အားကစားနှင့် အရိုး၊ အကြော၊ အဆစ်ဝေဒနာများ
10-Nov-2017အခုခေတ်မှာ အားကစားလိုက်စားမှု တိုးတက်လာနေပါတယ်။ အားကစားခန်းမတွေများများဖွင့်လာသလို အင်းလျားကန်ပေါင်၊ ကန်တော်ကြီးဦးယျာဉ်တွေမှာလည်း မနက်မနက်ဆို စုပေါင်းအားကစား လေ့ကျင့်ကြတာတွေ မနည်းပါဘူး။ ဂေါက်ကွင်း၊ တင်းနစ်ကွင်းတွေမှာလည်း လေ့ကျင့်နေသူ၊ ယှဉ်ပြိုင်ကစားနေသူတွေ မပြတ်တာ တွေ့ရပါတယ်။ ဒီတော့ အားကစားသမားတွေ ခံစားရတတ်တဲ့ အရိုး၊ အကြော၊ အဆစ်ဝေဒနာတွေလည်း အဖြစ်များလာတာပေါ့။
ခဏခဏတွေ့ရတာကတော့ ဂေါက်သမား တံတောင်ဆစ်ဝေဒနာနဲ့ တင်းနစ်သမား တံတောင်ဆစ်ဝေဒနာတွေပါပဲ။ ပလက်ဖောင်းမရှိတဲ့နေရာမှာ လမ်းလျှောက်ရင်း ခြေခေါက်ပြီး ခြေချင်းဝတ်နာတာ၊ ဖိနပ်ကောင်းကောင်းမစီးဘဲ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ များသွားလို့ ဖနောင့်အရွတ်ရောင်တာတွေလည်း လာကြပါတယ်။ သေချာ အကြောမလျှော့ဘဲ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်မိလို့ လက်ပြင်ကြော ငုပ်တာ၊ ခါးနာတာတွေလည်း လာတတ်ပါတယ်။ အားကစားလောကမှာ အဓိကဒုက္ခပေးတာကတော့ ဝန်ပိုသုံးမိခြင်း (Overuse) နဲ့ ထိခိုက်ဒဏ်ရာ (Trauma) တွေပဲ ဖြစ်ပါတယ်။
အဆစ်အရွတ်ပြား ဒဏ်ဖြစ်ခြင်း (Sprain)
အဆစ်အရွတ်ဒဏ်ဆိုတာက အဆစ်တစ်ခုမှာရှိတဲ့ အရိုးတွေကို တွယ်ဆက်ပေးထားတဲ့ အရွတ်ပြားတွေ ဒဏ်ဖြစ်သွားတာကို ဆိုလိုတာပါ။ သူ့ကိုမှ အမျှင်တစ်မျှင်၊ နှစ်မျှင်လောက်ပဲ စုတ်သွားတာဆိုရင် ပထမ အဆင့်ဒဏ်၊ တစ်ဝက်လောက် စုတ်သွားရင် ဒုတိယ အဆင့်ဒဏ်၊ လုံးလုံးပြတ်ထွက်သွားရင် တတိယ အဆင့်ဒဏ်လို့ ခွဲထားပါသေးတယ်။ ပထမ အဆင့်ဆိုရင်တော့ နာရုံ၊ နည်းနည်းရောင်ရုံပဲရှိပြီး အဆစ်က ခိုင်မြဲမှုရှိနေပါတယ်။ အများအားဖြင့် လမ်းလျှောက်ရင်း ခြေချော်သွားလို့၊ ခြေခေါက်သွားလို့၊ ခြေခြင်းဝတ်နာတယ်ဆိုပြီး လာပြကြတဲ့သူတွေမှာ တွေ့ရပါတယ်။
ခြေမျက်စိတွေအပေါ်က အုပ်ပြီး ခြေချင်းဝတ်ကို ထိန်းပေးထားတဲ့ တြံဂံပုံအရွတ်ပြားက အမျှင်လေးတွေ စုတ်သွားတာဖြစ်လို့ နာနေပေမဲ့ ခြေချင်းဝတ်ကို အပေါ်အောက်၊ ဘေးဘယ်ညာ လှုပ်ရှားကြည့်တဲ့အခါ ပုံမှန်အတိုင်းအတာ အတွင်းသာ လှုပ်ရှားနိုင်ပြီး အဆစ်ရဲ့ ခိုင်မြဲမှုဟာ ပျက်မသွားပါဘူး။ ဒါဆိုရင်တော့ ၂၄ နာရီ အတွင်းမှာ ရေခဲကပ်ပေး၊ ၂၄ နာရီကျော်ရင် ပူတာလေးလိမ်းပြီး ခြေချင်းဝတ်ထိန်းတဲ့ အစွပ်ဝတ်ပေးထားရင် သက်သာသွားမှာပါ။ အခုတော့ ခြေချင်းဝတ်စွပ်၊ ဒူးစွပ်၊ တံတောင်စွပ်၊ လက်ကောက်ဝတ်စွပ်တွေဟာ ကုန်တိုက်တွေရဲ့ ဆေးအရောင်းဆိုင်တွေမှာ အားကစားကောင်တာတွေမှာ အလွယ်တကူ ဝယ်လို့ရနေပါပြီ။
ဒုတိယအဆင့်ကတော့ ပိုနာတာပေါ့။ ဒါပေမဲ့ အဆစ်ကတော့ ခိုင်ပါသေးတယ်။ နည်းနည်းတော့ ပိုနဲ့လို့ရတာကို စမ်းကြည့်လို့ရနိုင်ပါတယ်။ တတိယအဆင့်ကတော့ ဆိုးပါတယ်။ အဆစ်က ပုံမှန်ထက်ပိုလှုပ်နိုင်နေပြီး လုံးလုံးမထောက်နိုင် လောက်အောင် ဖြစ်တတ်ပါတယ်။ အရိုးအကြောအဆစ်ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ပြန်ချုပ်ဖို့လိုတတ်ပါတယ်။
ကြွက်သားအရွတ်ပြား ဒဏ်ဖြစ်ခြင်း (Strain)
လူတွေက ဒဏ်ဖြစ်တယ်ဆိုတာကို ပြောလေ့ရှိကြပေမဲ့ Sprain နဲ့ Strain အဆစ်အရွတ်နဲ့ ကြွက်သားရွတ်ဒဏ်ကို သေချာမသိကြတာများပါတယ်။ ကြွက်သားရွတ်ဒဏ်က ကြွက်သားနဲ့ အဆစ်ရဲ့ကြားမှာ ဆက်ပေးထားတဲ့ အရွတ်ပြားက ဒဏ်ဖြစ်တာပါ။ အများအားဖြင့်တော့ အာခိလိအရွတ်ပြားလို့ ခေါ်တဲ့ ခြေသလုံးကြွက်သားနဲ့ ဖနောင့်ရိုးကို ဆက်ထားပေးတဲ့ ဖနောင့်ကြောမှာ ဒဏ်ဖြစ်တတ်ပါတယ်။ သူ့ကိုလည်း ပထမအဆင့် အမျှင်နည်းနည်း၊ ဒုတိယအဆင့် အမျှင်တစ်ဝက်လောက်နဲ့ တတိယအဆင့် ပြတ်ထွက်တဲ့အထိ ဒဏ်ဖြစ်ခြင်းဆိုပြီး ခွဲခြားနိုင်ပါတယ်။
သူတို့တွေအတွက် ယေဘုယျကုသမှုတွေကတော့ -
• ကာကွယ်ခြင်း (Protection)
• အနားပေးခြင်း (Rest)
• အအေးကပ်ခြင်း (Ice)
• ဖိပေးထားခြင်း (Compression)
• မြှောက်ပေးထားခြင်း (Elevation)
• ဖေးမပေးခြင်း (Support) တို့ဖြစ်ပြီး အင်္ဂလိပ်လိုတော့ အတိုကော PRICES လို့ ခေါ်ပြီး အားကစားသမားတွေကြားမှာ အသိများတဲ့ စကားလုံးတစ်လုံးပါ။
ဂေါက်သမားတံတောင်
တံတောင်ဆစ်အတွင်းဘက် အရိုးဖုနားက နာတာကို တင်စားပြီး ခေါ်တာပါ။ ဂေါက်ရိုက်မှ မဟုတ်ပါဘူး။ အလေးအပင် မရတဲ့သူတွေ၊ လက်ဖျံအားသုံးပြီး ရိုက်ရတဲ့ အားကစားသမားတွေမှာလည်း တွေ့ရပါတယ်။ လက်ကောက်ဝတ်ကို ကွေးစေတဲ့ ကြွက်သားတွေက တံတောင်ဆစ်အတွင်းဘက် အရိုးဖုကနေ စထွက်တာဆိုတော့ အဲဒီကြွက်သားတွေကို များများသုံးရင် ကြွက်သားနဲ့ အရိုးဖုတွဲဆက်တဲ့နေရာက ဒဏ်ဖြစ်ပြီး နာလာပါတယ်။ ဂေါက်သမားတွေမှာကတော့ လေ့ကျင့်ရင်း တစ်နေ့ကို အလုံး ၃၀၀ ကနေ တစ်ထောင်လောက်အထိ ရိုက်ထုတ်တတ်တာကြောင့် Oveuse လို့ခေါ်တဲ့ ဝန်ပိုးသုံးမိခြင်းရဲ့ ဒဏ်ပါ။
အနားပေး၊ တံတောင်ဆစ်စွပ်နဲ့ ဖိထားဖေးမပေးထားရုံနဲ့ သက်သာတတ်သလို ကြာနေရင်တော့ စတီးရွိုက်ဆေးကို နာတဲ့နေရာမှာ ထိုးပေးလို့လည်း ရပါတယ်။ တကယ်တမ်းကတော့ ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ ဝန်ပိုမသုံးမိဖို့၊ ဂေါက်ရိုက်တယ်ဆိုရင်လည်း လက်ကောက်ဝတ်အားကို လျှော့သုံးပြီး ခါးအား၊ ပခုံးအား၊ ခြေအားကို ပိုသုံးဖို့ နည်းစနစ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေ ညွှန်နိုင်မှ ထပ်ခါထပ်ခါ မဖြစ်ဘဲ အမြစ်ပြတ်မှာပါ။
တင်းနစ်သမား တံတောင်
တံတောင်ဆစ်အပြင်ဘက် အရိုးဖုနားက နာတာကို တင်စားပြီးခေါ်တာပါ။ တင်းနစ်ကတော့ လက်ပြန်ရိုက်တာများတော့ လက်ကောက်ဝတ်ကို ဆန့်စေတဲ့ ကြွက်သားတွေကို ပိုသုံးရတာပေါ့။ လိုတာထက် ပိုသုံးလို့၊ ပိုလေ့ကျင့်လို့ပဲ ဖြစ်ဖြစ်၊ စနစ်မကျလို့ပဲ ဖြစ်ဖြစ် ဝန်ပိုပိတဲ့အခါ ကြွက်သားနား အရိုးဆက်တဲ့နေရာက ဒဏ်ဖြစ်ပြီး နာတာပါ။ သူကလည်း တင်းနစ်ရိုက်မှ မဟုတ်ပါဘူး။ လက်ကောက်ဝတ်ကို ကြာကြာဆန့်ထား၊ ကော့ထားရတဲ့သူတွေ၊ ကွန်ပျူတာကီးဘုတ်၊ မောက်စ်ကိုင်တာ စနစ်မကျတဲ့ သူတွေမှာလည်း ဖြစ်တတ်တာပါပဲ။ ပူတာလိမ်း၊ အစွပ်စွပ်၊ ဆေးထိုးအပြင် ဝန်ပိစေတဲ့ အကြောင်းရင်းတွေကို ရှာပြီး ပြုပြင်ပေးရတာ၊ ခုံအနေအထားပြုပြင်ဖို့ ရှင်းပြတာတွေလုပ်မှ ထပ်ခါထပ်ခါ မဖြစ်မှာပါ။
Credit:
ပါမောက္ခဦးချစ်စိုး
(အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီး)