မှတ်ညဏ်ကောင်းမွန်စေမည့် အလွယ်နည်းများ
30-Jun-2017သိပြီးသား အရာတွေကို ပြန်အစဖော်ဖို့ ခက်ခဲနေတာ၊ မှတ်မိအောင် ဘယ်လိုအာရုံစိုက်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
မှတ်ညဏ်ကောင်းမွန်စေမည့် အလွယ်နည်းများ
(၁) ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ
ဦးနှောက်ဟာ အရာဝတ္ထုတွေကို မှတ်တဲ့အခါ ရေရှည်မှတ်ဉာဏ်ကနေ ရေတိုမှတ်ညဏ်အဖြစ် ပြောင်းလဲဖို့ ရှစ်စက္ကန့်ကြာ အချိန်ယူရတာကြောင့်ဖြစ်ပါတယ်။
(၂) ပီကေဝါးပါ
ပီကေဝါးသူတွေဟာ အကြားအမြင်ဆိုင်ရာ မှတ်ညဏ်အလွန်ကောင်းပြီး အာရုံစူးစိုက်တာ ပိုအားကောင်းလာတယ်လို့ ဆိုပါတယ်။ သစ်သီးစားတာ၊ အပျော်တမ်းညဏ်စမ်းဂိမ်းတွေကစားတာတွေလည်း ပြုလုပ်နိုင်ပါတယ်။
(၃) လက်သီးဆုပ်ပါ
Stress Ball လို ဖိညှစ်လို့ရတဲ့အရာကို လက်သီးဆုပ်သလို ညှစ်ပေးပါ။ ခဏလေးဆုပ်ထားသလို မဟုတ်ဘဲ အနည်းဆုံး ၄၅စက္ကန့်အကြာလောက်ထိ ဆုပ်ထားပေးခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည်ကိုမြင့်တက်စေပါတယ်။
(၄) အိပ်ရေးဝဝအိပ်ပါ
အိပ်နေတဲ့အချိန်မှာ ဦးနှောက်ဟာ နောက်နေ့အတွက် ပြန်မှတ်မိနိုင်မယ့် သတင်းအချက်အလက်တွေကို စုဆောင်းပေးတဲ့ဖြစ်စဉ်ကို ပြုလုပ်နေတာကြောင့် အကယ်၍ အိပ်ချိန် အလုံအလောက် မရဘူးဆိုရင် စာတွေကျက်ပေမယ့် ပြန်မမှတ်နိုင်တဲ့ အခြေအနေနဲ့ ကြုံရမှာပါ။ဒါ့အပြင် အိပ်စက်တာဟာ မနက်ပိုင်းမှာ သိရှိလာတဲ့ သတင်းအချက်အလက်တွေကို ရေရှည်မှတ်ဉာဏ်အနေနဲ့ ပြောင်းလဲနိုင်ပါတယ်။
(၅) လေ့ကျင့်ခန်းလုပ်ပါ
ကိုယ်ကာယလှုပ်ရှားမှုဟာ ဦးနှောက်ကို အောက်ဆီဂျင်ရရှိအောင် ပြုလုပ်ပေးပြီး နိုးနိုးကြားကြားဖြစ်စေတဲ့အပြင်၊ မှတ်ဉာဏ်အတွက် တာဝန်ယူရတဲ့ ဆဲလ်တွေတိုးပွားနှုန်းကိုလည်း အားပေးပါတယ်။ ပေါ့ပေါ့ပါးပါးလုပ်တဲ့ လမ်းလျှောက်တာ၊ တာတိုပြေးတာ၊ ရွရွခုန်တာတွေကို ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ မေ့မေ့လျော့လျော့ဖြစ်တာနည်းပါးပြီး မှတ်ဉာဏ်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ပုံမှန်ထက် တိုးမလာအောင် ခြောက်လကြာထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးတွေဟာ စကားလုံးတွေအပြင် နေရာဒေသနဲ့ဆိုင်တဲ့ မှတ်ဉာဏ်စွမ်းအား ပိုမိုကောင်းနေတယ်လို့ သိရပါတယ်။
(၆) စိတ်ကူးပုံဖော်ကြည့်ပါ
ကိုယ်ကြုံဆုံဖူးတဲ့သူတွေ၊ နံပါတ်တွေကို ပုံဖော်စဉ်းစားပြီး ကိုယ်လိုချင်တဲ့အချက်အလက်ရတဲ့အထိ နည်းနည်းချင်းစီတွေးတောတာဟာ ဦးနှောက်ကို နိုးကြားစေပြီး မှတ်ဉာဏ်ကောင်းအောင် ကူညီနိုင်ပါတယ်။
(၇) ရှုပ်ထွေးသော စာလုံးများကို ဖတ်ပါ
လေ့လာချက်များအရ လူတွေကို အရွယ်ကြီးပြီး အရောင်များဖြစ်နေတဲ့ စာလုံးတွေနဲ့ အရွယ်ညီပြီး ရှုပ်ယှက်ခက်နေတဲ့ စာလုံး၂မျိုးကို ခွဲပြီး မှတ်ခိုင်းတဲ့အခါ အရွယ်ညီပြီး ရှုပ်ထွေးနေတဲ့ စာလုံးတွေကို ပိုမှတ်မိနေတာတွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ထို့ကြောင့်စကားလုံးတွေကို မှတ်မိချင်ရင် အဓိကလုပ်ရမယ့်အချက်က ရှုပ်ယှက်ခက်နေတဲ့ စကားလုံး၊ စာလုံးတွေကို ဖတ်ဖို့ပါပဲ။
(၈) ချရေးထားပါ
စာရွက်တစ်ခုခုမှာချရေးထားခြင်းဖြင့် ကိုယ်ကပြန်ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ တစ်ခါလောက် လက်ရေးနဲ့ ချရေးထားတာဟာ နောက်တစ်ခါပြန်စဉ်းစားတဲ့အခါ အလွယ်မှတ်မိစေနိုင်တယ်လို့ သိရပါတယ်။ ကိုယ်မှတ်ထားချင်တဲ့အရာတွေကို သေသေချာချာမှတ်မိချင်ရင် စာရွက်တစ်ခုခုမှာ ချရေးထားသင့်တယ်။
(၉) တေးဂီတကို ဘယ်အချိန်မှာ နားထောင်သင့်သလဲ သိပါစေ
အလုပ်လုပ်နေတဲ့အချိန်တွေ၊ စာလေ့လာနေတဲ့အချိန်၊ စာအုပ်ဖတ်နေတဲ့ အချိန်တွေမှာ သီချင်းကို Sound Box ဒါမှမဟုတ် Earphones နဲ့ နားထောင်တတ်ပါသလား။ ဒါဆိုရင်တော့ ခဏပိတ်ထားဖို့တော့ လိုအပ်နေပါပြီ။ စာလေ့လာနေတဲ့အချိန်မှာ သီချင်း ဒါမှမဟုတ် တေးဂီတသံစဉ်တွေကို နားထောင်တာဟာ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါမှမဟုတ်မိမိစာဖတ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်ကနေ အဆက်မပြတ်အော်နေတဲ့ အသံကလည်း မိမိဦးနှောက်ရဲ့ မှတ်မိနိုင်တဲ့ စွမ်းရည်ကို အတားအဆီး ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ စာဖတ်တာဟာ မှတ်ဉာဏ်ကို အားပေးပြိး အာရုံစိုက်မှု ပိုရရှိစေပါတယ်။
(၁ဝ) ပုံဆွဲပါ၊ ခြစ်ရေးပါ
ပျင်းရိနေတဲ့ အချိန်တွေမှာ ပုံကြမ်းလေးတွေဆွဲတာ၊ ရေးခြစ်တာတွေက ဒီအတိုင်းထိုင်နေတာထက်စာရင် ဦးနှောက်မှတ်ဉာဏ်ကို အားပေးကူညီနိုင်မှာ အသေအချာပါပဲ။
(၁၁) သူငယ်ချင်းများနှင့် အချိန်ကုန်ဆုံးပါ
လူတွေဟာ တစ်ယောက်တည်းနေတာများတဲ့အခါ အထီးကျန်မှုတွေ စိတ်ဓာတ်ကျတာတွေ အလိုလိုနေရင်း ခံစားရပြီး ဦးနှောက်ကို ထိခိုက်စေသောကြောင့် မှတ်ဉာဏ်ချို့ယွင်းချက်တွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာဟာ စိတ်ကြည်နူးစေပြီး အတွေးသစ် အမြင်သစ်တွေလည်း ရစေပါတယ်။ အကယ်၍ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆင်မပြေလို့ စိတ်ညစ်နေရင်တော့ ကိုယ်စိတ်ဝင်စားမယ်ထင်တဲ့ သင်တန်းတစ်ခုကို တက်လိုက်ပါ။ သင်တန်းတက်တာကြောင့် အပေါင်းအသင်းတိုးပြီး စကားများများပြောဖြစ်ကာ သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။
ကိုးကား - အိဖြူ ( ဆေးဝါးတက္ကသိုလ် ) Aryogam Magazine