အမွှားတွေကို
သယ်ထုတ် ပေးပါတယ်။ သည်စနစ်က နူးညံ့တာကြောင့် နားကလော်ရင် ပျက်သွား တတ်ပါတယ်။ သန့်ရှင်းရေးစနစ်
ပျက်သွားရင် နားဖာချေးတွေ အပြင်ကို မထွက်တော့ဘဲ အတွင်းပိုင်းမှာ စုနေတတ်တာကြောင့် နားဖာချေး
ပိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နားဖာချေး လုံးဝ မရှိတော့ တာတွေလည်း
ဖြစ်တတ်ပါတယ်။ နားကလော်ပါ များရင်၊ နားကျပ်ပါ များရင် နားထဲမှာရှိတဲ့ အဆီတွေ ထွက်မလာ
တတ်တော့ပါဘူး။
အဲသည်အခါမျိုး တွေမှာ နားခြောက် တတ်ပါတယ်။ နားခြောက်လာတဲ့အခါ
နားထဲဖုန်ဝင်ရင် နားအရမ်းယားပြီး တစ်နေ့တည်း လေးငါးခါ နားကျပ်တာမျိုးတွေ ပြုလုပ်လာတတ်ကြပါတယ်။
နားယားတဲ့ ဝေဒနာကို သက်သာဖို့ တွေ့ကရာ တုတ်တွေ၊ စက္ကူတွေ၊ ချိတ်တွေနဲ့ နားကျပ်ပါ များလာရင်
နားမှိုစွဲတဲ့ ရောဂါနဲ့ နားကိုက် ရောဂါပါ ခံစား လာရတတ်ပါတယ်။
“နားယားလာလို့ တရားလွန် နားကျပ်တာမျိုး၊ နားပင်းလောက်တဲ့
အထိ နားကျပ်တာမျိုး မလုပ်သင့်ဘူး။ နားစည် ပေါက်သွားမယ် ဆိုရင် နားလေး သွားတတ်ပါတယ်။
နားမှိုစွဲတာတို့၊ နားကိုက် လာတာတို့ ဖြစ်ပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာပြသ
သင့်တယ်”လို့ အထူးကု ဆရာဝန် ဒေါက်တာ ဦးဝင်းထိုက်ကြည်က ပြောပါတယ်။
Credit : ကုမုဒြာ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။