Print

အဖုအပိမ့်တွေ ပျောက်ကင်းချင်လား

  24-Nov-2017
Preview Image

အဆီဖုလေးတွေဟာ အဆီဂလင်းများလို့ သို့မဟုတ် အဆီဂလင်းတွေ ကျယ်သူတွေမှာ ပိုတွေ့ရတယ်။ တကယ်တော့ အဆီဂလင်းဆိုတာ အလွန်သေးငယ်တယ်။ မျက်စိနဲ့ မမြင်ရဘူး။ ဒါပေမဲ့ အဆီအိတ်မှာ ဖုန်၊ ပိုးမွှား၊ ဆဲလ်သေ စတာတွေနဲ့ ပေါင်းစပ်ရင် အဆီဖုလေးတွေ ဖြစ်လာလိမ့်မယ်။ အဆီဖုလေးတွေက ဝက်ခြံလို ရဲမနေဘူး။ အဖြူရောင်ရှိတယ်။ ဆဲလ်သေတွေ ပါနေတာမို့ နည်းနည်းမာနိုင်တယ်။ အရွယ်အစားက တစ်မီလီမီတာမှ သုံးမီလီမီတာလောက်သာရှိသည်။ အစုလိုက်ဖြစ်တာထက် ဟိုနေရာ တစ်ကွက် ဒီနေရာတစ်ကွက် ဖြစ်တာများတယ်။ 


 အဆီဖုလေးတွေဟာ ဟော်မုန်းအပြောင်းအလဲမြန်တဲ့ မိန်းကလေးတွေမှာ ပိုဖြစ်လေ့ရှိတယ်။ ရာသီဥတု၊ အစားအသောက်စတာတွေနဲ့ ဆိုင်တာများတယ်။ သကြား၊ အချိုဓာတ်ကဲတဲ့ အစားအစာ၊ ဆိုဒါပါတဲ့ ဖျော်ရည်၊ အဆီအဆိမ့်၊ ဆီကြော်စာ စတာတွေကြောင့်ဖြစ်တယ်။ အိပ်ရေးပျက်တာ၊ အစားမမှန်တာကနေ ပိုဆိုးစေတယ်။ အဆီဖုလေးတွေက ပိုးဝင်ရင် ဝက်ခြံအဆင့်ထိ ဖြစ်နိုင်တယ်။ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမယ့် မျက်နှာအလှကို ပျက်စီးစေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့ဘူး။ အဲလို မဖြစ်အောင် ဘယ်လို လုပ်မလဲ။ တစ်ဆင့်ချင်း ဖော်ပြပေးပါမယ်။


ပထမအဆင့်

 မျက်နှာကို တစ်နေ့နှစ်ကြိမ်သစ်ပါ။ မျက်နှာသစ်ဆပ်ပြာ အပျော့စား သုံးပါ။ အထဲမှာ အဆီပြန်ခြင်းကို သက်သာစေတဲ့ Retinol ပါရင် ပိုကောင်းတယ်။ Retinol ဆိုတာ ဗီတာမင်အေပါတဲ့ ဝက်ခြံပျောက်ဆေးတစ်မျိုးလည်း ဖြစ်တယ်။ ဒါပြင် Benzoyl Peroxide, Sulfur နဲ့ Salicylic Acid ပါတဲ့ ဝက်ခြံပျောက်ဆေးတွေလည်း ကောင်းတယ်။ မျက်နှာသစ်ဆေးလိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပေးသင့်တယ်။ လိမ်းရင်းနဲ့ အပေါ်တဖြည်းဖြည်း တက်သွားပါ။ ပြီးရင် စက္ကန့် ၃၀ ကြာအောင် ထားပြီးမှ ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပါ။ မျက်နှာသစ်ပြီးရင် သန့်စင်တဲ့အဝတ်နဲ့ သုတ်ပါ။ ပထမအဆင့်ပြီးပါပြီ။


ဒုတိယအဆင့်

 မျက်နှာသစ်တိုင်း တိုနာ Toner ကို ဂွမ်းစနဲ့တို့ပြီး မျက်နှာအနှံ့လိမ်းပေးသင့်တယ်။ ဒီလိုပြုလုပ်ခြင်းက မျက်နှာပေါ်က ဗက်တီးရီးယား၊ ဆဲလ်သေကင်းစင်စေပြီး  အဆီထုတ်လုပ်မှုကို လျော့နည်းသွားစေမယ်။ တိုနာ Toner ရွေးချယ်တဲ့အခါ Alcohol free ဖြစ်တာကိုသာ ရွေးချယ်သုံးစွဲရမယ်။ ဒါကို အထူးသတိထားပါ။ အမွှေးရနဲ့ပါတာ လုံးဝ မသုံးသင့်ပါဘူး။ Antioxidants နဲ့ Exfo liants အာနိသင်ပါရင် ပိုကောင်းတယ်။ တိုနာသုံးပြီးတဲ့အခါတိုင်း အစိုဓာတ်ထိန်း Moisturizer တစ်မျိုးမျိုးထပ်သုံးရမယ်။ Moisturizer ရွေးတဲ့အခါတစ်ခြား ဘာအာနိသင်မှ မပါတဲ့ အစိုဓာတ်ထိန်းဆေး သီးခန့်သာ ရွေးချယ်သုံးသင့်တယ်။ Moisturizer က တိုနာကြောင့် ဖြစ်လာတဲ့ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးလိမ့်မယ်။ 


တတိယအဆင့်

 အဆီပြန်တဲ့အသားအရေအတွက် အသုံးဝင်တဲ့ Azelaic Acid လို ဆေးမျိုးလိမ်းပေးသင့်တယ်။ ဆေးက အဆီဂလင်းထုတ်လုပ်မှုကို တားဆီပေးမယ်။ ဒါတင်မက ဝက်ခြံကို ဖြစ်ပေါ်စေတဲ့ Proprionobacterium Acnes နဲ့ Staphylococcus Epide – rmidis ဗက်တီးရီးယားပိုးမွှား တွေကိုပါ ကာကွယ်ပေးမယ်။ ဒီဆေးလိမ်းတဲ့အခါ သတိထားစရာတွေ ရှိတယ်။ ဆေးက ဆရာဝန်ညွှန်ကြားချက်လိုတယ်။ သုံးစွဲရမယ့် အချိန်ကာလ၊ အတိုင်းအတာ တစ်ယောက်နဲ့တစ်ယောက် မတူပါ။ ညစဉ်လိမ်းရတယ်။ အပေါ်ကဘာမှ ထပ်မသုံးရဘူး။ အသားအရေခြောက်သွေ့တာ၊ အရေပြားကွာတာ ဖြစ်နိုင်တယ်။ ပူစပ်ပူလောင်ရှိတတ်တယ်။ 


စတုတ္ထအဆင့်

 ကျားဟော်မုန်း Androgen များရင် ဟော်မုန်းညှိတဲ့ဆေး တွေပါလိုပါတယ်။ ဥပမာ - Diane (Cyproterone and Ethinyl Estradiol) လို ဆေးမျိုးတွေက အဆီပြန်ခြင်း ကင်းစေပြီး ဝက်ခြံမထွက်အောင် ကာကွယ်ပေးတယ်။ မျက်နှာတစ်ပြင်လုံး ဖြစ်သူတွေမှာ ဝက်ခြံပျောက်ဆေး Accutane (Lsotretinoin) လို ဆေးမျိုးလည်းလိုပါတယ်။ ဆေးကဘေးထွက်ဆိုးကျိုး များလွန်းလို့ အထူးကုဆရာဝန်ရဲ့ ညွှန်ကြားမှုအောက်မှာသာ သောက်ရတယ်။ ဆေးအကြောင်း နားလည်ကျွမ်းကျင်တဲ့ ဆရာဝန်သာ ကိုင်ရမယ်။ ဆရာဝန်ရဲ့ အနီးကပ်ကြည့်မှုကို လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် မသုံးသင့်ဘူး။ ခြောက်လအတွင်း ကိုယ်ဝန်လည်းမယူရဘူး။ ကလေးကို ထိခိုက်စေမယ်။ တခြား ဆိုးကျိုးတွေလည်း အများကြီးရှိပါသေးတယ်။ 


ပဥ္စမအဆင့်

 ဒါမှမသက်သာရင် နောက်ဆုံးနည်းလေဆာပစ်လို့ရတယ်။ ဒီနည်းကို Photodynamic Therapy လို့ခေါ်ပါတယ်။ အရည်တစ်မျိုးလိမ်းပြီး လေဆာကြောင့် အဆီဂလင်းထုတ်လုပ်မှုကို လျော့နည်းစေတယ်။ အရမ်းကြီးတဲ့ အဆီဖုတွေမှာ ဒီနည်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်းမကောင်းပါ။ ပြန်ပေါ်လာနိုင်သေးတယ်။ အဆီဂလင်းရောင်ရာက ပိုကြီးလာပြီး အဖုအပိမ့်ဖြစ်တဲ့အခါ  Acetic Acid လို အက်ဆစ်အပြင်းစားမျိုး သုံးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အဖုအပိမ့်ထွက်တဲ့ အရေပြားကို ၁၀ ရက်အတွင်း ကွာကျစေတယ်။


ကာကွယ်ခြင်း

 အဆီဖုလေးတွေ မဖြစ်အောင် အစားအသောက်နဲ့ အနေအထိုင် ဂရုစိုက်ရမယ်။ အဆီဖုလေးတွေဟာ အချိုစားသုံးမှုနဲ့ တိုက်ရိုက်အချိုးကျတယ် အချိုဓာတ်ကဲတဲ့အစားအစာ၊ နွားနို့၊ ထောပတ်၊ ချီးစ် စတာတွေ ရှောင်ပါ။ ကစီဓာတ် တတ်နိုင်သမျှ လျှော့ချပါ။ ကော်ဖီ၊ လကဖက်ရည်၊ ဖျော်ရည် မသောက်သင့်ပါ။ ဆီကြော်စာနဲ့ အာလူးကြော်လုံးဝရှောင်ပါ။ နောက် သတိထားရမှာတစ်ခုက အနေအထိုင်ဖြစ်ပါတယ်။ မျက်နှာအဆီဖုရဲ့ ၃၀ ရာခိုင်နှုန်းဟာ နေရောင်နဲ့တိုက်ရိုက် ထိတွေ့မှုကြောင့် ဖြစ်တယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ နေလောင်ကာလိမ်းဆေး SPF 30 အထက်ပါတာ ရွေးချယ်ဖို့လိုပါတယ်။ သို့သော် နေလောင်ကာတစ်မျိုးတည်း မရသေးဘူး။ အပေါ်ကအစိုဓာတ်ကို ထိန်းပေးမယ့် Moisturizer ဆိုတာ တစ်ခါထပ်လိမ်းရမယ်။ 


 အနှစ်ချုပ်လိုက်ရင် မျက်နှာအဆီဖုတွေ ကင်းစင်စေဖို့  Retinol ပါတဲ့ မျက်နှာသစ်ဆေး Face Wash တစ်မျိုး မျက်နှာသန့်စင်တဲ့ မျက်နှာသစ်ပဝါ Clean Towel ၊ ဂွမ်း Cotton Balls ၊ တိုနာ Toner အစိုဓာတ်ထိန်းဆေး Oil-free Moisturizer ၊ Azelaic Acid လိမ်းဆေးတစ်မျိုးမျိုုးနဲ့ နေလောင်ကာလိမ်းဆေး Sunscreen SPF-30 လိုအပ်ပါတယ်။ အားလုံးထက် ပိုအရေးကြီးတဲ့ အချက်က Cosmetic ပစ္စည်းတွေကို သေချာနားမလည်ဘဲ လျှောက်မဝယ်သင့်ဘူး။ အခန့်မသင့်ရင် အဆီဖုတွေက မပျောက်နိုင်တော့ဘဲ ပိုဆိုးလာတတ်တယ်။ 


Credit: ဒေါက်တာအေးမင်းထူး (Health For All Magazine May 2017)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18