Print

စိတ်ဖိစီးမှုကြောင့် နာကျင်ကိုက်ခဲမှု ခံစားရတဲ့အခါ

  29-May-2020
Preview Image

တစ်ခါတစ်ရံမှာ ရောဂါတစ်စုံတစ်ရာ မရှိပါဘဲနှင့် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်သူတွေ ရှိပါတယ်။ ခန္ဓာကိုယ်နေရာအနှံ့ နာကျင်ကိုက်ခဲတာတွေ၊ ခေါင်းကိုက်
ဝေဒနာနှင့် နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာတွေဟာ အကြောင်းရင်းခံ တစ်စုံတစ်ရာ
မရှိခဲ့ဘူးဆိုရင် ထည့်သွင်းစဉ်းစားရမှာက သင့်မှာ ဖိစီးမှုတွေ ခံစားနေရ ပါသလား။
ဖိစီးမှုက သင့်ကို နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရစေပါတယ်။ ယနေ့ခေတ် ဖိစီးမှုများတဲ့ အကြောင်းရင်းတွေက ပိုမိုမြင့်မားလာတဲ့ ဘဝနေထိုင်မှုပုံစံ၊ ခက်ခဲလာတဲ့ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးနှင့် ယှဉ်ပြိုင်မှုများခြင်းတို့ပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ နာကျင်
ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဦးခေါင်း၊ မျက်နှာနဲ့
မေးရိုး၊ ခါး၊ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းတို့ပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကြွက်သား
တွေ တောင့်တင်းပြီး နာကျင်ကိုက်ခဲမှုကို ပိုခံစားရလေ့ရှိပါတယ်။

ဘာကြောင့်နာကျင်ကိုက်ခဲရသလဲ


လူတစ်ယောက်ဟာ စိတ်ဖိစီးမှုနှင့် ပူပင်သောကတွေ များလာတဲ့အခါ လက်တစ်အက်ဆစ် (Lactic Acid) တွေထွက်လာကာ ကြွက်သားတွေ တောင့်တင်း
လာပြီး နာကျင်ကိုက်ခဲမှုကို ခံစားရတတ်ပါတယ်။ ဒါကို Muscle Tension (ကြွက်သားတောင့်တင်းမှု) လို့ ခေါ်ပါတယ်။ ကြွက်သားတောင့်တင်းမှု များလာတဲ့အခါ Body Aches လို့ခေါ်တဲ့ ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားရတတ်ပါတယ်။ Sterss ဟော်မုန်းလို့ခေါ်တဲ့ ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေ အထွက်များတဲ့အခါမှာ
ခေါင်းတစ်ခြမ်း ကိုက်ခြင်းနှင့် Tension headache ခေါ် ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရပါတယ်။ အများအားဖြင့် စိတ်ဖိစီးမှုကြောင့် နာကျင်ကိုက်ခဲမှု ဝေဒနာကို ပူပင်သောကနဲ့ ဖိစီးမှုတွေ ပိုခံစားရလွယ်သော အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တာ
တွေ့ရပါတယ်။

နာကျင်ကိုက်ခဲမှုတွေ ရပ်သွားအောင်


ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ရပ်သွားအောင် သက်သာလျော့ပါးသွားအောင်
ဆေးဝါးအကူအညီနှင့် သော်လည်းကောင်း အစားအသောက်၊ အနေအထိုင်နဲ့ သော်
လည်းကောင်း လေ့ကျင့်ခန်းနဲ့သော်လည်းကောင်း ကုသလို့ရပါတယ်။ ဆေးဝါးအနေနဲ့ NSAIDs ခေါ် စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးတွေနဲ့ ခေတ္တယာယီ
ပျောက်ကင်းအောင် ဖြေရှင်းလို့ရပါတယ်။ လူသိများတဲ့၊ ဝယ်ရလွယ်တဲ့ Paracetamol ပါဝင်သောဆေးတွေ၊ ဥပမာ-Biogesic နဲ့ အခြားသော Ibuprofen ပါဝင်တဲ့ အကိုက်အခဲ
ပျောက်ဆေးတွေကိုလည်း မှီဝဲနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့တာအတွက် ဆေးပြား ၃၊ ၄ ပြားထက် ပိုမသောက်သုံးသင့်ပါဘူး။ တန်ဆေးလွန်ဘေးမို့ ကိုယ့်ဝေဒနာနဲ့ကိုယ် ချိန်ဆပြီး သောက်သုံးရမှာပါ။

နောက်ပြီး အစာအိမ်အနာ၊ ကျောက်ကပ်နဲ့ အသည်းမကောင်းသူတွေကတော့ ဒီဆေးဝါးတွေကို သောက်သုံးရာမှာ အထူးသတိပြု ပြီး ဆရာဝန်ညွှန်ကြားချက် အောက်မှာ
သာ သောက်သုံးပေးပါ။ အစားအသောက် အနေအထိုင်အနေနဲ့ ကဖင်းဓာတ်များလွန်းတဲ့ အစားအစာတွေ၊ အဆီအဆိမ့်များလွန်းတာတွေကို ရှောင်ပေးပြီး ခေါင်းကိုက်ခြင်းကို
ပိုမိုဆိုးရွားနိုင်တဲ့ ဆေးလိပ်၊ အရက် သောက်သုံးခြင်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။
လေ့ကျင်ခန်းအနေနဲ့ကတော့ ဖိစီးမှုကို လျော့ပါးစေတဲ့ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ အရမ်းမပြင်းထန်သော အေရိုးဗစ်လေ့ကျင့်ခန်းများကို ဖြည်းဖြည်းမှန်မှန် ကျင့်ပေးသင့်
ပါတယ်။

နာကျင်ကိုက်ခဲမှုလျော့အောင် Stress တွေလျှော့မယ်


Stress ကြောင့် ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ လျော့သွားအောင် အဓိက လုပ်ဆောင်မှာက သင့်မှာရှိနေတဲ့ ဖိစီးမှု (Stress) တွေကို လျှော့ပစ်ရမှာပါ။ ဒီတော့ ဖိစီးမှုတွေကို ဘယ်လိုလျှော့မလဲ။ သင့်ရဲ့ ဖိစီးမှုတွေကို လျော့ကျသွားစေမယ့် နည်းတွေကတော့…

• တစ်ညတာမှာ အိပ်ချိန်ရှစ်နာရီ အနည်းဆုံးထား အိပ်ပါ။ အိပ်ချိန်များများယူတာက စိတ်ပိုင်းဆိုင်ရာ ခံစားနေရတဲ့ ဖိစီးမှုတွေကို လျော့ကျသက်သာစေပါတယ်။

• အလယ်အလတ်လမ်းစဉ် ကျင့်သုံးပါ။ ဗုဒ္ဓဘုရားရှာတွေ့ခဲ့တဲ့ အလယ်အလတ်လမ်းစဉ်က ဖိစီးမှုတွေ ကင်းရှင်းစေပြီး သင့်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ သင့်ရဲ့ခံစားမှု၊ပူပင်သောက
တွေကို ၄၄% လျော့ကျစေပြီး နာကျင်ကိုက်ခဲမှုတွေကို ၂၈% အထိ သက်သာပျောက်ကင်း
စေပါတယ်။ စိတ်ကို သင့်တင့်မျှတအောင် ကျင့်ပေးတဲ့ တရာထိုင်ခြင်း၊ တရားရှုမှတ်ခြင်း
များကို တစ်နေ့တာမှာ နာရီဝက်ခန့် အနည်းဆုံးပြုကျင့်ပေးပါ။

• နေ့စဉ်နေ့တိုင်း ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်
လက်လှုပ်ရှား အားကစားကို ပုံမှန်လုပ်ပေးပါက Stress Hormones ခေါ် ဖိစီးမှုဖြစ်စေတဲ့ Beta-endorphins ဟော်မုန်းထွက်ရှိမှုကို လျော့နည်းစေပြီး စိတ်ပြေလျော့သက်သာကာ နာကျင်ကိုက်ခဲမှုတွေကို လျော့နည်းစေပါတယ်။

• ရက်သတ္တပတ် တော်တော်ကြာသည်အထိ နာကျင်ကိုက်ခဲမှု မသက်သာရင်တော့
တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသ တိုင်ပင်သင့်ပါတယ်။ အရမ်းပြင်းထန်
တဲ့ ဖိစီးမှုတွေက ဆေးဝါးအကူအညီနဲ့ ခေတ်မီကုထုံးတွေ လိုအပ်လာနိုင်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ စနစ်တကျ ပြသသင့်ပါကြောင်း အကြံပြုရေးသားလိုက်
ပါတယ်။


Credit : Sheri (U.O.N,Ygn)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18