မွေးရာပါအတွင်းတိမ်
13-Jan-2021
ယနေ့ကမ္ဘာပေါ်တွင်
အကြောင်းအမျိုးမျိုးကြောင့် မျက်စိကွယ်နေသူ ကလေးပေါင်း နှစ်သန်းခန့်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
ထုတ်ပြန်ခဲ့ပါသည်။ ထိုအထဲတွင် မွေးရာပါ အတွင်းတိမ်နှင့် ငယ်ရွယ်စဉ် ဖြစ်ပေါ်လာသော အတွင်းတိမ်
အရေအတွက်တို့ကို ပေါင်းလိုက်ပါက စုစုပေါင်း နှစ်သိန်းခန့် အတွင်းတိမ် ဖြစ်တတ် သည်ဟုလည်း
ခန့်မှန်းထားသည်။ မျိုးရိုက်လိုက်၍ အတွင်းတိမ်ဖြစ်သောသူ ၂၅ ရာခိုင်နှုန်း ရှိသည်။ တခြားသော
အကြောင်းများကြောင့် ၃၃ ရာခိုင်နှုန်းမှာ တိမ် ဖြစ်သည်။ မျက်စိနှစ်ဖက် အတွင်းတိမ်ဖြစ်သော
ကလေးငယ်များနှင့် ဂလက်တို့စ်ကို ဂလူးကို့စ် သကြားအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် အင်ဇိုင်းတစ်မျိုး
မပါရှိသောကြောင့် ရောဂါဖြစ် သည်။ ထိုရောဂါဖြစ်က အတွင်းတိမ် စွဲတတ်သည်။
မိခင်လောင်းအနေနဲ့
ရူဘဲလားဗိုင်းရပ်စ်ရောဂါ (ဂျာမန် ဝက်သက်) ကူးစက်ခြင်း ခံရပါက သန္ဓေသားအနေနဲ့ အတွင်းတိမ်ရောဂါ
ရသဖြင့် မျက်စိနှစ်ဖက်စလုံး မွေးရာပါ အတွင်းတိမ် ခံစားရသည်။ အနောက်နိုင်ငံများတွင်
ရူဘဲလား ကာကွယ်ဆေး ထိုးကြ ပါသည်။ ဆေးရုံဆင်းသည့် ကလေးငယ်တိုင်း၏ မျက်စိကို စစ်ဆေးပေးသင့်ပါသည်
။ သူငယ်အိမ်နေရာကို ကြည့်၍ အာရုံခံလွှာ၏ အနီရောင် အလင်းပြန်ခြင်း ရှိ၊ မရှိ စစ်ဆေးပေးသင့်သည်။
လိုအပ်ပါက သူငယ်အိမ်ကို ချဲ့၍ မျက်စိ၏ အတွင်းပိုင်းကို စစ်ဆေးပေးရပါမည်။ မျက်စိသူငယ်အိမ်နေရာတွင်
အဖြူရောင် ဖြစ်ပေါ်စေသည့် ရတီနိုဘလတ်စတိုးမာ အာရုံလွှာကင်ဆာ၊ သန်ကောင်ကြောင့် မျက်စိ
အတွင်းရောင်ခြင်း၊ အာရုံခံလွှာ ပျက်စီးစေသော ကုတ်စ်ရောဂါ၊ တော့ဆို ပလက် စမိုစစ်ရောဂါ၊
ဆိုက်တိုမက်ဂလို ဗိုင်းရပ်စ်ရောဂါ၊ ဟာပိစ်ရေယုန် ရောဂါများ ရှိ၊ မရှိလည်း စစ်ဆေးပေးရန်
လိုပါသည်။
မွေးရာပါ
တိမ်ဖြစ်ပါက နှစ်လ၊ သုံးလ အရွယ်မတိုင်မီ ခွဲသင့်သည်။ သို့မှသာ မျက်စိတုန်ခါခြင်းမှ
လွတ်မည်။ ကောင်းစွာ မြင်မည်။ မျက်စိ ခွဲစိတ်ကုသခြင်း နောက်ကျမည် ဆိုပါက ကောင်းသောအမြင်ကို
မရနိုင်ဘဲ စာလုံးကြီးများကိုသာ မြင်ရပါလိမ့်မည်။ ကလေးငယ်များ၏ အတွင်းတိမ် ဖြစ်နေသော
လင်းမှန်ကို ခွဲစိတ်ယူပြီးသည့်တိုင် ထိုကလေးများ၏ ၄၀ ရာခိုင်နှုန်းခန့် ရေတိမ်ရောဂါ
ဖြစ်တတ်သည်။ သို့ဖြစ်၍ ခွဲစိတ်ထားသည့် ကလေးတိုင်း ရေတိမ်ဖြစ်ပေါ်လာခြင်းကို စဉ်ဆက်မပြတ်
လေ့လာသင့်ပါသည်။
အတွင်းတိမ်
ခွဲစိတ်ပြီး ကလေးငယ်များ၏ မျက်စိကို ကောင်းစွာမြင်စေရန် လိုအပ်သော မျက်ကပ်မှန်များ
တပ်ပေးရန် လိုပါမည်။ မျက်စိတစ်ဖက်တွင်သာ တိမ်ဖြစ်၍ ခွဲစိတ်သော ကလေးများ၏ အမြင် မပျက်စီးစေရန်
ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း စိတ်ရှည်လက်ရှည် ကုသခံရန် အရေးကြီးပါသည်။ အတွင်းတိမ်
ဖြစ်နေသော ကလေးများ အနေနဲ့ စောစွာသိ၊ စောစောကုမှသာ အနာဂတ်အတွက် အလားအလာ ကောင်းမည်ဖြစ်သဖြင့်
တိမ်ဖြစ်နေသော ကလေးများကို မိသားစုများ၊ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာ ရပ်ကွက်များမှ
ရှာဖွေဖော်ထုတ်ရပါမည်။ တွေ့ရှိပါက မျက်စိကုဌာနသို့ စေလွှတ်စစ်ဆေးခံရန် လိုသည်။
မျက်စိဆရာဝန်များ
အနေနဲ့ ရောဂါကို ကုသပေးပြီး မှုန်မွှားသောအမြင်ကို
ပြန်လည်ထူထောင်ပေးရန်
လိုအပ်ပါသည်။ လန်ဒန်ရှိ အပြည်ပြည်ဆိုင်ရာ မျက်စိ ကျန်းမာရေးစင်တာမှ မိုဟာမက်မူဟစ်နှင့်
ကလယ်ဂီဘတ်တို့က အတိုချုပ်များ ကို အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။
၁။ လူကြီးများတွင်သာမက
မွေးကင်းစနှင့် ကလေးငယ်များပါ အတွင်းတိမ်ရောဂါ ခံစားရတတ်ကြသည်။
၂။ မွေးရာပါ
အတွင်းတိမ်ရှိနိုင်သကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ် ကလေးဘဝတွင်လည်း အတွင်းတိမ် ဖြစ်တတ်ပါသည်။
၃။ အတွင်းတိမ်သည်
မျိုးရိုးလိုက်တတ်သည်။ မိသားစုဝင် အများအပြားတို့
ဖြစ်နိုင်သည်။
၄။ မိဘနှစ်ပါးအနေနဲ့
မိမိတို့၏ သားသမီးများ၏ မျက်စိကို ကြည့်သောအခါ ကလေး၏ မျက်စိ အလယ်ကောင် သူငယ်အိမ်နေရာတွင်
အဖြူရောင်မြင်ပါက အရေးကြီးသည်ဟု သဘောထားရပါမည်။
၅။ မျက်စိရောဂါ
ရှိနေသော ကလေးကို မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေး ကုသခံရပါမည်။
၆။ အတွင်းတိမ်
ကုသောနည်းများ ခွဲစိတ်ပြီး တိမ်ထုတ်ပေးခြင်းဖြစ်သည်။
၇။ အတွင်းတိမ်
ဖြစ်နေသောကလေးကို အစောဆုံး ကုသနိုင်လျှင် အကောင်းဆုံးဖြစ် ပါသည်။ စောစောကုသခံပါက ပိုမိုကြည်လင်သော
အမြင်ရရှိရန် အခွင့်အလမ်းသာပါ သည်။ ငယ်ရွယ်စဉ်က ကုသမခံပါက မြင်အားပျက်ခြင်း၊ လွန်စွာ
မျက်စိမှုန်ခြင်း၊ ကွယ်ခြင်း ခံစားရမည်။
၈။ အတွင်းတိမ်
ခွဲစိတ်ပြီးပါက ကောင်းစွာအောင်မြင်စေရန်အတွက် မျက်မှန်တပ်ရန် လိုကောင်းလိုပါမည်။
၉။ မျက်စိ
ခွဲစိတ်သော ကလေးများကို မျက်စိအမြင် စစ်ဆေးရန် မျက်မှန်လဲလှယ်ရန်နှင့်
နောက်ဆက်တွဲ
ဖြစ်ပေါ်လာသော ရောဂါများကို ကုသနိုင်ရန်အတွက် ဆရာဝန်မှာသည့် အခါတိုင်း မပျက်မကွက် သွားရောက်တွေ့ဆုံရန်
လိုပါသည်။
Credit : ဒေါက်တာထွန်းအောင်ကျော်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။