Print

စိတ်ဖိစီးမှု

  23-Dec-2019
Preview Image

မြင်ရ၊ တွေ့ရတာ များလှသော ရိုးအီနေပြီဖြစ်သော အကြောင်းအရာဆိုသော်လည်း ဒီနေ့ခေတ်အခါမှာ စိတ်ဖိစီးမှုကို ခံစားနေရသော လူများမှာ ဒုနှင့်ဒေး မနည်းလှတာကြောင့် ဒီဆောင်းပါးကို ရေးဖြစ်ခြင်း ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ကြီးစွာသော ဖိစီးမှုကြီးများကို ယနေ့အခါမှာ လူတိုင်း နီးပါးခံစားနေကြရပါတယ်။ စိတ်ဖိစီးမှုကို လုပ်ငန်းအောင်မြင်ရန် တွန်းအားတစ်ခုအဖြစ် အသုံးချပြီးအခက်အခဲတစ်ခုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပေမယ့်ရေရှည်မှာ စိတ်ဖိစီးမှု များခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

စိတ်ဖိစီးမှုဆိုတာ စိတ်ရောဂါခံစားနေရတဲ့လူမှ ခံစားရနိုင်တာ မဟုတ်ပါဘူး။ ပုံမှန်လူတိုင်း
မှာ ဖြစ်နိုင်တဲ့ ခံစားချက်မျိုးပါ။ မိမိရဲ့ ခံယူချက်ပေါ် မူတည်ပြီး၊ ခံနိုင်ရည်စွမ်းအားပေါ် မူတည်ပြီး စိတ်ကျန်းမာခြင်း၊ မကျန်းမာခြင်း ကွာခြားသွားတာပါ။

စိတ်ဖိစီးမှုမျိုးအစားများ


၁။ မိမိအတွက် အနည်းငယ်ခက်ခဲသော ကိစ္စတစ်ခုကို ပြုလုပ်သည့်အခါ၊ စိတ်အနှောက်အယှက် ဖြစ်သည့်အခါ၊ စိတ်လှုပ်ရှားသည့်အခါမျိုးတွင် တစ်ခဏတာ စိတ်ဖိစီးမှုများခြင်း

၂။ ငွေကြေးပြဿနာ၊ မိသားစုပြဿနာ၊ အလုပ်မှာ အဆင်မပြေခြင်းများ ဖြစ်လာတဲ့အခါ အချိန်အတော်ကြာကြာ လနှင့်ချီပြီး စိတ်ဖိစီးမှုများတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စိတ်ဖိစီးမှုကို ကောင်းစွာ မတွန်းလှန်နိုင်လျှင်၊ သင့်တင့်မျှတအောင် တွေးခေါ်နိုင်ခြင်း မရှိလျှင် စိတ်မကျန်းမာတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုနှင့် ရုပ်ခန္ဓာ

အခက်အခဲတစ်ခုနှင့် ရင်ဆိုင်လာရတဲ့ အခါမျိုးမှာ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာက ဦးနှောက်ကို လှုံ့ဆော်ပေးသော ၊ ကြွက်သားများကို တောင့်တင်းလာစေသော၊ နှလုံးခုန်နှုန်း မြန်လာစေသော ဟော်မုန်းများကို ထုတ်တတ်ပါတယ်။ ဒီလို ဟော်မုန်းများ ထုတ်ခြင်းဖြင့် မိမိကိုယ်ကို အန္တရာယ်မှ ကာကွယ်ရုံမကဘဲ အခက်အခဲကိုလည်း ကျော်ဖြတ်နိုင်လေ့ရှိပါတယ်။

သို့သော် အချိန်အတိုင်းအတာတစ်ခုကို ကျော်လွန်သွားလျှင်
- သွေးပေါင်ချိန်တက်ခြင်း
- နှလုံးရောဂါဖြစ်ခြင်း
- ဆီးချိုရောဂါ
- အဝလွန်ခြင်း
- စိတ်ကျရောဂါ
- အစိုးရိမ်လွန်ရောဂါ
- ရာသီပုံမှန်မလာခြင်း
- အရေပြားရောဂါများ ဖြစ်ခြင်း( ဝက်ခြံ၊ နှင်းခူ) အစရှိသည့် ရောဂါများ ဖြစ်နိုင်ပါတယ်။ နဂိုရှိသော ရောဂါများကိုလည်း စိတ်ဖိစီးမှုများခြင်းက ပိုမိုဆိုးရွားစေပါတယ်။

စိတ်ထောင်းကိုယ်ကြေ ဆိုသလို စိတ်ပင်ပန်းသည့်အချိန်များလာတဲ့အခါ

- ဝမ်းလျောခြင်း၊ ဝမ်းချုပ်ခြင်း
- မေ့တတ်လာခြင်း
- မကြာခဏ နာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- အာရုံမစိုက်နိုင်ခြင်း
- ကာမသုခကို မခံစားနိုင်ခြင်း
- ပင်ပန်းလွယ်လာခြင်း
- အိပ်မပျော်ခြင်း သို့မဟုတ် အရမ်းအိပ်လွန်းခြင်း
- အစာမစားနိုင်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း သို့ တက်ခြင်း များရှိတတ်ပါတယ်။

* ခေါင်းမူးခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှူ မြန်လာခြင်း
* ပုံမှန်အလုပ်များကို မလုပ်နိုင်တော့ခြင်း
* မိမိကိုယ်ကို မိမိ ထိန်းချုပ်နိုင်စွမ်းအား နည်းလာခြင်း
* ယခင်က ဆိုးဝါးသည့် အတိတ်က ဖြစ်ရပ်များကို မကြာခဏ အမှတ်ရပြီး ကြီးစွာ စိတ်ထိခိုက်နာကျင်ခြင်း
ဒီလိုစိတ်ခံစားမှုတွေ ဖြစ်လာရင်တော့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ပါတယ်။

Credit : Dr.Myat Noe


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18