Print

စိတ်အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း

  11-Feb-2020
Preview Image

စိတ်ရောဂါရှားဖွေရေးသည် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများကို အသုံးပြုစရာရှိလျှင် အသုံးပြုပြီး ရှာဖွေထုတ်ဖော်ရသော်လည်း လူနာရာဇဝင်ဇာတ်ကြောင်း အသေးစိတ်နှင့် လူနာ၏ လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေကို သိရှိနားလည်ခြင်း အပေါ်တွင်သာ အဓိကထားရသည့် သဘောရှိပါသည်။ ထို့ကြောင့် သင်သည်သူနှင့် စကားပြောရန် ဝန်မလေးသင့်ပါ။ သူနှင့် မရင်းနှီးသေးခင် သင့်ထံမှ အများကြီး မျှော်လင့်မထားသင့်ကြောင်း သူသိပါသည်။ သင့်အတွက် အရေးကြီးသည့် အကြောင်းအရာကို သူ့အား ပြောပြဖို့သာ လိုပါသည်။ သင်ပြောပြလျှင် သူသိမည်။ သူသိမှ သင့်အား ကုညီနိုင်ပါမည်။


သင်ကိုယ်တိုင် လူနာမဟုတ်ဘဲ လူနာရှင်ဖြစ်သည်ဆိုပါစို့။ သင့်လူနာက သိပ်ကြမ်းနေလျှင်ဖြစ်စေ၊ လုံးဝမေးမြန်းမရလောက်အောင် ထိတ်လန့်ကြောက်ရွံ့နေလျှင်ဖြစ်စေ ချက်ချင်း ဆောင်ရွက်ရသည့်ကိစ္စမှာ လူနာ ငြိမ်သွားအောင် လုပ်ခြင်းပင်ဖြစ်သည်။ လူအင်အားသုံး၍ ထိန်းချုပ်ရသည့်အခါမျိုးရှိသကဲ့သို့ အမြန်ဆုံး ဆေးထိုးပေးသည့်အခါလည်း ရှိနိုင်သည်။ အင်တာဗျူးးကို နောက်မှလုပ်ရသည်။ လူနာအကြောင်းကို လူနာရှင်မှ ပြောပြရသည်။ ထို့အပြင် လူနာက လုံးဝစကားမပြောဘဲနေလျှင် လူနာကို ပြုစုကုသရသည်မှာ လက်ဝင်ပါသည်။ စိတ်ရှည်သည်းခံရပါသည်။ ဆရာဝန်နှင့် လက်တွဲဆောင်ရွက်ဖို့ လိုပါတယ်။ တိုင်ပင်ဆွေးနွေးရပါသည်။ အကြံဉာဏ်နှင့် ညွှန်ကြားချက် ယူရပါသည်။ စိတ်ရောဂါကုသရေးတွင် ဆေးကိုချည်း အားကိုး၍မရပါ။ တချို့စိတ်ရောဂါသည်များသည် စိတ်ပိုင်းဆိုင်ရာ ကုထုံးဖြင့်သာ သက်သာပျောက်ကင်းတတ်ပါတယ်။


စိတ်ရောဂါများတွင် ခန္ဓာကိုယ်ရောဂါများကဲ့သို့ပင် လုံးဝပျောက်ကင်းသွားသည့် ရောဂါများရှိသကဲ့သို့ ပြန်ဖြစ်တတ်သောရောဂါများနှင့် တောက်လျှောက်ဖြစ်သွားသော ရောဂါများလည်း ရှိပါသည်။ ပြန်ဖြစ်တတ်သော စိတ်ရောဂါများကို ပြန်မဖြစ်အောင် ကာကွယ်နိုင်သည့် နည်းလမ်းများရှိပါသည်။ ထို့အတူ တောက်လျှောက်ဖြစ်သွားသော စိတ်ရောဂါများကို ပိုဆိုးမသွားအောင် ထိန်းထားနိုင်သော နည်းလမ်းများလည်း ရှိပါသည်။ မိမိရောဂါသည် မည်သည့်အမျိုးအစားမျိုးဖြစ်နေ၍ မည်သို့ ဆက်လက်ဆောင်ရွက်သင့်သည်ကို ဆရာဝန်နှင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ဤသို့ တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် မိမိအတွက် များစွာအကျိုးရှိပါသည်။ လူမှုရေး စီးပွားရေး အခက်အခဲများရှိနေလျှင်လည်း မကွယ်မဝှက် ဖွင့်ဟအကူအညီတောင်းသင့်ပါသည်။ အသင့်တော်ဆုံး နည်းလမ်းတစ်ခုတော့ ရနိုင်ပါသည်။


အချုပ်အားဖြင့်ဆိုရသော် စိတ်ကျန်းမာရေးနှင့် ပတ်သက်လျှင် စိတ်အထူးကု ဆရာဝန်နှင့် တွေ့ဆုံရန် လက်မနှေးသင့်ပါ။ စိတ်ရောဂါရှာဖွေရေး၊ ကုသရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့အတွက် စိတ်အထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ယင်းသို့ တိုင်ပင်ဆွေးနွေးရာတွင် ရှက်ခြင်း၊ ကြောက်ခြင်း၊ အားနာခြင်း စသည့် စိတ်ထားများကို ဘေးဖယ်ထားသင့်ပါတယ်။ ရိုးသားသင့်ပါသည်။ ပွင့်လင်းသင့်ပါသည်။ စိတ်အထူးကု ဆရာဝန်သည် သင့်အား နားလည်ပါသည်။ သူသည် သင်ပြောလိုသမျှကို သင့်တော်သည့် အချိန်အတိုင်းအတာအတွင်း နားထောင်ပေးတတ်သူ ဖြစ်ပါလိမ့်မည်။ နားလည်ပေးနိုင်သူ၊ သင့်တော်သည့် နည်းလမ်းကို ရှာကြံပေးနိုင်သူ ဖြစ်ပါလိမ့်မည်။ သူပေးနိုင်သမျှ အချိန်ကိုသင်က အကျိုးရှိအောင် သုံးတတ်ဖို့တော့ လိုပါသည်။


Credit : ဒေါက်တာဟန်စိန်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18