အရေပြားအောက်ထည့်ပစ္စည်း ( Implanon )
27-Aug-2017မေး။ အရေပြားအောက်ထည့်ပစ္စည်း ဆိုတာဘာပါလဲ?
ဖြေ - Implanon လို့အမည်ရတဲ့ အရေပြားအောက်ထဲထည့်တဲ့ ပစ္စည်းလေးက ပလတ်စတစ်ပျော့ပျော့လေးနဲ့ လုပ်ထားတာ ဖြစ်တယ်။ အရောင်က အဖြူရောင်နဲ့ နံ့သာရောင်ကြား၊ အရွယ်က သွားကြားထိုးတံလောက်၊ အရှည်က ၁လက်မခွဲ၊ (၄စင်တီမီတာ) အမျိုးသမီးတွေခေါင်းမှာ ထိုးတဲ့ကလစ်ကလေးထက်တောင် သေးတယ်။ ပလတ်စတစ်ပျော့လေးနဲ့ လုပ်ထားတာမို့ ကွေးလွယ်ဆန့်လွယ်တယ်။ ဒါကြောင့် အရေပြားအောက်ထဲထည့်ထားတဲ့အခါ အလိုက်သင့် လှုပ်ရှားနိုင်ပြီး မနာကျင်ဘူးပေါ့။ သူ့အရောင်ကလည်း အဖြူနဲ့နံ့သာ ရောင်ကြားဆိုတော့ အပြင်ဘက်ကြည့်ရင် မမြင်နိုင်ဘူး။ လက်မောင်းအရေပြားပေါ်က အသာလေးလှိမ့် ကြည့်ရင်တော့ ဒီပစ္စည်းလေးကို အလွယ်တကူ စမ်းကြည့်လို့ရတယ်။ဒီပစ္စည်းလေးထည့်ပြီး တကယ်လို့ မကြိုက်လို့ ပြန်ထုတ်ပေးဆိုရင် အချိန်မရွေး ပြန်ထုတ်လို့ရတယ်။ ဒီဆေးကလည်း သွေးထဲအကြာကြီး မကျန်ရစ်ခဲ့ဘူး။ သုံးနှစ်ပြည့်လို့ပဲ ဖြစ်ဖြစ် ကလေးလိုချင်လို့ပဲ ဖြစ်ဖြစ် ပြန်ထုတ်လိုက်မယ်ဆိုရင် အလွယ်တကူ ကလေးပြန်ပြီးရနိုင်တယ်။ ဒါဟာ သုံးလခံထိုးဆေးထက်သာတဲ့ အချက်ပဲဖြစ်တယ်။
မေး။ အရေပြားအောက်ထည့်ပစ္စည်းက ဘယ်လိုနည်းနဲ့ ကိုယ်ဝန်ကိုတားပေးပါသလဲ။
ဖြေ - ဒီပစ္စည်းလေးထဲမှာ ပရိုဂျက်စတီရုန်းဟော်မုန်းပါဝင်တယ်။ အရေပြားအောက်ထဲ ထည့်ထားတော့ နေ့စဉ် သွေးကြောထဲကို ဒီဟော်မုန်းလေးတွေ နည်းနည်းစီ စိမ့်ဝင်သွားစေတယ်။ ဒီဆေးရဲ့ အစွမ်းကြောင့် သားအိမ်ခေါင်းကနေထွက်စေတဲ့ ချွှဲရည်ကြည်ကို ပျစ်ခဲစေပြီး၊ အမျိုးသားရဲ့ သုတ်ကောင်လေးတွေ သားအိမ်ပေါက်ဝထဲ ဝင်မလာနိုင်အောင် တားဆီးပေးထားတယ်။ ပြီးတော့ မမျိုးဥအိမ်ကနေပြီးတော့ မျိုးဥကလေးတွေ ကြွေမကျလာအောင်လည်း တားဆီးပေးတယ်။ ဒါကြောင့်မို့လို့ ကလေးမရနိုင်ဖို့ တော်တော်ကို စိတ်ချရတယ်။
မေး။ အရေပြားအောက်ထည့်ပစ္စည်းက ဘယ်လောက်ထိရောက်ပါသလဲ။ စိတ်ချရပါသလဲ။
ဖြေ - အရေပြားအောက်ထည့်ပစ္စည်းထည့်ထားတဲ့ အမျိုးသမီး ၁၀၀၀မှာ တစ်နှစ်ကို ကလေးရတဲ့ အရေအတွက်ဟာ ၁ ယောက်ပဲရှိတယ်။ စားဆေးတွေ၊ ထိုးဆေးတွေထက်ပိုပြီး စိတ်ချရတယ်။ အာနိသင်ပိုပြီး ကောင်းမွန်တယ်။
မေး။ အရေပြားအောက်ထည့်ပစ္စည်းကို ဘယ်လိုလူတွေ သုံးလို့ရပါသလဲ။
ဖြေ - အမျိုးသမီးအများစုမှာ စိတ်ချလက်ချသုံးနိုင်တယ်။ ဒီပစ္စည်းသုံးဖို့ မသင့်လျော်တဲ့ ဒီပစ္စည်းနဲ့ မတည့်တဲ့သူ နည်းနည်းပဲရှိမယ်။
မေး။ အရေပြားအောက်ထည့်ပစ္စည်းရဲ့ မကောင်းတဲ့ အချက်တွေက ဘာတွေပါလဲ။
ဖြေ - မကောင်းတာတွေကတော့ ရာသီခွင်တွေ ကမောက်ကမ ဖြစ်တတ်တာပါပဲ။ ဒါကတော့ ပရိုဂျက်စတီရုန်း ဟော်မုန်းရဲ့ အစွမ်းပေါ့၊ ရာသီမမှန်မကန်ဖြစ်မယ်။ အချို့ဆိုရင် လုံးဝမလာတော့ဘူး။ အချို့ နည်းနည်းချင်း ဆင်းချင်တဲ့ရက် ဆင်းတတ်တယ်။ အထူးသဖြင့်ပထမနှစ်မှာပိုဆိုးတယ်။ တစ်နှစ်ကျော်သွားပြီးရင် ပြန်မှန်သွားတတ်ပါတယ်။ နောက်တချက်က အဆင်မသင့်ရင် ဝဖြိုးလာတတ်ပါတယ်။ တစ်ခါတစ်လေထည့်ပြီးခါစ ပထမလနည်းနည်းမှာ ခေါင်းကိုက်တာ ရင်သားတွေ နာကျင်တာ ပျို့အန်တာ စိတ်ထဲမှာ ကြောက်သလို ရွံ့သလို စိတ်ပူသလိုဖြစ်တာမျိုးတွေ ဖြစ်တတ်တယ်။ ရှားရှားပါးပါးမှာတော့ ဝက်ခြံထွက်တတ်တာ အစားပျက်တာ၊ ဆံပင်ကျွတ်တာလေးတွေ ရှိတတ်တယ်။
မေး။ အရေပြားအောက်ထည့်ပစ္စည်းကို ဘယ်သူတွေမသုံးသင့်ဘူးလဲ။
ဖြေ - ဒီပစ္စည်းမသုံးသင့်တဲ့ သူတွေကတော့ အရင်တုန်းက ရင်သားကင်ဆာဖြစ်နေရင်း၊ အဆုတ် သို့မဟုတ် ခြေထောက်သွေးကြောမှာ သွေးခဲဖူးရင်၊ နဂိုကတည်းက ရာသီသွေး မမှန်ဘဲ ကမောက်ကမဖြစ်နေရင်၊ အသည်းရောဂါ၊ တီဘီဆေး၊ မှိုရောဂါ ကုသတဲ့ဆေး၊ ဝက်ရူးပြန်ရောဂါ၊ အတက်ပျောက်ဆေး သုံးရတဲ့သူတွေပဲ ဖြစ်ပါတယ်။
မေး။ အရေပြားအောက်ထည့်ပစ္စည်းကို ထည့်တဲ့သူဟာ ဘာတွေကို သတိထားရမလဲ။
ဖြေ - ဒီပစ္စည်းကို ရာသီမှန်မှန်လာနေသူ မိန်းကလေးမှာ ရာသီလာပြီး ပထမ (၇) ရက်အတွင်း ထည့်လျှင် တခြားဘာနည်းမှ မလိုဘူး။ အဲ့ဒီစထည့်တဲ့နေ့ကစပြီး စိတ်ချရတယ်။ တစ်ပတ်ကျော်သွားပြီးမှ ထည့်မယ်ဆိုရင် ထည့်ပြီးတစ်ပတ်အတွင်း လိင်မဆက်ဆံဖို့၊ ဆက်ဆံရင်လည်း ကွန်ဒုံးသုံးဖို့လိုပါတယ်။ ကလေးမီးဖွားပြီး နို့တိုက်နေရင် မွေးပြီးခြောက်ပတ်မှာ ထည့်လေ့ရှိတယ်။ နို့မတိုက်ရင် မွေးပြီးပြီးချင်း ထည့်နိုင်တယ်။ ကလေးပျက်ပြီးသူတွေမှာလည်း ချက်ချင်းထည့်နိုင်တယ်။ အခြားနည်းက ဒီနည်းကို ပြောင်းသုံးမယ်ဆိုလျှင် စားဆေးသုံးနေရင် အချိန်မရွေးထည့်နိုင်တယ်။ သားအိမ်ထဲထည့်ပစ္စည်းထည့်ထားသူမှာ ရာသီလာပြီး (၇)ရက်ထက်ကျော်သွားရင်တော့ သားအိမ်ထည့်ပစ္စည်းကို နောက်ရာသီလာတဲ့အထိ ဆက်ထားရမယ်။သတိထားရမည့်အချက်မှာ ဒီနည်းသုံးခြင်းကြောင့် ကလေးမရအောင်ဘဲ ကာကွယ်နိုင်ပြီး လိင်ကတဆင့် ကူးစက်ရောဂါတွေ အန္တရာယ်က မကာကွယ်နိုင် သည့်အတွက် ကာကွယ်ချင်ရင် ကွန်ဒုံးကို သုံးရမည် ဖြစ်ပါတယ်။
မေး။ အရေပြားအောက်ထည့်ပစ္စည်းကို ပြန်ထုတ်ပြီးနောက် ကိုယ်ဝန်ပြန်ရဖို့ ဘယ်လောက် အချိန်ပြန်စောင့်ရပါသလဲ။
ဖြေ - အရေပြားအောက်ထည့်ပစ္စည်းကို ပြန်ထုတ်ပြီးတဲ့နောက် ဘာမှမကြာခင်မှာ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ဒီအချက်မှာ ဟော်မုန်းမပါတဲ သန္ဓေတားနည်း အသုံးပြုနေတဲ့ အမျိုးသမီးတွေနဲ့ ဘာမှမကွာဘူး။ တန်းတူပဲ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ များသောအားဖြင့် အရေပြားအောက်ထည့်ပစ္စည်းထုတ်လိုက်တဲ့ အချိန်မှာ အရေပြားအောက်ပစ္စည်းမထည့်ခင်က ရာသီလာတဲ့ပုံစံအတိုင်း ပုံမှန်ရာသီပြန်လာစေပါတယ်။ တစ်ချို့ အမျိုးသမီးတွေမှာတော့ လနည်းနည်းငယ်ကြာမှ ပုံမှန်ရာသီပြန်လာတတ်ပါတယ်။
Credit: မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်
ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)
By Dr. Pearl (7887 Healthcare Call Canter)