Print

နားမှိုစွဲရောဂါ

  24-Jul-2017
Preview Image


နားမှိုစွဲခြင်းရောဂါဆိုတော့ ကြားရတာဆန်းနေမှာပါ။ ဒါပေမဲ့ မှိုဟာ နေရာအနှံ့မှာရှိပါတယ်။ အိမ်ခန်းတွေထဲမှာလည်းရှိတယ်။ ပတ်ဝန်းကျင်အနှံ့မှာလည်းရှိတယ်။ မှိုဟာ ခန္ဓာကိုယ်မှာလည်း ပေါက်ဖွားနိုင်ပါတယ်။ အဲဒီတော့ နားထဲမှာလည်း မှိုစွဲနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ မှိုတွေထဲက ဘယ်လိုမှိုတွေက နားထဲမှာ ဘာကြောင့်ပေါက်ရလဲဆိုတာ သိထားရင် ဘယ်လောက်ပဲအဖြစ်များများ ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မှိုတွေက ပတ်ဝန်းကျင်မှာရှိပေမယ့် အများစုဟာ လူကို ဒုက္ခမပေးတတ်ပါဘူး။ နားထဲမှာ ဖြစ်တဲ့မှိုကို နားထဲမဝင်အောင် နားပြွန်ထဲမှာရှိတဲ့ အမွေးနုလေးတွေရယ်၊ နာဖာချေးရယ်က ကာကွယ်ပေးတတ်တယ်။


လေထဲမှာ၊ ဆရာတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ မှိုတွေက မှိုမျိုးဥလေးတွေ ထုတ်တယ်။ မှိုမျိုးဥတွေက လေထဲမှာ တောက်လျှောက်ရှိနေတာ၊ မှိုမျိုးဥတွေ နားထဲကို မဝင်အောင်ခုနက နားဖာချေးတွေက ယင်ကပ်တဲ့ကော်တို့၊ အဲ့ဒါကြောင့် တော်ရုံတန်ရုံနဲ့တော့ လူအတော်များများမှာ နားမှိုစွဲတဲ့ ပြဿနာ မဖြစ်ကြပါဘူး။ အဲဒီမဖြစ်အောင်လည်း နားထဲက အမွေးလေးတွေနဲ့ နားဖာချေးက တားထားပေးပါတယ်။


နားကို သန့်ရှင်းရေးလုပ်တဲ့သူတွေမှာ နားထဲမှိုစွဲတာ အဖြစ်များပါတယ်။ နားထဲမှာ သန့်ရှင်းရေးလုပ်ပါများတော့ အမွေးလေးတွေ၊ နားဖာချေးတွေမရှိတော့ဘူး။ နားမှာ အကာအကွယ်မဲ့သွားတယ်။ ဒါကြောင့် မှိုမျိုးဥတွေက နားထဲကို ဝင်နိုင်သွားတယ်။ ဒါပေမဲ့ ဝင်တိုင်းလည်း မှိုမပေါက်ပါဘူး။ မှိုရဲ့သဘာဝက စွတ်စိုထိုင်းမှိုင်းတာကို ကြိုက်တယ်။ မှောင်တာကို ကြိုက်တယ်။ နားရဲ့သဘာဝက နားပြွန်အထဲမှာ မှောင်မိုက်နေတယ်။ ဒါပေမဲ့ နားပြွန်ဟာ များသောအားဖြင့် စွတ်စိုထိုင်းမှိုင်းမှု မရှိပါဘူး။ နားထဲကို ရေဝင်တဲ့အခါမှသာ စွတ်စိုမှုဖြ်ပါတယ်။ အတော်များများက ရေချိုးခေါင်းလျှော်ရင် နားထဲရေဝင်တဲ့ အတွေ့အကြုံရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဝင်တဲ့ရေက ခန္ဓာကိုယ်ထဲရောက်ရင် ခန္ဓာကိုယ်အပူချိန်နဲ့ မိနစ်ပိုင်းအကြာမှာ ခြောက်သွားပါတယ်။ နားထဲမှာ ရေတွေ အကြာကြီးရှိမနေနိုင်ပါဘူး။


နားကိုခဏခဏသန့်ရှင်းရေးလုပ်တဲ့သူတွေမှာသာ နားပြွန်ထဲမှာ စွတ်စိုထိုင်းမှိုင်းမှုတွေ အကြာကြီးဖြစ်နေတတ်ပါတယ်။ နားက တအားကိုက်တဲ့အပြင်၊ နားထဲမှာ ပိတ်မယ်၊ နားထဲက အရည်ထွက်မယ်၊ အဲဒီလိုခံစားရပြီဆိုရင် နားမှိုစွဲတာဖြစ်ဖို့ များပါတယ်။ ကုသမှုပေးတဲ့အခါမှာ အရေးကြီးဆုံးက နားသန့်ရှင်းရေး ပြန်လုပ်ရတာပါ။ နားပြွန်တစ်ခုလုံး ပြည့်အောင် ပေါက်နေတဲ့မှိုတွေ အားလုံးကို သန့်ရှင်းရေးလုပ်ရပါမယ်။ ပြီးတော့ မှိုပိုးသတ်ဆေးထည့်ရပါမယ်။


မှိုစွဲပြီဆိုရင်ကုရတာ နည်းနည်းခက်ခဲတာကြောင့် အချိန်ကြာမြင့်တတ်ပါတယ်။ အခြားရောဂါမရှိတဲ့ သာမန်လူကောင်းတွေမှာတော့ များသောအားဖြင့် နှစ်ပတ် သုံးပတ်နဲ့ ပျောက်တတ်ပေမယ့် ဆီးချိုရောဂါရှိတဲ့တို့၊ ပိုးသတ်ဆေးတွေ အများကြီးသောက်နေရတဲ့ သူတွေမှာဆိုရင်တော့ ကုသရတာ လနဲ့ချီပြီး ကြာမြင့်တတ်ပါတယ်။ မှိုပေါက်တဲ့အတွက် နားမကန်းသွားတတ်ပါဘူး။ ဒါပေမဲ့ မှိုစွဲရင် နာကျင်ကိုက်ခဲမယ်။ ဒါက အသက်အန္တရာယ်ဖြစ်လောက်တဲ့ ရောဂါမျိုးမဟုတ်ပေမယ့် အရမ်းအဖြစ်များပါတယ်။


Credit:

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Arogyam Magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18