Print

ARTကုထုံးကို စတင်သုံးစွဲသူတွေမှာ မျက်စိကွယ်တာ ဟုတ်ပါသလား

  03-Jan-2021
Preview Image

HIV ကိုထိန်းပေးထားနိုင်တဲ့ ART ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးမှာ မျက်စိကွယ်
စေတာမျိုး ၊ အမြင်အာရုံကို ထိခိုက်စေနိုင်တာမျိုး မရှိတတ်ကြပါဘူး ။ ဒါကြောင့် ပထမဦးဆုံး မှာချင်တာကတော့ ART ကုထုံးနဲ့ ကုသမှုခံယူထားရင် ART ဆေးတွေကို မိမိသဘောနဲ့ ရပ်ပစ်တာမျိုး လုံးဝမလုပ်မိဖို့ပါပဲ။

အခုကိစ္စမှာ ဖြစ်နိုင်ခြေကတော့ CMV ဗိုင်းရပ်(စ်)ပိုးကြောင့် မျက်လုံးအတွင်းပိုင်းက အမြင်လွှာနဲ့ အခြားအစိတ်အပိုင်းတွေ ထိခိုက်ရောင်ရမ်းတာကြောင့် ဖြစ်ဖို့ များပါတယ်။ ဒီကိစ္စကို နားလည်ဖို့အတွက် သေသေချာချာရှင်းပြမှ ဖြစ်ပါမယ်။

CMV (Cytomegalo Virus) ဟာ ရေယုန်ဗိုင်းရပ်(စ်)နဲ့ ဆွေမျိုးတော်တဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ လူအတော်များများမှာ ကူးစက်ခံထားရပြီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူကြီး ၁၀ယောက်မှာ ၉ ယောက်က ကူးစက်ခံထား ရပြီးသားလို့ဆိုပါတယ်။ နေရာဒေသပေါ်မူတည်ပြီး အနည်းအများ ရှိတတ်ပေမယ့် လူထုထဲက လူတစ်ဝက်
ကျော်လောက်ကတော့ CMV ပိုးကူးစက်ခံထားရပြီးသားဖြစ်ပါတယ်။

ဒီပိုးဟာ ရေယုန်ဗိုင်းရပ်စ်ပိုး မိသားစုဝင်ဖြစ်တော့ ရေယုန်ပိုးတွေလိုပဲ ခန္ဓာကိုယ်ထဲမှာ အောင်းနေတတ်တဲ့ သဘောရှိပြီး လူတစ်ယောက်ရဲ့ ခုခံအား ကျဆင်းလာတော့မှ ထကြွလာပြီး ခန္ဓာကိုယ်ကို တိုက်ခိုက်တတ်တာပါ။ CMV ပိုးက အထူးသဖြင့်တော့ မျက်စိထဲက မြင်လွှာနဲ့ ဆက်စပ်အစိတ်အပိုင်းတွေကို တိုက်ခိုက်ပြီး ရောင်ရမ်းစေတတ် ပါတယ်။

အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရလို့ ခုခံအားကျဆင်းလာတဲ့အခါ နဂိုက ခန္ဓာကိုယ်ထဲ ဝင်ထားပြီးသား ပိုးတွေ ထကြွလာလို့ ရောဂါလက္ခဏာတွေ ပြလာတတ်တာကို နားလည် ထားကြပြီးသာပါ။ AIDS ဝေဒနာဖြစ်လာရင် ရေယုန်တွေ ထွက်လာတတ်တာက ဒီသဘောပါ။ အိပ်ချ်အိုင်ဗွီကြောင့် ခုခံအား သိပ်ကျဆင်းလာရင် နဂိုကတည်းက ခန္ဓာကိုယ်မှာ ရှိပြီးသား CMV ပိုးက ထကြွလာပြီး မျက်စိမြင်လွှာကို ဒုက္ခပေးပြီးတော့ မျက်စိကွယ်စေတတ်ပါတယ်။


Credit : ဒေါက်တာ စစ်နိုင် 


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18