မိုင်လိုဘလက်စတစ် သွေးကင်ဆာရောဂါ (AML)
20-Dec-2019
အဲဒီအမျိုးအစား သွေးကင်ဆာဟာ (ALL) လောက် အဖြစ်မများလှပေမဲ့ အမေရိကန်ကလေး
သွေးကင်ဆာရှင်တွေရဲ့ ၁၁ ရာခိုင်နှုန်းရှိပါသည်။ AML က ကလေးတွေထက် အရွယ်ရောက်ပြီးသူ
၁၅ နှစ် ကနေ ၁၉ နှစ်အတွင်းမှာ ၃၆ ရာခိုင်နှုန်းတောင် ပိုဖြစ်တာ တွေ့ရတယ်။ ဘာကြောင့်
ဖြစ်ရတယ်ဆိုတာ အတိအကျမရှိပေမဲ့ မျိုးရိုးဗီဇချို့ယွင်းမှု၊ ပတ်ဝန်းကျင်
စေ့ဆော်မှုတွေကြောင့် သွေးကင်ဆာ ဖြစ်ရတယ်လို့ ယူဆရပါတယ်။ သွေးကင်ဆာ (AML)
ဖြစ်စေတဲ့၊ အခွင့်အလမ်း ပေးနိုင်တဲ့ အချက်တွေကတော့ ဓာတ်ရောင်ခြည်သင့်ခြင်း (ဓာတ်မှန်ခဏခဏ
ရိုက်ရခြင်း) ဓာတုဆေးဝါးများနှင့် ထိတွေ့ရခြင်း (alkylating agents,
epipodophyllotoxin)၊ အော်ဂဲနစ်ပစ္စည်းတွေနဲ့ ထိတွေ့ခြင်း (Organic solvent)၊
တချို့ မျိုးရိုးဗီဇချို့ယွင်းချက်များ ပါရှိခြင်း (ဥပမာ - Down syndrome
(ဒေါင်းရောဂါစု), Fanconi anaemia, Bloom syndrome, Diamond-Black Fan syndrome)
စတဲ့ မွေးရာပါ ချို့ယွင်းချက်ရောဂါတွေနဲ့ ဆက်စပ်မှုရှိခြင်း စတာတွေဖြစ်ပါသည်။
လက္ခဏာအထွေထွေ
ရောဂါလက္ခဏာ ပြသတာကတော့ ခြင်ဆီထဲကတစ်သျှူး အကောင်းတွေနေရာမှာ ကင်ဆာဆဲလ်တွေက
အစားထိုးဝင်ရောက် ဖျက်စီးတာဆိုတော့ ခြင်ဆီအားမရှိ (marrow failure) ပျက်စီးတဲ့
လက္ခဏာတွေ ဖြစ်ပေါ်လာတယ်။ သွေးနီဥနှင့် သွေးဥမွှားအရေအတွက်တွေ အများကြီး ကျဆင်းလာလို့
ဖြူဖပ်ဖြူရော်နှင့် သွေးယိုတာ၊ နှာခေါင်းသွေးယိုတာ၊ သွားဖုံးက ထိမိရုံနှင့်
သွေးအများကြီးထွက်လာတာ၊ သွေးအန်တာ၊ ဝမ်းမည်းမည်းသွားတာတွေ ဖြစ်လာကြတယ်။ တစ်ခုထူးတာက
အရေပြားအောက်မှာ အဖုလုံးတွေ၊ ခပ်ညိုညိုအကျိတ်ဖုတွေ စမ်းသပ်တွေ့ရှိရတယ်။
သွားဖုံးတွေ ရောင်ကိုင်းဖုဖောင်းလာပြီး သွေးယိုလွယ်တာ (Hypertrophy of gun due to
infiltration) တွေ တွေ့လာရတယ်။ ပိုဆိုးတာက DIC လို့ခေါ်တဲ့ နေရာအနှံ့
သွေးယိုထွက်မှုဖြစ်စေတဲ့ (Disseminated intravascular coagulation) ရောဂါလက္ခဏာ
ဖြစ်စေတာကြောင့် အသက်အန္တရာယ် နီးကပ်စေတယ်။ ဒါ့အပြင် တချို့အမျိုးအစား subtype
တွေမှာ Chloroma ခေါ်တဲ့ အလုံးသေးသေး (discrete masses) လေးတွေဟာ
မျက်လုံးအိမ်အတွင်းနဲ့ ခါးရိုးအတွင်း (epidural space) ထဲမှာ တွေ့ရှိရတာက ရောဂါရဲ့
ထူးခြားချက်ဖြစ်တယ်။ သွေးဖြူဥတွေ ပုံမမှန်ပွားများတာနှင့် ကိုယ်ခံအားကျတာကြောင့်
ခဏခဏ ဖျားနာလွယ်တာ၊ ရောဂါထူတာ၊ နာလန်မထူနိုင်တာ စသဖြင့် ဖြစ်ပေါ်ခံစားလာရပါတယ်။
ကုသခြင်း
သွေးစစ်၊ ဓာတ်မှန်ရိုက်၊ အာထရာဆောင်းကြည့်၊ ရိုးတွင်းခြင်ဆီဖောက်စစ် စတဲ့ လိုအပ်တာအားလုံး
စစ်ဆေးအပြီး အမျိုးအစား (Type) တွေ ခွဲအပြီး ထိရောက် ပြင်းထန်တဲ့ ဓာတုကုထုံးကို
စနစ်တကျ ပေးလိုက်ရင် ၈၅ ရာခိုင်နှုန်းအထိ သက်သာသွားတာ တွေ့ရတယ်။ အသက် ၃ဝ ပတ်ဝန်းကျင်
လူနာတစ်ယောက်ဆိုရင် AML ဖြစ်ပွားအပြီး တစ်လလောက်အတွင်းကနေ စောစီးကုသမှု စနစ်တကျ
ခံယူလိုက်တော့ အခု သုံးနှစ်အတွင်းထိ relapse တစ်ခါမှ ပြန်မရတာ ဝမ်းမြောက်စရ
တွေ့ရှိရတယ်။ ကုသမှုနောက်ကျရင် သွေးထွက်လွန်မှုနဲ့ ရောဂါပိုး အပြင်းအထန် ဝင်ရောက်နှိပ်စက်မှုကြောင့်
ကုသမှုခံယူရင်းတောင် တစ်နှစ်အတွင်း သေဆုံးနိုင်တယ်။ ဓာတုကုထုံးယူလို့ ရောဂါသက်သာ
ပျောက်ကင်းနေချိန် (Remission) အတောအတွင်းမှာ HLA type တူညီတဲ့ စတင်းမ်
ဆဲလ်အစားထိုးခြင်း၊ ရိုးတွင်းခြင်ဆီ အစားထိုး လဲလှယ်ခြင်းပြူလုပ်ရင် နှစ်ရှည်ရှည်
အသက်ရှင်နှုန်း (ရောဂါပျောက်ကင်းနှုန်း) ကောင်းစေပါတယ်။ အဲဒီရလာဒ်ကောင်းဟာ ၆ဝ-၇ဝ
ရာခိုင်နှုန်းလောက်အထိ မြင့်တက်နိုင်တယ်။ ခြင်ဆီအစားထိုးခြင်း၊ စတင်းကုထုံးကိုပဲ
လိုအပ်သလို ဆက်လက်ပေးရမယ် ဆိုရင်တောင် အသက်ရှင်နှုန်း (ရောဂါပျောက်ကင်းနှုန်း) ဟာ
၄၅-၅ဝ ရာနှုန်းသာ ရှိပါမယ်။ ရောဂါရဲ့အလားအလာ
ကောင်းစေတဲ့ အချက်တွေကတော့ သွေးကင်ဆာ subtype m3 ဖြစ်ခြင်း၊ ဓာတုကုထုံးကို
တုံ့ပြန်မှု မြန်ဆန်ကောင်းမွန်ခြင်း၊ အမျိုးအစားတူညီခြင်းတဲ့ စတင်းဆဲလ်
အစားထိုးခြင်း (သို့) ရိုးတွင်းခြင်ဆီအစားထိုးခြင်း စတဲ့အချက်တွေရှိရင်
အသက်ရှင်နှုန်း ပိုကြာရှည်စေပါတယ်။ လိုအပ်တဲ့အချိန် သွေးသွင်းတာ၊ ထိရောက်တဲ့ ပဋိဇီဝ
ဆေးသွင်းကုတာ၊ အာဟာရပြည့်ဝအောင် စားသုံးစေရတာ၊ ရောဂါဝင်မလွယ်အောင် ကြပ်မတ်စောင့်ရှောက်ရတာ
စတဲ့အချက်တွေကတော့ သွေးကင်ဆာလူနာရှင်တိုင်း လိုအပ်တာ ဖြစ်ပါတယ်။
ပြင်းထန်ထိရောက်တဲ့ ကုသမှုရဲ့ ဘေးထွက်အကျိုးကြောင့်ရော၊ ခြင်ဆီအားနည်းမှုကြောင့်ပါ
အသက်ထိခိုက်နိုုင်လောက်တဲ့အထိ ပိုးမွှားဝင်ရောက်တဲ့ အန္တရာယ်ကတော့ အချိန်မရွေး
ရှိပါတယ်။
Credit : ဒေါက်တာမြမြချယ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
