စအိုဝကွဲခြင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာများ သက်သာစေရန်
01-Mar-2017ဝမ်းချုပ်တဲ့အခါ ဝမ်းမာမာသွားတာ၊ အတုံးကြီးကြီးသွားတာကြောင့် စအိုကွဲတာဖြစ်တတ်ပါတယ်။ စအိုကွဲတာကြောင့် နာကျင်တာနဲ့ ပူစပ်ပူလောင် ခံစားမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဝမ်းခဏခဏသွားတာ၊ အူလမ်းကြောင်းရောဂါဖြစ်တဲ့ (Irritable Bowel Disease) ရှိတာ၊ စအိုဝ အဝကြွက်သား ကျုံ့တာများတာ၊ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ ရှိတာစတဲ့ အကြောင်းတွေကြောင့်လည်း စအိုကွဲတာ ဖြစ်နိုင်ပါတယ်။
ခံစားရသောဝေဒနာများ
စအိုကွဲတာကြောင့် ယားယံတာအပြင် နာကျင်မှု ဒါမှမဟုတ် ဝမ်းသွားတဲ့ အခါ သွေးထွက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ စအိုကွဲတဲ့အခါ ဖြစ်ပေါ်လာတဲ့ မသက်မသာခံစားမှုတွေကြောင့် စိတ်မညစ်ညူးစေဖို့ အောက်ပါအိမ်တွင်း နည်းလမ်းတွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
သံလွင်ဆီလိမ်းပါ
သံလွင်ဆီမှာ အဆီတွေများစွာ ပါဝင်တာကြောင့် ဝမ်းသွားတဲ့အခါ ရှောရှောရှူရှူ သွားစေပါတယ်။ စအိုကွဲတာကြောင့်ဖြစ်တဲ့ ရောင်ရမ်းတာကို လျော့နည်းစေပြီး နာကျင်မှုကို သက်သာစေပါတယ်။ သံလွင်ဆီ၊ ပျားရည်နဲ့ ဖျားဖယောင်းတို့ကို ဆတူရောပြီး အပူအနည်းငယ်ပေးပါ။ အားလုံးရောပြီး ပျော်သွားရင် အအေးခံပါ။ ပြီးနောက် စအိုကွဲတဲ့နေရာကို လိမ်းပေးပါ။ မကြာခဏ လိမ်းပေးပါ။
ရှားစောင်းလက်ပပ် လိမ်းပါ။
ရှားစောင်းလက်ပပ်မှာ သဘာဝအနာကျက်မြန်စေတဲ့ အာနိသင်ရှိပြီး နာကျင်မှုကို လည်း လျော့နည်းစေပါတယ်။ စအိုနားတစ်ဝိုက်က အရေပြားပျက်စီးတာတွေ ကိုလည်း ပြန်လည်ပြု ပြင်ပေးပါတယ်။ ရှားစောင်းလက်ပပ်အရွက်ရဲ့ အလယ်ကို အလျားလိုက်ဖြတ်ပြီး အတွင်းသား ဂျယ်လီကိုရယူပါ။ စအိုတစ်ဝိုက်ကို မကြာခဏ လိမ်းပေးပါ။
အုန်းဆီလိမ်းပါ
စအိုကွဲတာအတွက် အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီမှာပါဝင်တဲ့ အဆီက အရေပြားကို ထိုးဖောက်ပြီး ချောမွေ့စေတဲ့အပြင် အနာကျက်မြန်စေပါတယ်။ အုန်းဆီကို စအိုကွဲတဲ့ အရေပြားပေါ် တစ်နေ့ ၂-၃ ကြိမ်လိမ်းပေးပါ။
ပန်းသီးရှာလကာရည်
အူလမ်းကြောင်းအတွင်း လှုပ်ရှားမှုများလို့ မကြာခဏ ဝမ်းသွားတာ၊ ဝမ်းချုပ်တာတွေက စအိုကွဲကို ဖြစ်စေပါတယ်။ ဝမ်းချုပ်တာအတွက် ပန်းသီးရှာလကာရည်ကို သောက်သုံးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် ၁-၂ ဇွန်းကို ရေတစ်ဖန်ခွက်နှင့်ရောပါ။ ပျားရည် အနည်းငယ်ထည့်ပြီး တစ်နေ့နှစ်ကြိမ်သောက်သုံးပါ။ အခြားလတ်ဆတ်သော သစ်သီးဖျော်ရည်များလည်း သောက်သုံးနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ်သောက်ပါက ဝမ်းပျော့ပျော့သွားပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
ရေနွေးစိမ်ပါ
စအိုကွဲတာဖြစ်တဲ့ မသက်မသာခံစားမှုတွေ သက်သာစေဖို့နဲ့ အနာကျက်မြန်စေ ဖို့ ရေနွေးစိမ်ပေးပါ။ ကြက်သီးနွေးရေထည့်ထားတဲ့ ရေဇလုံထဲကို လာဗံဒါဆီ အနည်းငယ် ထည့်ပြီး ရောမွှေပါ။ အဲဒီရေထဲကို ၁၅-၂၀ မိနစ်ကြာ စိမ်နေပါ။ တစ်နေ့၂-၃ ကြိမ် ပြုလုပ်ပါ။
ရေနံဂျယ်လီ
ရေနံဂျယ်လီကဝမ်းကို ရှောရှောရှူရှူထွက်စေပြီး နာကျင်မှုသက်သာစေပါတယ်။ ဝမ်းသွားခါနီးတိုင်း စအိုဝတစ်ဝိုက်ကို ရေနံဂျယ်လီလိမ်းပေးပါ။
အမျှင်ဓာတ်များများစားပါ
အမျှင်ဓာတ်ပုံမှန်စားသုံးတာက အူလမ်းကြောင်း လှုပ်ရှားမှုကို ပုံမှန်ဖြစ်စေပါတယ်။ ဝမ်းပျော့ပျော့ သွားပြီး စအိုကွဲတာ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ အုတ်ဂျုံ၊၊ ပဲအမျိုးမျိုး ၊ ကောက်နှံကွေကာ၊ ဟင်းနုနွယ်၊ ဖရုံစေ့၊ နေကြာစေ့စတဲ့ အစေ့အဆန် အမျိုးမျိုးစတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစာတွေ စားသုံးနိုင်ပါတယ်။
ရေခဲဝတ်ကပ်ပေးပါ
သန့်စင်တဲ့ အဝတ်စတစ်ခုကို ရေခဲရေထဲ ထည့်စိမ်ပြီး စအိုဝကို ကပ်ပေးပါ။ စအိုကွဲတဲ့အခါ ခံစားရသော နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
သန့်သန့်ရှင်းရှင်းထားပါ
စအိုကွဲတာ အမြန်သက်သာစေဖို့ အဓိကလုပ်ဆောင်ရမှာက သန့်ရှင်းရေး ဆောင်ရွက်ဖို့ပါပဲ။ ပထမဆုံးအနေနဲ့ စအိုကွဲတဲ့နေရာကို သန့်ရှင်းရေးပြုလုပ်ပါ။ ခြောက်သွေ့အောင် ရေသုတ်ပါ။ အဲဒီနေရာမှာ စိုစွတ်နေပါက ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားရှင်သန်နိုင် တာကြောင့်ပါ။ ဝမ်းသွားပြီးတိုင်း တစ်ရှူးစက္ကူအပျော့စား အသုံးပြုပါ။ အတွင်းခံဘောင်းဘီကို တင်းကျပ်လွန်းတာ မဝတ်ဆင်ဘဲ လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီ ဝတ်ဆင်ပါ။
ဝမ်းချုပ်စေသော အစာရှောင်ပါ
သကြားများတဲ့အစာတွေ၊ ဆွတ်ဆွတ်ဖြူအောင် ဖွပ်ထားတဲ့ဆန်နဲ့ ပြုလုပ်ထားတဲ့ အစာတွေ စားသုံးတာကြောင့် ဝမ်းချုပ်တာ ဖြစ်စေပါတယ်။ လက်တို့စ် (lactose) နဲ့ ဓာတ်မတည့် သူတွေ နို့နှင့်နို့ထွက်ပစ္စည်းတွေ စားသုံးမှုကြောင့် ဝမ်းသွားပါက စအိုဝကွဲကာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, December 2015, Pg. 40-42