Print

အိပ်ပျော်နေစဉ် အသက်ဆုံးရှုံးခြင်း

  07-Nov-2019
Preview Image

          ဆေးပညာသမိုင်းတွင်း အိပ်ပျော်၍ သိစိတ်ကင်းမဲ့နေရာမှ မည်သည့်အခါမှ ပြန်နိုးမလာသည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသူများသည် အရေအတွက်များစွာရှိခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းဂရိလူမျိုးများ၏ ဆိုရိုးစကားများတွင် သေခြင်းနှင့် အိပ်စက်ခြင်းကို ညီအစ်ကိုများဟု တင်စား၍ သေဆုံးခြင်းသည် ပြည့်စုံသော အိပ်စက်ခြင်းဖြစ်ကာ အိပ်စက်ခြင်းသည် မပြည့်စုံသော သေဆုံးခြင်းဟု ဆိုခဲ့ကြသည်။

          အိပ်စက်အနားယူခြင်းသည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော်လည်း လူသားများအိပ်စက်နေချိန်တွင် ဦးနှောက်သည် အိပ်စက်ခြင်းမရှိဘဲ အလုပ်လုပ်နေပေသည်။ အိပ်ပျော်နေစဉ် အသက်ဆုံးရှုံးခြင်း ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ရှိသည်။


၁။ ရုတ်တရက် နှလုံးခုန်ရပ်ဆိုင်းခြင်း

          နှလုံးခုန်ခြင်းကို ပုံမှန်ဖြစ်စေသော လျှပ်စစ်လှိုင်း ထုတ်လွှတ်သည့်နေရာ (Sinoatrial node) သည် လျှပ်စစ်လှိုင်းကို ပုံမှန်မထုတ်လွှတ်ချိန်တွင် နှလုံးခုန်ခြင်းသည် စည်းချက်မမှန်ဖြစ်လာရာမှစ၍ နှလုံးကို ရုတ်တရက် ရပ်ဆိုင်းသွားစေနိုင်သည်။ တစ်နည်းအားဖြင့် နှလုံး၏ လျှပ်စစ်လှိုင်းစနစ်များ ပုံမှန်အလုပ်မလုပ်လျှင် ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးစေခြင်းဖြစ်သည်။ ယင်းသို့ ဖြစ်ပွားလာပါက မိနစ်အနည်းငယ်သော အချိန်အတွင်း  အသက်သေဆုံးစေနိုင်ပေသည်။

          အိပ်ပျော်နေစဉ် ယင်းအခြေအနေနှင့် ကြုံလာရပါက နှလုံးမှ ဦးနှောက်သို့ ပုံမှန်ပို့လွှတ်နေသည့်သည် ပို့လွှတ်မှုပမာဏ လျော့နည်းလာကာ လူကိုသေဆုံးစေသည် ရုတ်တရက် နှလုံးခုန်ရပ်ဆိုင်းခြင်းသည် အိပ်ပျော်နေစဉ်သာမက နှလုံးရောဂါ ခံစားနေရသူများသည် မည်သည့်လက္ခဏာမှ မပြဘဲဖြစ်ပွားနိုင်သည်။


၂။ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း

          ကာဗွန်မိုနောက်ဆိုက်သည် အရောင်အနံ့မဲ့သည့် အဆိပ်ငွေ့ဖြစ်ပြီး အဆုတ်အတွင်းသို့ အများအပြားရောက်ရှိပါက လူကိုသေစေနိုင်သည်။ ယင်းဓာတ်ငွေ့သည် မော်တော်ကားများ၊ မီးဖိုများ၊ ဓာတ်ငွေ့လောင်ကျွမ်းမှုများ စသည်တို့မှထွက်ရှိလာသည့် မီးခိုးငွေ့များတွင်ပါရှိသည်။ သို့သော် ယင်းဓာတ်ငွေ့ ပါဝင်မှုတိုင်းတာသည့်ကိရိယာကို အသုံးမပြုလျှင် လေထဲတွင် ရှိနေသည့် ကာဗွန်မိုနောက်ဆိုက် ပမာဏကို မသိရှိနိုင်ချေ။

          ကာဗွန်မိုနောက်ဆိုက်သည် ရှူရှိုက်မိသူအား အဆိပ်ဖြစ်စေသည်။ ယင်းအဆိပ်ငွေ့များကို အန္တရာယ်ဖြစ်စေတဲ့ အဆင့်အထိ ရှူသွင်းမိပါက အဆုတ်သည် ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ လေးလံထှိုင်းမှိုင်းခြင်း၊ အင်အားကုန်ခမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်မကောင်းခြင်းများကို ခံစားရသည်။ သို့သော် အိပ်ပျော်နေစဉ် ကာဗိုက်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းခံရသူသည် ယင်းလက္ခဏာများ ဖြစ်ပေါ်လာခြင်းကိုပင် မသိရှိနိုင်တော့ဘဲ အိပ်ပျော်နေစဉ်မှာပင် သေဆုံးသွားနိုင်သည်။


၃။ နှလုံးကြွက်သားပုပ်ခြင်း

          ယေဘုယအားဖြင့် နှလုံးရောဂါဖောက်ခြင်းဟု သိရှိကြသည့် နှလုံးကြွက်သားပုပ်ခြင်းသည် အိပ်ပျော်နေစဉ်ဖြစ်ပွားနိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ သို့သော် ကံကောင်းသောအချက်မှာ လူကိုမသေဆုံးစေမီ နှလုံးဖောက်လာသည့် လက္ခဏာများက အိပ်နေရာမှ နိုးသွားစေနိုင်ခြင်းဖြစ်သည်။ နှလုံးမှ သွေးစီးဆင်းမှု ပိတ်ဆို့ချိန်တွင် နှလုံးဖောက်ပြန်မှု ဖြစ်ပွားကာ နှလုံးကြွက်သားများကို ပျက်စီးစေသည်။

          နှလုံးကြွက်သားများ ပျက်စီးပါက နှလုံးမှ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ သွေးများကို ပုံမျန်မပို့လွှတ်နိုင်တော့ချေ။ ယင်းအချိန်တွင် ဆေးဝါးကုသမှုကို အချိန်မီ မပြုလုပ်နိုင်ပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိသည်။ သို့သေ်ာ နှလုံးဖောက်ပြန်မှုသည် အိပ်ပျော်နေစဉ်ဖြစ်ပွားပါက အချိန်မီဆေးကုသမှုရရှိရန် မလွယ်ကူချေ။


၄။ အိပ်ပျော်နေစဉ်အသက်ရှူရပ်ခြင်း

          လူတစ်ယောက်အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်သွားခြင်း၏ အဓိကအကြောင်းအရင်းသည် ပုံမှန်အသက်ရှူရှိုက်နိုင်မှု ပျက်ယွင်းခြင်းဖြစ်ကာ သတိမေ့မြောသွားချိန်တွင် အသက်မရှူနိုင်တော့သဖြင့် သေဆုံးကြရလေ့ရှိသည်။ လူ့ဦးနှောက်က လျှပ်စစ်လှိုင်းများကို ကြွက်သားများထံသို့ ပုံမှန် မထုတ်လွှတ်တော့ချိန်တွင် အသက်ရှူရှိုက်မှုကို ထိန်းချုပ်ထားသည့် ကြွက်သားများသည် အလုပ်မလုပ်နိုင်တော့ချေ။ ယင်းဖြစ်စဉ်သည် လူတစ်ယောက်အိပ်ပျော်နေစဉ် ဖြစ်ပွားခဲ့ပါက အသက်ဆုံးရှုံးသည့် အန္တရာယ်ကို ရင်ဆိုင်ကြရပေသည်။

          ယင်းအခြေအနေများ၌ ခန္ဓာကိုယ်အတွင်းရှိရမည့် အောက်ဆီဂျင်သည် လိုအပ်ချက်အောက်သို့ များစွာလျော့နည်းကျဆင်းလာကာ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပုံမှန်အလုပ်လုပ်နိုင်စွမ်းမရှိတော့ချေ။ ယင်းအချိန်တွင် လိုအပ်သော အောက်ဆီဂျင်ကိုပေးခြင်းဖြင့် အသက်ရှင်သန်နိုင်သော်လည်း အိပ်ပျော်နေစဉ် ဖြစ်ပွားပါက အလွယ်တကူ မသိရှိနိုင်ချေ။ လူသားတစ်ဦး၏ ဦးနှောက်သည် အသက်ရှူရှိုက်သည့် အလုပ်ကိုလုပ်ရန် ခန္ဓာကိုယ်ကို မနှိုးဆွနိုင်ချိန်တွင် ထိုသူကို အသက်ဆုံးရှုံးစေမည်ဖြစ်ပေသည်။


၅။ ဦးနှောက်သွေးကြောဖောင်းခြင်း

          ဦးနှောက်တွင် သွေးကြောတစ်ခု၏ နံရံဖောင်းလာသဖြင့် အားနည်းချက်တစ်ခုဖြစ်လာသည့် ရောဂါကို ဦးနှောက်သွေးကြောဖောင်းခြင်းဟု သိရှိကြသည်။ ယင်းအခြေအနေသည် သွေးများပြည့်နေသည့် ပါးလွှာသော ပူဖောင်းတစ်ခုနှင့်တူကာ အချိန်နဲ့အမျှ သွေးလွှတ်ကြောက သွေးများကို တွန်းထုတ်နေသဖြင့် ဦးနှောက်သွေးကြောဖောင်းသူ၏ သွေးပူဖောင်းသည် အားပျော့လာလေ့ရှိသည်။ သွေးဖိအား အလွန်မြင့်လာချိန်တွင် ယင်းသွေးကြောသည် ပေါက်သွားနိုင်သည်။ ထိုသို့ ဦးနှောက်သွေးကြောဖောင်းရာမှ ပေါက်သွားပါက သွေးများက စက္ကန့်ပိုင်းအတွင်း ယိုစီးထွက်လာကာ ဦးနှောက်ဆဲလ်များကို ပျက်စီးစေမည်ဖြစ်သည်။ ယင်းအချိန်တွင် ဦးခေါင်းခွံအတွင်း၌ သွေးဖိအားများ မြင့်တက်လာကာ လူကို အသက်ဆုံးရှုံးစေနိုင်ပေသည်။


၆။ နှလုံးရောဂါ

          အိပ်ပျော်နေစဉ် နှလုံးရောဂါဖောက်ပြန်မှု အများစုသည် အများအားဖြင့် ဝေဒနာရှင်ကို အိပ်ရာမှ နိုးစေသော်လည်း Window maker ဟု ခေါ်သည့် နှလုံးရောဂါဖောက်မှုကတော့ ခြွင်းချက်ဟုဆိုရမည်ဖြစ်သည်။ Window maker သည် နှလုံးရောဂါရှင်များတွင်ဖြစ်ပွားနိုင်သည့် အန္တရာယ်အကြီးမားဆုံးရောဂါဖြစ်သည် Window maker နှလုံးဖောက်ပြန်မှုဖြစ်လျှင် လက်ဝဲဘက်သွေးလွှတ်ကြောမသည် ပိတ်ဆို့ကာ သွေးမစီးဆင်းနိုင်တော့ချေ။

          ယင်းသွေးကြောမသည် ရာနှုန်းပြည့်ပိတ်ပြီဆိုလျှင် ချက်ချင်းအရေးပေါ်ကုသမှုခံယူရန် အချိန်မရပါက သေဆုံးမည်ဖြစ်ပေသည်။ ယင်းအခြေအနေတွင် လူ့နှလုံးကြွက်သားများသည် သွေးလွှတ်ကြောပိတ်ဆို့မှုကြောင့် ပျက်စီးကာ သွေးများကို မပို့လွှတ်နိုင်တော့ဘဲ အသက်ဆုံးရှုံးကြသဖြင့် အိပ်ပျော်နေစဉ် ဖြစ်ပွားပါက အချိန်မီကုသမှုခံယူရန် အခက်အခဲရှိနိုင်သည့် ရောဂါဖြစ်သည်။


၇။ လည်ပင်းကြွက်သားလျော့ကျခြင်း

          အဝလွန်သူများသည် အိပ်ပျော်နေစဉ် လည်ပင်းကြွက်သားများ လျော့ကျလာလေ့ရှိခြင်းကို OSA ဟု သတ်မှတ်ကာ အသက်ရှူကျပ်၍ သေဆုံးနိုင်သည့် အန္တရာယ်ရှိသည်။ OSA သည် အသက်ရှူရန် လေလမ်းကြောင်းပိတ်ဆို့ခံရခြင်းဖြစ်ကာ အိပ်ပျော်နေစဉ် လည်ပင်းကြွက်သားများ လျော့ကာ အိကျလာရမှ လျှာ၊ လျှာခင်၊ ပသိကျိတ်၊ အာခေါင်နောက်ပိုင်းရှိ တစ်သျှူးများပါ လျော့ကျလာပြီး အသက်မရှူနိုင်တော့ချေ။ OSA ဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းကို မကုသနိုင်သဖြင့် အသံတိတ်လူသတ်ရောဂါဟု တင်စားပြောဆိုကြသည်။    

          အိပ်ပျော်နေစဉ် OSA ဖြစ်လာသူသည် သွေးတွင်းရှိရမည့် အောက်ဆီဂျင်ပမာဏ ရုတ်တရက် လျော့ကျကာ အသက်ရှူရပ်၍ သေဆုံးကြရသည်။ နှလုံးရောဂါနှင့် လေဖြတ်ရောဂါရှိသူများသည် OSA က ရောဂါကို တွန်းအားပေးသကဲ့သို့ဖြစ်စေနိုင်ကာ အိပ်ပျော်နေရာမှ မနိုးနိုင်မီ အသက်ဆုံးရှုံးနိုင်ပေသည်။ အိပ်စက်ခြင်းသည် လူသားတိုင်း နေ့စဉ် မဖြစ်မနေ ဆောင်ရွက်ရသည့် အနားယူမှုဖြစ်သော်လည်း အိပ်ရာမှ မနိုးထနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ကြသူများသည် အလွန်ပင်များပြားခဲ့သဖြင့် အိပ်ပျော်နေစဉ် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်များကို သတိပြုဆင်ခြင်ကြရန် လိုအပ်ပေသည်။

Credit: ကောင်းစည်သူ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18