Print

အဖြစ်များတဲ့ မိုးရာသီ အရေပြားကူးစက်နာများ

  03-Jun-2020
Preview Image

၁။ ပွေး

မှိုပိုး ကူးစက်ရခြင်းကြောင့်ဖြစ်တဲ့ အရေပြားအနာတစ်မျိုးဖြစ်ပြီး လက်စွပ်ကွင်းလေး ကို အဝိုင်းလိုက် အရည်ကြည်ဖုလေးများ ဖြစ်တတ်ပါတယ်။ အများအားဖြင့် လက်မောင်း အောက်ဘက်နဲ့ လက်ကောက်ဝတ်၊ ခါးပတ်ပတ်လည်တွေမှာ အတွေ့ရများပြီး ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့ အရေပြားအနီကွက်များ ဖြစ်ခြင်းတို့ကို ရောဂါ လက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ခြေဖဝါး၊ လက်ဖဝါးတွေမှာလည်း ပွေးပေါက် တတ်ပါတယ်။ ပွေးနာသက်သာဖို့အတွက်ကတော့ ကုထုံးအနေနဲ့ မှိုပိုးသတ်ဆေးပါတဲ့ အရေပြားလိမ်းဆေး အဆီတွေကို အနာပေါ်မှာ ညင်သာစွာ ပွတ်လိမ်းပေးပါ။

၂။ ရေနှင်းခူခေါ် Athlete’s Foot

ဗက်တီရီးယားနဲ့ မှိုပိုးနှစ်မျိုးစလုံး ကူးစက်ရခြင်းကြောင့်ဖြစ်တဲ့ အရေပြားရောဂါ တစ်မျိုးပါ။ အဖြစ်အများဆုံးကတော့ ခြေဖဝါးမှာ ဖြစ်ပြီး ညစ်ပတ်တဲ့ရေနှင့် နာရီများစွာ ထိတွေ့ပြီးတဲ့အခါမှာ ဒီရောဂါ ကူးစက် ခံရတတ်ပါတယ်။ ရောဂါ အရမ်းဆိုးရွားပြင်းထန် လာတဲ့အခါမှာ အရေပြားဟာ ဖြူရော်ရော် ဒါမှမဟုတ် စိမ်းပုတ်ရောင် ပြောင်းသွားပြီး ယားယံခြင်းနှင့်အတူ အနံ့ဆိုးတဲ့ ပြည်၊ သားနံရည်တွေ ထွက်နေတတ်ပါတယ်။ ဒီပြဿနာအတွက်ကတော့ မိုးရေမိပြီး စိုစွတ်နေတဲ့ ဖိနပ်တွေကို ရုံး (သို့) အိမ်ကိုရောက်ရင် ချွတ်ကာ ခြေထောက်ကို ခြောက်သွေ့အောင် သုတ်ပေးပြီးနောက် အခြား ဖိနပ်တစ်ရံနဲ့ လဲစီးပါ။

၃။ Pirckly Heat


မိုးရာသီမှာ ချွေးထွက်များတဲ့အခါ ဖြစ်တတ်တဲ့အရေပြား ပြဿနာတစ်မျိုးပါ။ ရှူးဖိနပ်နဲ့ ခြေပိတ်ဖိနပ် ဝတ်တဲ့သူတွေမှာ အဖြစ်များပြီး အပူလောင်သလို၊ ဖိနပ်ပေါက် သလိုမျိုး အရည်ကြည်ဖုထကာ အရေပြားအနီကွက်ကြီးများ ပေါ်ပေါက်လာတတ်ပါတယ်။

၄။ ဝဲ (Scabies)


အရေပြား ကပ်ပါးပိုးတစ်မျိုးဖြစ်တဲ့ ဝဲပိုးကူးစက်ခြင်းကြောင့် ဖြစ်ရတဲ့ ဝဲရောဂါဟာ လက်ဖဝါး၊ လက်ကောက်ဝတ်၊ လက်မောင်း အတွင်းပိုင်း၊ လက်ချောင်း ခြေချောင်းကြားနဲ့ ဝမ်းဗိုက်တစ်ဝိုက်မှာ အနီဖုငယ်ငယ်လေးတွေ အစုလိုက်အပြုံလိုက် ပေါက်ပြီး နီရဲနေကာ ယားယံတတ်ပါတယ်။ တဖြည်းဖြည်း ကျန်တဲ့အရေပြားတွေကို ကူးစက်သွားပြီး ချက်ချင်း ကုသမှု မခံယူလျှင် ဝဲနှင်းခူအဖြစ် ရောဂါ ပြင်းထန်လာတတ်ပါတယ်။ မိသားစုအတွင်း ဒါမှမဟုတ် အလုပ်အတွင်း ကျောင်းခန်းအတွင်း ရေ၊ ဆပ်ပြာတို့နှင့် မကြာခဏ ထိတွေ့ခြင်းကို ရှောင်ပါ။ အဝတ်အထည်၊ ပဝါ စသည်တို့ကို ဝေမျှသုံးစွဲခြင်း မပြုဘဲ သီးသန့်သုံးစွဲပါ။

၅။ ဝက်ခြံများ ပိုပေါက်လာခြင်း

တချို့လူတွေဟာ ပူအိုက်စိုစွတ်တဲ့ နေတစ်ပြိုက်မိုးတစ်ပြိုက် မိုးဦးစကာလအတွင်း ဝက်ခြံဖုငယ်တွေ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့အပြားတွင် ပေါက်လာတတ်ပါတယ်။ ဒီလိုဖြစ် လာတတ်အခါ အရေပြားကို ခြောက်သွေ့အောင် ထားဖို့လိုအပ်ပြီး ဝက်ခြံပေါက်ဆေးတွေ ကိုလည်း သုံးသင့်ပါတယ်။ ဒါ့အပြင် Betadine ကဲ့သို့ ပိုးမွှားသန့်စင်ဆေးရည် (ဒါမှမဟုတ်) လိမ်းဆေးခရင်မ်တို့ကို ဝက်ခြံဖုကြီးတွေ မပြန့်ပွားအောင် လိမ်းပေးသင့်ပါတယ်။

မိုးရာသီ မှာ အရေပြားပြဿနာကင်းအောင်

• ခန္ဓာကိုယ်ကို စိုစွတ်မှု မရှိအောင် ခြောက်ခြောက်သွေ့သွေ့ ထားပါ။
• ရုတ်တရက် မိုးမိခဲ့ရင်လည်း ချက်ချင်းတတ်နိုင်သမျှ ခြောက်သွေ့အောင် သုတ်ပါ။ မိုးရေစိုလာတဲ့ အဝတ်အစားတွေကို ချက်ချင်းချွတ်လဲပြီး သက်သာချောင်ချိစေတဲ့ ချည်သား အဝတ်အစားတွေကို ဝတ်ဆင်ပါ။
• မိုးရာသီမှာ ထိပ်ပိတ်ဖိနပ်၊ ရှူးဖိနပ်တွေ စီးတာထက် ခြေညှပ်ဖိနပ်ကို ရွေးစီးပါ။
• မိုးရေစိုလာတဲ့ ဆံပင်တွေကို ချက်ချင်း မစည်းနှောင်ဘဲ အရင်ခြောက်သွေ့အောင် အခြောက်ခံပါ။ မိုးရာသီမှာ ခြင်ပေါများတာကြောင့် ခြင်ကိုက်ခံရပြီး အရေပြားယားယံ မှုတွေကို ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ အရေပြားပြဿနာကင်းအောင် အင်္ကျီရှည်၊ ဘောင်းဘီရှည်ဝတ်ပြီး ခြင်ကိုက်မခံရစေဖို့ ကာကွယ်ပါ။
• တစ်နေ့ ရေနှစ်ကြိမ် ချိုးပေးပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကလည်း အရေကြီးတာမို့ မိုးရေမိလာတဲ့အခါ ခြေလက်တို့ကို ရေဆေးပြီးမှ ခြောက်သွေ့အောင် သုတ်ပါ။

ဒီနည်းလမ်းတွေ အသုံးပြုပြီး မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ကာကွယ်နိုင်စေဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

Credit : သွန်းသော်တာ (B.N.Sc)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18