ဂလူ့ကို့စ် (Glucose) ၊ အချို (သကြား) နှင့် ရင်ကျပ်ဝေဒနာ
04-Nov-2020ဂလူးကို့စ်၊ အချို (သကြား) ဓာတ်သည်
ရင်ကျပ်ဝေဒနာကို ဖြစ်စေသည်ဟု လက်ခံ ထားမှုရှိသည်။ ဂလူးကို့စ်သောက်ရန်
ညွှန်ကြားသောအခါ “ကျွန်တော်၊ ကျွန်မမှာ ရင်ကျပ်ရောဂါရှိတယ်၊ ဂလူးကို့စ်
သောက်လို့မဖြစ်ဘူး” ဟု ပြန်လည်ပြောဆို တင်ပြမှုများ ရှိသည်။ ရင်ကျပ်ပန်းနာ
လူနာများသည်လည်း ဂလူးကို့စ်နှင့် အချိုစားသုံးမှု ကို ရှောင်ကြဉ်လေ့ရှိကြသည်။
ဂလူးကို့စ် (သို့) အချိုသကြား၊ Sucrose ကြောင့် ရင်ကျပ်ဒေနာမဖြစ်စေပါ။
ရင်ကျပ်ပန်းနာ လူနာများအတွက် ဆေးဝါးတစ်မျိုး
အမိုင်နိုဖိုင်လင်း Aminophyline ဆေးကို အကြောဆေးအဖြစ် ထိုးလေ့ရှိခဲ့သည်။ အဆိုပါ
အမိုင်နိုဖိုင်လင်းထိုးရာတွင် ဆေးကို ဂလူးကို့စ်အရည်ဖြင့် ရောစပ်ထိုးလေ့ရှိသည်။
အမိုင်နိုဖိုင်လင်းကို ဂလူးကို့စ်အရည်ဖြင့် ရောစပ်ထိုးခြင်းကိုသိရှိပါက
ဂလူးကို့စ်ကြောင့် ရင်ကျပ်ဝေဒနာမဖြစ်နိုင်ကြောင်း နားလည်နိုင်ကြမည် ဖြစ်ပါသည်။
ရင်ကျပ်ပန်းနာဝေဒနာမှာ အများအားဖြင့်
ဓာတ်မတည့်မှုကြောင့်ဖြစ်သော ရောဂါ တစ်မျိုးဖြစ်သည်။ မျိုးရိုးဗီဇ ဆက်နွှယ်မှုရှိသည်။
ရင်ကျပ်ပန်းနာဝေဒနာမှာ ဂလူးကို့စ် (သို့) အချိုဓာတ်သကြားကြောင့် ပိုမိုဆိုးဝါး
စေမည်မဟုတ်ပါ။ ဂလူးကို့စ်သည် ခန္ဓာကိုယ် အတွက် စွမ်းအင်ပေးသော
ပစ္စည်းတစ်မျိုးဖြစ်သည်။ လေပြွန်များကျဉ်းစေသော အာနိသင် စွမ်းရည်လုံးဝမရှိပါ။
နွမ်းနယ်မှု၊ အင်အားကုန်ခမ်းမှုတို့အတွက် ဂလူးကို့စ် သောက်ခြင်း သည် ရင်ကျပ်ဝေဒနာကို
ဆိုဝါးစေလိမ့်မည်မဟုတ်ပါ။
ရင်ကျပ်ဝေဒနာကို အဓိကကာကွယ်ရန်မှာ
ဓာတ်မတည့်မှုဖြစ်စေသော အကြောင်းခြင်းရာများကို ရှောင်ရှားရန်ဖြစ်သည်။ အစားအစာ၊
ဆေးဝါးများ၊ လေထု ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှုများနှင့် အခြားဓာတ်မတည့်မှုဖြစ်သော
အကြောင်းများ သည်သာ ရင်ကျပ်ဝေဒနာကို ဖြစ်ပေါ်စေနိုင်သည်။
Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။