အစားအစာနှင့် ဓာတုပိုးသတ်ဆေးအန္တရာယ်
24-Jul-2020 လက်ရှိအခြေအနေမှာ
အစားအသောက်တွေဟာ ၉၀% လုံခြုံစိတ်ချရအစာဖြစ်ပြီလားဆိုရင် မဖြစ်သေးပါဘူး။ အစားအသောက်နဲ့
ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက လိုက်စစ်ဆေးပေးရုံနဲ့ လုံလောက်မှု မရှိသေးဘဲ လူတွေကျန်းမာရေးအသိပြည့်စုံမှ၊
လိုက်နာမှသာ ပြီးပြည့်စုံမှာ ဖြစ်တယ်။ အစားအသောက်သန့်ရှင်းမှုမရှိရင် ရေတို၊ ရေရှည်ကျန်းမာရေးဆိုးကျိုးဖြစ်ပေါ်စေပြီး
အဆိုးဆုံးက လူအုပ်စုလိုက်၊ အပြုံလိုက် အစာအဆိပ်သင့်မှုဖြစ်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
အစားအသောက်ဘေးကင်းလုံခြုံဖို့အတွက်
တစ်ကိုယ်ရေသန့်ရှင်းမှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ကုန်ကြမ်းပစ္စည်းသန့်ရှင်းပါမှ၊
ချက်ပြုတ်ရာမှာ လိုအပ်တဲ့ အသုံးအဆောင်တွေ၊ ကိရိယာတွေနဲ့ စားဖိုဆောင် သန့်ရှင်းပါမှ၊
ကုန်ကြမ်းသားငါး၊ ဆီ၊ ဟင်းရွက်စိမ်းနဲ့ ချက်ပြုတ်ပြီး အစားအစာများကို သီးခြားစီ ခွဲပြီး
ရေခဲသေတ္တာနဲ့ သိုလှောင်တဲ့စနစ်ကျင့်သုံးဖို့ လိုပါတယ်။ ဝန်ထမ်းတွေကို အစားအသောက် ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး
ကျန်းမာရေးပညာပေးနိုင်တာနဲ့အမျှ စားသုံးသူတွေအတွက် အကျိုးပြုစေနိုင်မှာ ဖြစ်ပါတယ်။
ဓာတုဆေးဝါး၊ ဓာတုဆိုးဆေးတွေ ဘယ်လောက်ပါဝင်နေပြီလဲ။
ဂျပန်နိုင်ငံက
အချိုမှုန့်ထုတ်လုပ်တယ်၊ အချိုမှုန့် (Sodium Glutamate) ဟာ လူတွေအတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ပါပဲ။
အချိုမှုန့်မှာတော့ အားနည်းချက်နှစ်ခုရှိတယ်။ သဘာဝအတိုင်း ပြုလုပ်ထားတာမဟုတ်ဘူး။ ဒုတိယအချက်က
အစားအစာမှာ နည်းနည်းပဲ ပါဝင်တယ်။ အချိုမှုန့်ကို အများကြီးစားဖို့ မသင့်ဘူး။ သကြားလည်း
ဒီအတိုင်းပဲ။ ကြွက်တွေမှာ စမ်းသပ်တဲ့အခါ သကြားအများကြီးစားတဲ့အတွက် အာဟာရပြတ်ခြင်း၊
ကင်ဆာဖြစ်ခြင်းနဲ့ သေဆုံးရတာတွေ့ရတယ်။
နောက်တစ်မျိုးက
အသီးအနှံတွေကို မှည့်ချိန်မတန်ဘဲ မှည့်အောင်လုပ်ပြီး ဈေးကွက်ထဲ လိမ်လည်ရောင်းနေတာပါပဲ။
အီသိုဖွန် (Ethophon) ထဲ တစ်မိနစ်လောက် စိမ်လိုက်ရင် ငှက်ပျောသီးမှည့်လာတယ်။ မရင့်ဘဲ
နုမှည့်တာဖြစ်လို့ ဆေးထိုးပြီးမှည့်အောင် လုပ်တဲ့ငှက်ပျောသီးက အရသာမရှိဘူး။ အလွယ်တကူမှည့်အောင်
လုပ်ထားသလို စားသောက်သူတွေအတွက် အဆိပ်တွေ ဝါးမျိုနေရတာနဲ့ ဘာမှ မထူးဘူး။ ဘယ်သူ့ကို
အပြစ်ပြောရမလဲ။ စိုက်ပျိုးထုတ်လုပ်သူကနေ ဈေးကွက်ထဲ ရောင်းတန်းဝင်တဲ့အထိ ပါဝင်သူတိုင်းမှာ
တာဝန်ရှိပါတယ်။
ကမ္ဘာ့ရွာလို့ တင်စားခေါ်ဝေါ်ကြတဲ့
အိုင်တီခေတ်မှာ သန့်ရှင်းမှု ၉၉% ရှိတဲ့ အစားကို ရဖို့ မလွယ်ပါဘူး။ စားသုံးသူတွေ အစားသောက်နဲ့
ပတ်သက်ပြီး နားလည်သဘောပေါက်မှု အမြင့်မားဆုံးဖြစ်နေတဲ့အချိန်ဖြစ်လို့ အစာမှတစ်ဆင့် ကူးစက်ရောဂါတွေ
ဝင်ရောက်နိုင်တယ်ဆိုတာ သိလာကြပါပြီ။ အစားအစာထုတ်လုပ်ရေးကစပြီး အစားအစာထုတ်လုပ်တဲ့ စက်ရုံတွေရဲ့
အထွေထွေလိုအပ်ချက်၊ ကျွမ်းကျင်လုပ်သားအဖြစ် အချိန်ယူသင်ကြားပေးခြင်း ရှိ၊ မရှိ၊ ထုတ်လုပ်မှုနည်းစနစ်တစ်လျှောက်
အဆင့်တိုင်းဘေးကင်းစေဖို့ အရေးကြီးပါတယ်။
ကျွမ်းကျင်လုပ်သားတစ်ယောက်ဖြစ်လာဖို့
ပညာသင်ပေးတဲ့အချိန် ကုန်ကျတဲ့ငွေကြေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လေ့ကျင့်ပေးမှု၊ နှစ်စဉ်ခြောက်လတစ်ကြိမ်
လက်ကြားနဲ့ နှာရည်စစ်ဆေးမှုအပါအဝင် ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဖို့ လိုအပ်ပါတယ်။ စာချုပ်စာတမ်းနဲ့
လက်မှတ်ထိုး အာမခံပေးခြင်းကို ကုမ္ပဏီက ခွင့်ပြုပါတယ်။ အစားအသောက် ကိုင်တွယ်ပြင်ဆင်သူရဲ့
တစ်ကိုယ်ရေ သန့်ရှင်းရေးဒီဂရီကို မြှင့်တင်လို့ လစဉ်နှာခေါင်းထဲ၊ လက်ထဲ၊ ဆံပင်ထဲမှာ
ရှိတဲ့ ပိုး(Nasal & Hand Swab) တွေ စစ်ဆေးဖို့ လိုပါတယ်။
အမေရိကန် အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးအဖွဲ့ (US FDA) က ၂၀၀၉ ခုနှစ်၊ အစားအစာဥပဒေ ကို ထုတ်ပြန်ခဲ့ရာမှာ အစာကိုင်တွယ်မယ့်လက်များ
သန့်ရှင်းစင်ကြယ်ဖို့ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ သေချာစွာ ဆေးကြောဖို့
ပြောထားပါတယ်။ အိမ်သာသွားပြီးတိုင်း၊ အစာစားပြီးတိုင်း အစာမစားမီ၊ အစာကိုင်တွယ် မချက်ပြုတ်မီ၊
လက်များ သန့်ရှင်းစင်ကြယ်စွာ ထားတာဟာ အစားအစာကိုင်တွယ်သူတွေအနေနဲ့ လေ့ကျင့်ရမယ့် အလေ့အကျင့်ကောင်းဖြစ်ပါတယ်။
ဓာတုပိုးသတ်ဆေး ကင်းစင်ဖို့ ဝယ်ယူပြီး ကုန်ကြမ်းကို ဆားရည်ထဲ ၁၅ မိနစ် စိမ်ကာ ရေစင်စင်ဆေးရပါမယ်။
ပြီးမှ ချက်ပြုတ်တာတို့၊ အစာတွေကို သိုလှောင်ထားတာတို့ လုပ်သင့်တယ်။
လုပ်သားတွေရဲ့လက်မှာ
Staphylococus Aureus ဗက်တီးရီးယားပိုး ရှိနေရင် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ စကားပြောခြင်းကနေ
အစားအစာထဲ ကူးစက်ကာ၊ စားသုံးသူထံ ရောဂါကူးစက်သွားနိုင်ပါတယ်။ အစာထုပ်ပိုးလုပ်ဆောင်တဲ့
လုပ်သားတိုင်း နှာချေ၊ ချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ တစ်သျှူးနဲ့ အုပ်ပြီး ဆောင်ရွက်သင့်တယ်
(သို့) ခွင့်မပြုသင့်ဘူး။ အူရောင်ငန်းဖျား (Typhoid) ဟာ အစားအစာကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်သလို
အသည်းရောင် A၊ ဝမ်းလျှောဝမ်းပျက်၊ အထက်လှန်အောက်လျှော၊ အစာအဆိပ်သင့်ရောဂါတွေက အစာကတစ်ဆင့်
ရောဂါကုသဆဲ လုပ်သား (သို့) ရောဂါဖြစ်နေတဲ့ လုပ်သားကတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
အစားအသောက်ဝယ်စားမယ်ဆိုရင်
ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ အကောင်းဆုံးစားနိုင်မယ့်အချိန်ရက်စွဲ၊ ပါဝင်တဲ့ပစ္စည်း၊
အလေးချိန်ပမာဏ၊ စားသုံးဖို့သင့်တော်ကြောင်း FDA
ရဲ့ လက်မှတ်ဖော်ပြထားတဲ့ အစာကို ဝယ်စားသင့်တယ်။ (သို့) FDA က ခွင့်ပြုထားတဲ့ဆိုင်တွေမှာ
ဝယ်စားသင့်ပါတယ်။
အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့
ပတ်သက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ထမ်းတွေ သင်တန်းပို့ချပေးရင် FDA၊ စည်ပင်သာယာအဖွဲ့အစည်း၊
စားသုံးသူ အခွင့်အရေး ကာကွယ်ပေးရေးအဖွဲ့တို့ ပူးပေါင်းပြီး သင်ခန်းစာ ညှိနှိုင်းဖို့
လိုပါတယ်။ အစားအစာကုန်ကြမ်းထုတ်လုပ်တဲ့နေရာမှာလည်း FDA က ခွင့်ပြုတဲ့ ကုန်ကြမ်းဖြစ်သင့်တယ်။
ဓာတုဆိုးဆေး အဆိပ်ကင်းစင်ရမယ်၊ ထုတ်လုပ်တဲ့အသား၊ ဟင်းသီးဟင်းရွက်များ၊ ဥများ၊ သစ်သီးများ
စတာတွေဟာ “အော်ဂဲနစ်” ထုတ်ကုန်ကြမ်းတွေ ဖြစ်သင့်တယ်။ မြန်မာနိုင်ငံက ဆန်စပါးမှာ ပိုးသတ်ဆေးအကြွင်းအကျန်ပါဝင်လို့
နိုင်ငံခြားဈေးကွက်မှာ ထုတ်ရောင်းလို့ မရတာ၊ ဓာတ်မြေသြဇာနဲ့ ဓာတုပိုးသတ်ဆေးအကြွင်းအကျန်ကြောင့်
ဖြစ်ပါတယ်။
Credit : ဒေါက်တာလွင်သန့်