Print

လှပကျန်းမာ ၄၀ ကျော်မှာ

  23-Dec-2019
Preview Image

          အသက် ၄၀ ကျော်အရွယ်တွေမှာ အဓိက ရိုက်ခတ်လာတာက ခန္ဓာကိုယ်ပုံစံပြောင်းလဲသွားတာပါ။ အရင်ဆယ်ကျော်သက်တုန်းကလို၊ အိမ်ထောင်မကျခင်တုန်းကလို၊ အပျိုကြီးတွေဆိုရင်လည်း ငယ်ငယ်ကလို ခါးသေးရင်ချီ ပဒုမ္မနီ မဟုတ်တော့ဘူးလေ။ ရင်သားတွေ တွဲကျလာမယ်၊ ခန္ဓာကိုယ်အောက်ပိုင်းတွေ အဖျားရှူးလာမယ်။ လက်မောင်းအရေပြားတွေ လျော့ရဲတွဲကျလာမယ်။ ဒီတော့ ကျန်းမာရေးကို ဂရုစိုက်ရင်း အလှအပကိုလည်း ထိန်းသိမ်းပေးမယ်ဆိုရင် ကျန်းမာလှပပြီး စိတ်ချမ်းသာရမှာ အသေအချာပါ။


ဗီတာမင်ဓာတ်တွေ ဖြည့်စွက်ပါ

          အသက် ၄၀ ကျော်လာပြီဆိုရင် ဗီတာမင်ဓာတ်တွေကို အပြည့်အဝ ဖြည့်ဆည်းဖို့ကို လိုလာတာက လှပကျန်းမာတဲ့အသားအရေ၊ စိုပြည်တောက်ပြောင်တဲ့ဆံသားတွေဖြစ်ဖို့ ဆံသားတွေခြောက်သွေ့ခြင်း၊ ဆံပင်ကျွတ်ခြင်းတွေကနေ ကင်းဝေးစေဖို့ အဓိက လိုအပ်တာ ဖြစ်ပါတယ်။


နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ

          အမှန်တော့ ငယ်ငယ်ကတည်းက ပုံမှန်လေ့ကျင့်ခန်းလုပ်လာခဲ့ရင် ကျစ်လျစ်သန်မာတဲ့ကြွက်သားတွေနဲ့အတူ တင်းရင်းစိုပြည်တဲ့အသေားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါပေမယ့်လည်း အခုလို အသက် ၄၀ တန်းအရွယ်ရောက်လာပြီဆိုရင်ဖြင့် လေ့ကျင့်ခန်းလေးတော့ ပုံမှန်လုပ်ပေးနိုင်ကာမှ ခါးနာ၊ ဒူးနာ၊ ခြေဖဝါးတွေ ကျင်တာ၊ ခြေဖနောင့်တွေ နာကျင်ကိုက်ခဲတာတွေကနေ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

          နှလုံးသွေးလည်ပတ်မှုကောင်းပြီး အဆုတ်လည်း ကျန်းမာစေနိုင်တာမို့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးလက်ဆောင်မွန်တစ်ခုပါ။


ဗီရိုတွေထဲကို သန့်ရှင်းရေးလုပ်ပါ။

          ဗီရိုထဲ ဖွင့်ပြီး မရှင်းဖြစ်တာကြာလို့ ကိုယ်ငယ်နုစဉ်က ဝတ်ဆင်ခဲ့တဲ့ အဝတ်တွေကို ပြန်လည်မတွေ့ရမချင်းတော့ ကိုယ်ဘယ်လောက်ထိ ဝနေပြီ၊ ပုံပန်းသဏ္ဍာန်ပြောင်းလဲနေပြီဆိုတာကို သိနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ လွန်ခဲ့တဲ့နှစ်က ဝတ်ခဲ့တဲ့ မီနီစကတ်တွေက အခု ပြန်ဝတ်လို့မရတာတွေ့ရင် ကိုယ့်ကိုယ်ကိုယ် အရင်လိုပုံစံမျိုး ပြန်ဖြစ်ချင်စိတ်ပေါ်လာမှာပါ။ ဒါကြောင့် Lifestyle တွေ Change ဖြစ်မယ်။ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်လာနိုင်ပါလိမ့်မယ်။


ဆံပင်ပုံစံလေး ပြောင်းကြည့်ပါ

          အမျိုးသမီးတွေမှာ ဆံပင်ပုံစံပေါ်လိုက်ပြီး မျက်နှာနုသွားတာ၊ ရင့်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီတော့ ကိုယ်နဲ့ လိုက်ဖက်မယ့်ဆံပင်မျိုး၊ ကိုယ့်ကိုရှိရင်းစွဲအသက်အရွယ်ထက်ပိုပြီး နုပျိုတဲ့ဟန်ပန်မျိုးပေါ်စေမယ့် ဆံပင်ပုံစံလေး ရွေးချယ်ပြောင်းကြည့်လိုက်ပါ။ ပြောင်းပြီးလို့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်လိုက်တဲ့အခါ အရင်ကထက် ပိုတဲ့ ယုံကြည်မှုတွေနဲ့ လူတွေကြားထဲ ဝင့်ကြွားနိုင်မှာသေချာပြီလေ။


ဆံပင်အရောင်မဆိုးပါနဲ့

          ဒီအသက်အရွယ်ရောက်လာရင် ဟိုတစ်စ၊ ဒီတစ်စဖြူလာတဲ့ဆံပင်ဖြူ ကြိုကြားလေးတွေက ကိုယ့်ရဲ့ဇရာကို ဖော်ပြနေတယ်ဆိုပြီး ဆံပင်အမည်းပြန်ဆိုးတတ်ကြပါတယ်။ အဲဒီအခါ ဆံပင်ဆိုးဆေးမဆိုးခင် ကိုယ့်ရဲ့နဂိုဆံပင်အရောင်ကို ချွတ်ပြီးမှ ဆံပင်ဆိုးဆေးဆိုးရတာဖြစ်တဲ့အတွက် အဲဒီဆံပင်ဆိုးဆေးအရောင်ကျသွားရင် ပိုပြီး ရုပ်ဆိုးသွားတတ်ပါတယ်။ ဒါကြောင့် ၄၀ တန်း မမတို့ကို အကြံပေးချင်တာက ဆံပင်ဖြူလာရင် ဆေးမဆိုးဘဲ ဒီအတိုင်းလက်ခံလိုက်ပါ။ တစ်ခါတစ်လေ အဲဒီဖြူနေတဲ့ ဆံပင်လေးက မမတို့ရဲ့မျက်နှာနဲ့ လိုက်ဖက်ချင် လိုက်ဖက်နေပါလိမ့်မယ်။


ခြေဖဝါးနဲ့ ခါးကို ဂရုစိုက်ပါ။

          သိပ်ပြီး အလေးအပင်တွေ မမပါနဲ့။ ဘာကြောင့်ဆို ဒီအသက်အရွယ်ရောက်ပြီဆို အရိုးတွေက ပွလာ၊ ပါးလာတာမို့ အလေးအပင်မတဲ့အခါ ကျိုးလွယ်လာပါတယ်။ အဲဒီအခါ တဖြည်းဖြည်း ခါးတွေကိုင်းလာတာမျိုး ဖြစ်တတ်ပါတယ်။ ခြေဖဝါးလေးတွေကိုလည်း ဂရုစိုက်ပါ။ နေ့စဉ်အိပ်ရာမဝင်ခင်မှာ Moisturizer တို့၊ Foot Cream တို့ လိမ်းပြီး အိပ်ရာဝင်ပါ။ အဲဒီလို မလိမ်းခင်မှာတော့ ပင်လယ်ဆားကြမ်းနဲ့ ခြေဖဝါးကို စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပြီး ခြေဖဝါးချွေးထွက်လာအောင် လုပ်ပေးပါ။ ပြီးရင် ကြက်သီးနွေးရေလေးနဲ့ ဆေးချပေးပါ။


အိပ်စက်ခြင်းကို ဂရုစိုက်ပါ။

          အိပ်စက်ခြင်းရဲ့ အမှားအယွင်းက လူကို ပိုမိုအိုမင်းရင့်ရော်စေတယ်ဆိုတာ လေ့လာချက်တော်တော်များများမှာ တွေ့ရပါတယ်။ အသက် ၄၀ ကျော်ရောက်ပြီဆိုတာနဲ့ သွေးဆုံးခါနီး ဝေဒနာတွေဖြစ်လာတတ်ပါတယ်။ အဲဒီထဲမှာ ကောင်းကောင်းအိပ်စက်လို့မရတာကလည်း ဝေဒနာတစ်ခုအနေနဲ့ နောက်ဆက်တွဲပါလာတတ်ပါတယ်။ မနက်ခင်းတစ်ခုကို ကောင်းကောင်းနိုးထလာဖို့အတွက် အကောင်းဆုံးနည်းလေးတစ်ခု ပြောပေးပါမယ်။ အဲဒါကတော့ အိပ်ခါနီး ဆယ်မိနစ်လောက် အချိန်ပေးပြီး အာနာပါန ကျင့်ပါ။ စိတ်ကို အေးချမ်းငြိမ်းအေးတဲ့နေရာရောက်နေတယ်ဆိုပြီး တွေး၊ စိတ်ရော လူရော လျှော့ချပြီး အနားယူလိုက်ပါ။

Credit : မယ်မဒီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18