Print

ရုံးမှာ ကွန်ပျူတာပုံမှန်အသုံးပြုသူတို့အတွက် မျက်စိကျန်းမာရေးအကြံပြုချက...

  27-Nov-2020
Preview Image

ရုံးမှာ ကွန်ပျူတာပုံမှန်အသုံးပြုသူတို့အတွက် မျက်စိကျန်းမာရေးအကြံပြုချက်


ဒီနေ့ ပြောကြားပေးမယ့် ခေါင်းစဉ်ကတော့ လုပ်ငန်းခွင်မှာ ကွန်ပျူတာကို ပုံမှန်အသုံးပြုနေတဲ့ ရုံးဝန်ထမ်းတွေအတွက် မျက်စိကျန်းမာရေးကို ဘယ်လို ဂရုစိုက်ကြမလဲဆိုတဲ့ အကြုံပြုချက်တွေပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ကွန်ပျူတာကို နေ့စဉ်အသုံးပြုနေတဲ့ ရုံးဝန်ထမ်း ၅၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ မျက်စိနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ မျက်စိရောဂါတွေ ခံစားနေကြရတယ်လို့ဆိုပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ မျက်စိကျန်းမာရေးကို ဂရုစိုက်နိုင်အောင် လိုက်နာလုပ်ဆောင်သင့်တဲ့ နည်းလမ်း (၈) ချက်ကို ပြောကြားပေးသွားပါမယ်။

(၁) မျက်စိစမ်းသပ်မှု ပုံမှန်ခံယူပါ။ ကိုယ့်ရဲ့မျက်စိကို ဆရာဝန်နဲ့ပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သူနဲ့ပဲဖြစ်ဖြစ် ပုံမှန် စစ်ဆေးမှု ခံယူတာက မျက်စိရောဂါတွေကို ကာကွယ်နိုင်သလို ဖြစ်နေတဲ့ရောဂါကိုလည်း စောစောစီးစီးကုသနိုင်မှာဖြစ်ပါတယ်။ မျက်စိစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ်အနည်းဆုံး ခံယူသင့်ပါတယ်။

(၂) အလင်းရောင် လုံလုံလောက်လောက်ရှိပါစေ။ ကိုယ့်ရဲ့ အလုပ်စားပွဲမှာ အလင်းရောင်ကို လုံလုံလောက်လောက် ရနေသင့်ပါတယ်။ ရုံးခန်းမှာ စူးစူးရှရှမီးအလင်းတွေ မရှိသင့်သလို အပြင်က နေရောင်ကလည်း အလုပ်စားပွဲကို တိုက်ရိုက်ကျမနေသင့်ပါဘူး။ အပြင်ကနေရောင်အလင်းကို ကာကွယ်ဖို့ ရုံးခန်းမှာ ကန့်လန့်ကာတွေ တပ်ပါ။ လိုက်ကာတွေ ချိတ်ထားပါ။ အလုပ်စားပွဲပေါ် တိုက်ရိုက် မီးလုံး၊ မီးချောင်း တပ်ဆင်တာမျိုး ရှောင်ရှားပါ။ ကိုယ်အလုပ်လုပ်နေတဲ့အချိန်မှာ မျက်စိ သက်တောင့်သက်သာဖြစ်နေစေမယ့် အလင်းရောင်ကိုသာ ချိန်ညှိပြီး တပ်ဆင်သင့်ပါတယ်။

(၃) အလင်းရှိန်တွေကို လျှော့ပါ။ အလင်းရှိန်ဆိုတာ နံရံတွေ၊ စားပွဲတွေ၊ ကြမ်းပြင်တွေက ရောင်ပြန်ဟပ်လာတဲ့ အလင်းတွေ ဖြစ်ပါတယ်။ ရုံးတွင်းနံရံကို တောက်တောက်ပပအရောင်အစား အရောင်မှိန်မှိန်ဆေးခြယ်ပါ။ အလင်းပြန်နိုင်တဲ့ စားပွဲတွေ မသုံးပါနဲ့။ နောက်ပြီး ပြတင်းပေါက်တွေကို လိုက်ကာချိတ်ပါ။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာလည်း အလင်းရှိန်လျှော့ချပေးနိုင်မယ့် အကာအကွယ် Screen တပ်ဆင်ပါ။

(၄) ကွန်ပျူတာမျက်နှာပြင်အလင်းကို ချိန်ညှိပါ။ ကိုယ့်အလုပ်ချိန်မှာ အမြဲတမ်းလို ကြည့်နေရမယ့် ကွန်ပျူတာမျက်နှာပြင်ရဲ့အလင်းကလည်း သက်တောင့်သက်သာဖြစ်စေဖို့လိုပါတယ်။ ကွန်ပျူတာအလင်းက အရမ်းလည်း မပြင်းသင့်သလို အရမ်းလည်း မမှိန်သင့်ပါဘူး။ အရောင်အနေအထားနဲ့ အလင်းအနေအထားကို မျက်စိအတွက် ကြည့်ရအဆင်ပြေစေမယ့် setting မျိုးကို ချိန်ညှိထားပါ။

(၅) မကြာခဏ မျက်တောင်ခတ်ပေးပါ။ မျက်တောင်ခတ်ပေးတာက မျက်စိမျက်နှာပြင်ကို မျက်ရည်နဲ့ ထိတွေစေပြီး မျက်စိခြောက်သွေ့ခြင်းနဲ့ မျက်စိယားယံခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မျက်ရည်အတုပါဝင်တဲ့ မျက်စဉ်းဆေးခတ်ပေးခြင်းကလည်း မျက်လုံးနာတာ၊ မျက်လုံးနီတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး မျက်စဉ်းဆေးကို သုံးနိုင်ပါတယ်။

(၆) မျက်စိလေ့ကျင့်ခန်းလုပ်ပေးပါ။ မျက်စိနာရခြင်းအကြောင်းရင်းက ကွန်ပျူတာမျက်နှာပြင်ကို အချိန်ကြာကြာစိုက်ကြည့်နေရလို့ပါ။ ဒါကြောင့် ၂၀-၂၀-၂၀ စည်းမျဉ်းကို မှတ်ထားပါ။ ကွန်ပျူတာသုံးတာရပ်ပြီး မိနစ် ၂၀ ခြားစီတစ်ခါ ကွန်ပျူတာနဲ့ဝေးရာ ကိုယ်နဲ့ အနည်းဆုံး ပေ ၂၀ အကွာအဝေးက ပစ္စည်းတစ်ခုခု (ဥပမာ-သစ်ပင်၊ အရိပ်၊ အရောင်မစူးရှတဲ့တစ်နေရာရာ) ကို စက္ကန့် ၂၀ လောက်အနည်းဆုံး ကြည့်ပေးပါ။

နောက်လေ့ကျင့်ခန်းတစ်ခုက ကိုယ်နဲ့ဝေးရာ ပစ္စည်းတစ်ခုကို စက္ကန့် ၁၀ - ၁၅ စက္ကန့်လောက်ကြည့်ပြီး နီးစပ်ရာပစ္စည်းကို စက္ကန့် ၁၀ - ၁၅ စက္ကန့်လောက် ပြောင်းကြည့်တာပါ။ ဒါကို ၁၀ ကြိမ်လောက် လုပ်ပေးပါ။

ဒီလိုလုပ်ပေးခြင်းက  မျက်စိနဲ့ မျက်စိကြွက်သားတွေကို ကွန်ပျူတာအသုံးများလို့ တစ်နေရာထဲပုံသေကျမသွားအောင် ကာကွယ်ပေးပါတယ်။ မျက်စိနာတာ၊ မျက်စိကိုက်တာကိုလည်း ကာကွယ်ပေးပါတယ်။

(၇) အလုပ်ကနေ မကြာခဏ အချိန်တိုနားပါ။ ကွန်ပျူတာသုံးရတဲ့ လုပ်ငန်းခွင်ဟာ ကိုယ်လက်လှုပ်ရှားမှုနည်းပြီးအထိုင်များတယ်ဆိုတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လူနေမှုဘဝပုံစံ ဖြစ်ပါတယ်။ အချိန်တိုနားနေချိန်မှာ မတ်တပ်ခဏရပ်ပါ။ လက်နဲ့ ခြေထောက်ကို အကြောဆန့်ပါ။ ခေါင်း၊ ဇက်ကြောနဲ့ ပုခုံးကြွက်သားတွေကို ဖြေလျော့အကြောဖြေပါ။ ကိုယ့်ရဲ့ တရားဝင်အလုပ်နားချိန်ကို အသုံးချပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်တာက မျက်စိကျန်းမာရေးအတွက်သာမက အထွေထွေကျန်းမာရေးပါ ကောင်းမွန်စေပါတယ်။

(၈) မျက်မှန် တပ်ဖို့ စီစဉ်ပါ။ မျက်လုံး ပါဝါရှိမှ မျက်မှန်တပ်ရတာ မဟုတ်ပါဘူး။ ကွန်ပျူတာမျက်နှာပြင်ကနေ လှိုင်းတွေက အစဉ်မပြတ်ထွက်နေတာဖြစ်ပြီး မျက်စိကို တိုက်ရိုက်ထိတွေ့နေတာပါ။ ဒါကြောင့် ဒီလှိုင်းတွေကနေ ကာကွယ်ပေးတဲ့ အထူးပြုလုပ်ထားတဲ့ မျက်မှန်တွေကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်စမ်းသပ်ပြီး တပ်ဆင်သင့်ပါတယ်။

ကဲ…ဒီလိုအချက်တွေ ပုံမှန်လိုက်နာပေးမယ်ဆို ကွန်ပျူတာအသုံးပြုများတာကြောင့် ဖြစ်လာနိုင်မယ့် မျက်စိပြဿနာတွေ မျက်စိရောဂါတွေကို ကောင်းကောင်းကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အားလုံးပဲ လုပ်ငန်းခွင်မှာ မျက်စိကျန်းမာရေးကောင်းမွန်စွာနဲ့ အလုပ်လုပ်နိုင်ကြပါစေ။

ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18