Print

Q Fever

  03-Nov-2019
Preview Image

Q Fever ဆိုသည်မှာ ရောဂါကူးစက်ခံနေရသော တိရစ္ဆာန်များ (သိုး၊ ကျွဲ၊ နွား၊ ဆိတ်) မှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲသို့ ကူးစက်ဝင်ရောက်လာသော ဘက်တီးရီးယားရောဂါတစ်မျိုးဖြစ်သည်။

လက္ခဏာများ
Q fever ၏ အဓိက ရောဂါလက္ခဏာများမှာ
- ကိုယ်ပူကြီးခြင်း၊
- ခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊
- ကြွက်သားနှင့် အဆစ်များ နာကျင်ကိုက်ခဲခြင်း၊
- ချွေးပျံခြင်း၊
- လည်ချောင်းနာခြင်းနှင့်
- ကိုယ်အလေးချိန်ကျသွားခြင်း တို့ဖြစ်သည်။
များသောအားဖြင့် ရောဂါပိုးရှိသူများတွင် တုပ်ကွေးလက္ခဏာများသာ ပြတတ်ပြီး ၂ ပတ်အတွင်း ပျောက်သွားလေ့ရှိသည်။ ၆ လထက် ပိုကြာပါက Chronic Q fever (နာတာရှည် Q fever) ဟုခေါ်သည်။

သို့သော် တချို့လက္ခဏာများသည် လအတန်ကြာ ကြာတတ်ပြီး ခန္ဓာကိုယ်၏ တခြားနေရာဖြစ်သော နှလုံးကို ထိပါက အသက်အန္တရာယ် ထိခိုက်နိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ
- ရောဂါပိုး ကူးစက်ခံရသော တိရစ္ဆာန်မှ ထွက်သော အမှုန်များ ရှူမိခြင်း
- ရောဂါပိုးရှိသော မြေဆီလွှာ၊ ဖုန်မှုန့်နှင့် ကောက်ရိုးများမှထွက်သော ဖုန်မှုန့်များ ရှူရှိုက်မိခြင်း
- မျက်လုံး၊ အရေပြား ပြတ်ရှရာမှ ပိုးဝင်နိုင်ခြင်း
- ရောဂါပိုး ကူးစက်ခံထားရသော တိရစ္ဆာန်၏ နို့ကို သောက်မိခြင်း
- လိင်ဆက်ဆံရာမှ ကူးစက်ခြင်း
- မိခင်မှ သန္ဓေသားသို့ကူးစက်ခြင်း တို့ဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ
Q fever ၏ နောက်ဆက်တွဲ လက္ခဏာများမှာ
- နှလုံးရောင်ခြင်း၊
- Pneumonia ခေါ် အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊
- အသည်းရောင်ခြင်း၊
- ဦးနှောက် အမြှေးပါးရောင်ခြင်းနှင့်
ကိုယ်ဝန်ဆောင်စဉ် Q fever ရပါက
- လမစေ့၊ ပေါင်မစေ့ မွေးဖွားခြင်း၊
- ကလေး ပျက်ကျခြင်းနှင့် အသေမွေးခြင်း တို့ဖြစ်နိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
ထိုရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပြီး ရောဂါလက္ခဏာများ ကြာရှည်စွာဖြစ်နေခြင်း၊ ပိုဆိုးလာခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ်ဆိုပါက ဆေးရုံဆေးခန်းသို့စောစီးစွာ သွားရောက်သင့်သည်။

စစ်ဆေးမှုများ
ရောဂါအခြေအနေ၊ တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိမရှိ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းနှင့် သွေးစစ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ရောဂါရှိမရှိ သိနိုင်သည်။

ကုသခြင်း
Q fever ဖြစ်လာပါက ဆေးကုသမှှု မခံယူဘဲ ပြန်ကောင်းနိုင်သော်လည်း အချို့မှာမူ ပဋိဇီဝဆေးများ သောက်သည့်တိုင်အောင် မသက်သာဘဲ ရှိနေတတ်သည်။ နာတာရှည် Q fever ဖြစ်ပါက ကုသရန် ခက်ခဲပြီး အနည်းဆုံး ၁၈ လအထိ ပိုးသတ်ဆေးများ သောက်ရန်လိုအပ်သည်။ နောက်ဆက်တွဲ ရောဂါဖြစ်သော နှလုံးရောင်ခြင်း ဖြစ်ပါက ဆေးရုံတက်၍ ကုသမှုခံယူရန် လိုအပ်သည်။

ကာကွယ်ခြင်း
Q fever ကို ကာကွယ်ရန် အလို့ငှာ တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိပါက
- လက်ကို သေချာ စင်ကြယ်အောင် ဆေးကြောရန်
- ဒဏ်ရာများ ရရှိပါက သန့်ရှင်းအောင်လုပ်၍ ဖုံးအုပ်ထားရန်
- ရေစိုခံ လက်အိတ်များ၊ ရေကာ၊ လေကာ မျက်မှန်များ တပ်ဆင်ရန်
- ပိုးမွှားများ ရှိနိုင်သော နေရာတွင် အစာစားခြင်းမှ ရှောင်ကြဉ်ရန်
- တိရစ္ဆာန် အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်ပါသည်။


PTA
Ref: NHS Choices, UK


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18