ဆောင်းရာသီ Rotavirus နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း
03-Nov-2017ကလေးငယ်တွေမှာ အဖြစ်များတဲ့ ဆောင်းရာသီမှာ ဖြစ်တတ်သော ဝမ်းပျက်ဝမ်းလျှောခြင်းဟာ Rotavirus ကြောင့် ဖြစ်ရတာများပါတယ်။ Rotavirus ဝင်ရောက်ကူးစက်ခြင်းခံရတဲ့အခါ ဖျားခြင်း၊ ပျို့အန်ခြင်းများ စတင်ဖြစ်ပေါ်ပြီး ဝမ်းအရည်ကျဲကျဲသွားခြင်းဟာ ၃ ရက်ကနေ ၈ ရက် အထိ ဖြစ်တတ်ပါတယ်။ ဗိုက်နာဗိုက်အောင့်ခြင်းကိုပါ ခံစားရနိုင်ပါတယ်။ အရွယ်ရောက်သူတွေမှာတော့ Rotavirus ဟာ သိပ်မပြင်းထန်တဲ့ ရောဂါလက္ခဏာများကိုသာ ဖြစ်စေပါတယ်။
ကလေးတွေမှာ ဝမ်းပျက်ခဲ့ပြီဆိုရင် အခုဖော်ပြမယ့် အခြေအနေတွေကို သတိပြုရပါမယ်။
(၁) ပြင်းထန်သော (သို့) သွေးဝမ်းပါသော ဝမ်းပျက်ခြင်း
(၂) သုံးနာရီနဲ့အထက် မကြာခဏအန်နေခြင်း၊
(၃) အဖျား 103O F (39.4O C) နဲ့ အထက်ရှိခြင်း၊
(၄) ကလေးမှာ နုံးချည့်ပြီး မလှုပ်နိုင်ခြင်း၊ စူးစူးဝါးဝါး ငိုခြင်း၊ ဗိုက်အလွန်နာကျင်ခြင်း၊
(၅) ရေဓာတ်ခန်းခြောက်သော လက္ခဏာများဖြစ်သည့် နှုတ်ခမ်းများကွဲခြင်း၊ ငိုသော်လည်း မျက်ရည်မကျတော့ဘူး၊ ဆီးမသွားတော့ခြင်း (သို့) နည်းသွားခြင်း၊ အိပ်ငိုက်သလိုဖြစ်ခြင်း၊ တုံ့ပြန်နိုင်စွမ်းမရှိတော့ခြင်း စတာတွေကို ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
Rotavirus ဟာ ရောဂါလက္ခဏာမပေါ်ခင်ကနေ ရောဂါသက်သာပြီး ၁၀ ရက်လောက်အထိ ရောဂါကူးစက်ခံရသူရဲ့ မစင်ထဲမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်ပိုးဟာ မသန့်ရှင်းတဲ့ လက်ကနေတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ လူကြီးမှာ Rotavirus ကူးစက်နေခဲ့ရင် အိမ်သာတက်ပြီး လက်မဆေးခဲ့ပါက ကလေးကို ကူးစက်နိုင်ပါတယ်။ အခြားသော ဝမ်းပျက်ဝမ်းလျှောခြင်းများမှာလိုပဲ လက်ကိုဆေးကြောမှုမရှိပါက အလွယ်တကူ ရောဂါကူးစက်ပြန့်ပွားနိုင်ပါတယ်။ Rotavirus ဟာ မျိုးစိတ်များစွာရှိတာကြောင့် တစ်ကြိမ်ရောဂါဖြစ်ပြီီးသော်လည်း နောက်တစ်ကြိမ် ထပ်ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ ပထမတစ်ကြိမ်လောက်တော့ ဆိုးရွားခြင်း မရှိတော့ပါဘူး။
Rotavirus ပိုးဟာ အသက် ၄ လမှ ၂ နှစ်အတွင်းရှိ ကလေးငယ်များကို အများဆုံး ဝင်ရောက်ကူးစက်လေးရှိပါတယ်။ အဲဒီကလေးတွေနဲ့ အနီးကပ်နေထိုင်ရတဲ့ အရွယ်ရောက်သူတွေမှာလည်း ၎င်းရောဂါပိုး ကူးစက်ခံရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ရာသီဥတုအားဖြင့် ဆောင်းရာသီနဲ့ နွေဦးရာသီမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို အဓိကထားကုသသင့်ပါတယ်။ ဒါကို အရေးမထားခဲ့ရင် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ကုသနိုင်သော နည်းလမ်းများ
Rotavirus ပိုးကို သတ်သောဆေးဆိုပြီး မရှိပါဘူး။ ဗက်တီးရီးယားပိုးသတ်ဆေးများနှင့်လည်း မကုသနိုင်ပါဘူး။ များသောအားဖြင့် ၃ ရက်ကနေ ၈ ရက်အတွင်းမှာ ရောဂါသက်သာလေ့ရှိပါတယ်။ အရေးကြီးဆုံးက ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်အောင် ဓာတ်ဆားတိုက်ခြင်း၊ အချိုရည်၊ စွပ်ပြုတ်၊ အိုဗာတင်း၊ ဟောလစ် စတဲ့အရည်များ ဖြည့်တင်းပေးဖို့ပါပဲ။ ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်အောင် ဓာတ်ဆားတိုက်ခြင်း၊ အချိုရည်၊ စွပ်ပြုတ်၊ အိုဗာတင်း၊ ဟောလစ် စတဲ့အရည်များ ဖြည့်တင်းပေးဖို့ပါပဲ။ ရေဓာတ်ခန်းခြောက်မှု တအားဆိုးခဲ့ရင်တော့ ဆေးရုံတင်ပြီး သွေးကြောတွင်း အရည်ဓာတ် တိုက်ရိုက်ဖြည့်သွင်းပေးဖို့ လိုပါတယ်။
Credit: ဒေါက်တာခင်မိုးမိုးအောင်