Print

လိပ်ခေါင်းရောဂါအကြောင်း သိကောင်းစရာ

  25-Dec-2019
Preview Image

လိပ်ခေါင်းဆိုသည်မှာ စအိုဝ၌ ပေါ်ပေါက်လာသော ဖောင်းကြွပြီး နာကျင်မှုရှိသည့် သွေးပြန်ကြောများဖြစ်ပါသည်။ ဆေးပညာအရ Haemorrhoid, Piles, Rectal Lump စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိပါသည်။ လိပ်ခေါင်းရောဂါသည် လူတော်တော်များများတွင် ဖြစ်လေ့ရှိသည့် ရောဂါတစ်ခုဖြစ်ပါသည်။ ဝမ်းချုပ်တတ်သူများ၊ ဝမ်းသွားချိန်တွင် အားသုံး၍ ဝမ်းညှစ်တတ်သူများ၊ အညောင်းထိုင် အလုပ်လုပ်သူများ၊ စအိုဝတွင် အနာရောဂါဖြစ်သူများနှင့် အသည်းခြောက်ရောဂါရှိသူများတွင် အဖြစ်များပါသည်။ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီး အချိန်များတွင်လည်း ဖြစ်တတ်ပါသည်။

စအိုဝရှိ သွေးပြန်ကြောများတွင် သွေးဖိအားများလာသော အခါ လိပ်ခေါင်းရောဂါ ဖြစ်စေပါသည်။ စအိုဝရှိ သွေးပြန်ကြောများ၏ သွေးလျှောက်မှုကို ဖိနှိပ်ပိတ်ဆို့စေသော အခါသွေးပြန်ကြောအတွင်း သွေးများစုပုံလာပြီး ဖိအားများလာပါသည်။ ဖိအားများ
လာသောကြောင့် စအိုဝရှိ သွေးပြန်ကြော များ ဖောင်းပွလာကာ နာကျင်မှု ဝေဒနာကို ခံစားလာရပါသည်။ အထူးသဖြင့် ထိုင်နေသည့် အနေအထားတွင် နာကျင်မှုဝေဒနာကို သိသိသာသာ ခံစားရပါသည်။ လိပ်ခေါင်းသည် စအိုဝ၏ အတွင်း (Internal
Haemorrhoids) ၌ ပေါ်နိုင်သကဲ့သို့ စအိုဝ၏အပြင် (External Haemorrhoids) ၌လည်း ပေါ်ပေါက်နိုင်ပါသည်။ လိပ်ခေါင်း ဖြစ်ပြီဆိုပါက စအိုဝအနီးတစ်ဝိုက်တွင် ယားယံလာတတ်ပါသည်။ ထို့နောက် စအိုဝပတ်ပတ်လည်တွင် နာကျင်ကိုက်ခဲ မှုဝေဒနာကို ခံစားလာရပြီး ၎င်းဝေဒနာသည် ထိုင်နေသည့် အချိန်တွင် ပိုဆိုးပါသည်။ တစ်ခါ တစ်ရံတွင် စအိုဝမှသွေးယိုစီးမှု ရှိနိုင်ပြီး သွေးစသွေးနများကို မစင်ပေါ်တွင်လည်းကောင်း၊ အိမ်သာခွက်ထဲတွင်လည်းကောင်း၊ အိမ်သာသုံးစက်္ကူပေါ်တွင်
လည်းကောင်း တွေ့ရနိုင်ပါသည်။

ဝမ်းသွားချိန်တွင် နာကျင်မှုရှိနိုင်ပါ သည်။ စအိုဝပတ်ပတ်လည်တွင် နာကျင်မှုရှိသော အလုံးအကျိတ်များတစ်ခု သို့မဟုတ် တစ်ခု ထက်ပိုကာ ပေါ်ပေါက်လာနိုင်ပါသည်။ ဆရာဝန်မှ ကြည့်ရှုစမ်းသပ်သောအခါ စအိုဝ ကို စမ်းသပ်စစ်ဆေးကြည့်ရုံဖြင့် လိပ်ခေါင်းရောဂါ ရှိကြောင်း ဖော်ထုတ်နိုင်လေ့ရှိပါသည်။ လိုအပ် ပါက Sigmoidoscopy သို့မဟုတ် Anoscopy များ အသုံးပြုကာ စမ်းသပ်မည် ဖြစ်ပါသည်။ လိပ်ခေါင်းရောဂါဖြစ်ပြီဟု ယူဆပါက ဆရာဝန်နှင့် ပြသ တိုင်ပင်သင့် ပါသည်။ Corticosteroids Cream လိမ်းပေး ခြင်းသည် လိပ်ခေါင်း ကြောင့်ဖြစ်ပေါ်သော နာကျင် ရောင်ရမ်းမှုကို သက်သာစေပါသည်။ ဝမ်းပျော့ဆေး စားသုံးခြင်းသည် ဝမ်းညှစ်အား အသုံးပြုမှုကိုလျော့ကျစေပါသည်။ ချည်သား စစ်စစ်ဖြင့် ပြုလုပ်ထားသောအောက်ခံဘောင်းဘီ
ဝတ်ဆင်ခြင်းသည် ယားယံမှုကို လျော့ကျစေ နိုင်ပါသည်။ အိမ်သာသုံးစက္ကူများ အသုံးမပြုရပါ။ ယားယံမှုကို ပိုဆိုးစေသောကြောင့် ဖြစ်ပါသည်။

ယားယံသော စအိုဝကို မကုတ်မိပါစေနှင့်။ ရေနွေး နွေးတွင် စအိုကိုစိမ်၍ ၁ဝ မိနစ်မှ ၁၅ မိနစ်ခန့် ထိုင်ပေးခြင်းသည် သက်သောင့်သက်သာရှိစေ နိုင်ပါသည်။ မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင် သောက်ဆေးသောက်ရုံဖြင့် သက်သာပျောက် ကင်းနိုင်သော်လည်း ပြင်းထန်လာပါက ခွဲစိတ်ကုသသော နည်းလမ်းများကို အသုံးပြုရတတ်ပါသည်။

လိပ်ခေါင်းရောဂါကို ကုသရာတွင် Infrared coagulation နည်းမှာ လိပ်ခေါင်းအား ရှုံ့ဝင်ပျောက်ကွယ်သွားအောင် ပြုလုပ်သောနည်း ဖြစ်ပါသည်။ မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင် Infrared coagulation နည်းသည် ထိရောက်မှုရှိပြီး ခွဲစိတ်ကုသမှုကို ရှောင်ကျဉ်ရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။ နာကျင်မှုဝေဒနာ ပြင်းထန်စေသော လိပ်ခေါင်းရောဂါများနှင့် သွေးယိုစီးမှုများသော လိပ်ခေါင်းရောဂါများတွင် အခြားနည်းလမ်းများ အသုံးပြု၍ မသက်သာသောအခါ ခွဲစိတ်ကုသသည့် နည်းလမ်းကို အသုံးပြုရပါသည်။ ခွဲစိတ်ကုသမှုပြုလုပ်ရန် လိုအပ်လာသောအခါ အရပ်သုံး စကားဖြင့် သားရေကွင်းပစ်သည်ဟု ခေါ်ဆိုလေ့ရှိသော Rubber band ligation နည်းလမ်းကို အသုံးပြု သကဲ့သို့ လိပ်ခေါင်းကို ခွဲစိတ်လှီးထုတ်သော Surgical Haemorrhoidectomy နည်းလမ်းကိုလည်း အသုံးပြုလေ့ ရှိပါသည်။ လိပ်ခေါင်းရောဂါ ပြင်းထန်ပါက စအိုဝရှိ ဖောင်းကြွနေသော သွေးပြန်ကြောအတွင်း၌ သွေးခဲဖြစ်ပေါ်တတ်ပါသည်။ ထိုကဲ့သို့ သွေးခဲဖြစ်ပေါ်သောအခါ ၎င်းင်းသွေးပြန်ကြောအနီးရှိ အသားစများ ပုပ်သွားတတ်ပါသည်။ ထိုအခြေအနေတွင် လိပ်ခေါင်းနှင့် သွေးခဲကို ခွဲထုတ်ဖယ်ရှားရလေ့ ရှိပါသည်။ လိပ်ခေါင်းမှ သွေးယိုစီးမှုသည် အများအား ဖြင့် မပြင်းထန်တတ်ပါ။ အကယ်၍လိပ်ခေါင်းမှ သွေးယိုစီးမှုသည် ပြင်းထန်ပါက အချိန် ကြာမြင့်သောအခါ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် သံဓာတ်လျော့နည်းသည့် သွေးအားနည်းရောဂါ (Iron deficiency anaemia) ဖြစ်ပေါ်နိုင်ပါသည်။

လိပ်ခေါင်းရောဂါအတွက် ဆောင်ရန်ရှောင်ရန်


လိပ်ခေါင်းရောဂါဖြစ်ရတဲ့အကြောင်းများစွာထဲမှာ အထင်ရှားဆုံးကတော့ ဝမ်းချုပ်ခြင်းကြောင့်ပါပဲ။ ဝမ်းမကြာခဏချုပ်၍ ညစ်ပေးနေရလျှင် ကြာလာတော့ စအိုနေရာမှ သွေးကြောများ နေရာကျွံ၍ လိပ်ခေါင်းကဲ့သို့ ပေါ်လိုက်ပျောက် လိုက်ဖြစ်လာတဲ့အတွက် လိပ်ခေါင်းရောဂါလို့ ခေါ်ကြတာပါ။ အင်္ဂလိပ်လိုကတော့ Hemorrhoid/Pile လို့ခေါ်ကြပါတယ်။ အတွင်းလိပ်၊ အပြင်လိပ်ဆိုပြီး ၂ မျိုးရှိပါတယ်။ အူမကြီးကင်ဆာ၊ အသည်းရောဂါ၊ အရက်အလွန်အကျွံ သောက်ခြင်းတို့သည်လည်း လိပ်ခေါင်းဖြစ်ရသည့် အကြောင်းများဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သူများလည်း အဖြစ်များတဲ့ ရောဂါတစ်ခုပါ။

ဆောင်ရန်များ

(၁) မနက်အိပ်ယာထချိန် ရေများသောက်ပါ။

(၂) ကိုယ်လက်လှုပ်ရှားပါ။ လမ်းများများလျှောက်ပါ။

(၃) လတ်ဆတ်တဲ့ သစ်သီးများကို စားပေးပါ။ ဝမ်းပျော့စေမည့် သင်္ဘောသီးတို့လိုဟာကို များများစားပေးပါ။

(၄) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များကို စားပေးပါ။

(၅) ကိုယ်တိုင်ဆေးဖော်၍ သောက်လိုသော် ပင်စိမ်းအယဉ်၏အစေ့၊ နှမ်းမဲအစေ့တို့ကို လက်တစ်ဆုပ်ခန့်စီ ထန်းလျက်နှင့်ကျို၍ အလုံးလေးလုံးထားကာ အခြောက်လှမ်းထား၍ မနက်၊ ည တစ်လုံးစီ ရေအေးဖြင့် သောက်ပါ။

(၆) မြန်မာဆေးသောက်လိုပါက မှန်ချို - လိပ်ခေါင်းပျောက်ဆေမှုန့်ကို ညဘက်သောက်ပြီးအိပ်ပါ။

ရှောင်ရန်များ

(၁) ဝမ်းမာဝမ်းကျစ်စေမည့် အစားအစာများကို ရှောင်ပါ။

(၂) ငရုတ်သီး၊ အပူအစပ်တို့ကို ရှောင်ပါ။

(၃) အထိုင်မများစေပါနဲ့။ ကြာရှည်စွာ မတ်သပ်ရပ်ခြင်းကို ရှောင်ပါ။

(၄) အလေးအပင်မခြင်းကို ရှောင်ပါ။ မလွဲမသာ၍ မရသော် အသက်ကို မှန်မှန်ရှူပြီး မပါ။ မအောင့်ထားပါနဲ့။

(၅) အသည်းခြောက်လျှင် လိပ်ခေါင်းဖြစ်ရန် သေချာသလောက်ရှိသည်။ ထို့ကြောင့် အရက်သေစာသောက်စားခြင်းကို ရှောင်ပါ။

လူတော်တော်များများတွင် အဖြစ်များနေသော လိပ်ခေါင်းရောဂါများကို ကြိုတင်ကာကွယ် ထားနိုင်ကြပါစေရန် မျှဝေပေးလိုက်ပါတယ်။

Credit : သန့်ဇော် (ဆေး-၂)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18