Bleeding after sex (အတူနေပြီး နောက်သွေးဆင်းခြင်း)
15-Jan-2020အတူနေပြီးနောက် သွေးဆင်းခြင်းသည် အဖြစ်များသော ပြဿနာတစ်ခု ဖြစ်သည်။ အသက်ငယ်သော
အမျိုးသမီးများနှင့် သွေးဆုံးခါနီး အမျိုးသမီးများတွင် ဖြစ်လေ့ရှိပါသည်။ အဆိုပါ
အရွယ်များတွင်ဖြစ်လျှင် ဆရာဝန် မဖြစ်မနေ ပြရန် သိပ်မလိုအပ်ပါ။ သွေးဆုံးပြီး
အမျိုးသမီးများတွင် ဖြစ်လျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ဖို့ လိုအပ်ပါလိမ့်မည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
• သားအိမ်ခေါင်း ကင်ဆာ (Cervical Cancer)
• သားအိမ်ခေါင်း အတွင်းနံရံသား ပုံမမှန်ဖြစ်ခြင်း (cervical Ectropian)
• ကင်ဆာမဟုတ်သာ သားအိမ်ခေါင်းတွင်း အသားပိုအလုံးများ ရှိနေခြင်း( Cervical Polyp)
• သားအိမ်ခေါင်းယောင်ယမ်းခြင်း (Cervicitis)
• အတူနေစဉ် ထိခိုက်ပွန်းတိုက်မှုရှိခြင်း
• အမျိုးသမီးအင်္ဂါတွင် ရေယုံပေါက်ခြင်း သို့မဟုတ် ကာသသားရောဂါပိုးကြောင့်
အနာဖြစ်နေခြင်းနှင့် အခြားလိင်မှတဆင့် ကူးစက်သောရောဂါရှိနေခြင်း ( Sexually
Transmitted Infection)
• ချစ်တင်းမနှီးနှောခင် လုံလောက်သော လှုံ့ဆော်မှု (Foreplay) မရှိခြင်းကြောင့်
အမျိုးသမီး အဂါင်္လမ်းကြောင်းကို ချောမွေ့စေသော အရည်မထွက်နိုင်ခြင်း။
• သားအိမ်နံရံကို ထိခိုက်မှုဖြစ်မိခြင်း (အထူးသဖြင့် တားဆေးသုံးစွဲသော
အမျိုးသမီးများတွင် တွေ့ရလေ့ရှိပါသည်)
• ပုံမှန် ရာသီသွေးဆင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည် ( ရာသီစပေါ်သောရက် သို့မဟုတ်
ရာသီပြီးသောရက်နှင့် တိုက်ဆိုက်နေရင် ဖြစ်တတ်ပါသည်)
• မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ ပါးလွှာခြင်းနှင့် မိန်းမကိုယ် ယောင်ယမ်းခြင်း
တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။
• ကြမ်းတမ်းသော ဆက်ဆံမှုအနေအထားကြောင့်လည်း ဖြစ်နိုင်ပါသည်။ မတရားကျင့်ခံရသော
အခြေအနေမျိုးတွင် အတွေ့များသည် ( Sexual abuse)
ရောဂါ ရှာဖွေခြင်း
- သွေးမဆုံးသေးသော အမျိုးသမီးဆိုလျှင် ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်း
- ဆရာဝန်မှ မိန်းမကိုယ်ကို စမ်းသပ်မှုပြုခြင်း (Vaginal Examination)
- သားအိမ်ခေါင်းကို Speculum ဟုခေါ်သော နာကျင်မှုမရှိစေသည့် ကိရိယာဖြင့် ကြည့်ရှုစစ်ဆေးခြင်း
- သားအိမ်ခေါင်းကင်ဆာအတွက် စစ်ဆေးမှု မပြုလုပ်ဖူးသူ သို့မဟုတ် လုပ်ဖူးသော်လည်း
ထပ်စစ်ဆေးရမည့် အချိန်ကျော်လွန်သူများ အနေဖြင့် သားအိမ်ခေါင်း အမြှေးပါး
ယူ၍စစ်ဆေးခြင်း (Pap Smear) (အတူနေပြီး နောက် သွေးဆင်းစေသော အဓိက အကြောင်းအရင်းမှာ
သားအိမ်ခေါင်း ကင်ဆာဖြစ်သည့်အတွက်ဖြစ်ပါသည်။)
သားအိမ်ခေါင်းကင်ဆာ အနေအထား မတွေ့ရှိခဲ့လျှင် ကာကွယ်ဆေးထိုးနိုင်ပြီး၊ တွေ့ခဲ့လျှင်လည်း
စောစီးစွားကုသမှု ခံယူနိုင်ပါသည်။
ကုသခြင်း
အသက်အရွယ်နှင့်လိုက်၍ ကုသမှုခံယူရန် လိုမလို ကွဲပြားနိုင်ပါသည်။
သွေးဆုံးခါနီးအရွယ်တွင်ဖြစ်ပြီး၊ တစ်ကြိမ်တစ်ခါမျှသာဖြစ်ခြင်း ဆိုလျှင်တော့ ကုသမှုှမလိုဘဲ
နေနိုင်ပါသည်။ သို့ရာတွင် သားအိမ်ခေါင်း ကင်ဆာကို ပုံမှန်စစ်ဆေးထားပြီး
ရောဂါမရှိသော အဖြေထွက်ထားသူများအတွက်သာ ဆိုလိုပါသည်။ အမျိုးသမီးအဂါင်္မှာ အနာရှိခြင်း၊
ရေယုံ ပေါက်ခြင်းကြောင့် ဆိုလျှင်လည်း ထိရောက်သော ကုသမှုခံယူရမည် ဖြစ်ပါသည်။ သွေးဆုံးပြီး
အမျိုးသမီး များတွင် ဖြစ်လျှင်တော့ တစ်ကြိမ်ဖြစ်စေ၊ အနည်းငယ်ပင်ဖြစ်စေ ဆရာဝန်နှင့်
ပြသပြီး ဆွေးနွေးမှုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ ဖြစ်စေသော အကြောင်းရင်းထဲမှာ
အသက်အရွယ်ကြီးလာ၍ မိန်းမကိုယ် ပါးလွှာခြင်း၊ ခြောက်သွေ့ခြင်းကြောင့် ဖြစ်ခြင်းထက်
ကင်ဆာနှင့် အခြားကုသမှု လိုအပ်သော အကြောင်းများကြောင့် ဖြစ်စေခြင်းက
ပိုများသည့်အတွက် ဖြစ်ပါသည်။
Credit : Myat Pwint
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။