Print

ဆောင်းရာသီမှာ နှာမစေး၊ နှာမပိတ်အောင် ဒီလိုနေကြမယ်

  04-Dec-2017
Preview Image

ဆောင်းရာသီမှာ လူတိုင်းနီးပါးဖြစ်တတ်တဲ့ ကျန်းမာရေးပြသနာကတော့ နှာစေးတာပါ။ အေးလာပြီ၊ ဆောင်းဝင်လာပြီဆို နှာခေါင်းလေးတရှုံ့ရှံု့နဲ့ နှာရည်တွေထွက်လာ၊ နှာခေါင်းပိတ်လာပါပြီ။ နှာရည်တရွှဲရွှဲနဲ့ဆိုတော့ အလုပ်လုပ််ကိုုိင်ရတာလည်း စိတ်အနှောင့်အယှက်ဖြစ်လာရတဲ့အပြင် လူကြားထဲ နှာချေနေရတာလည်း ကသိကအောင့်နိုင်လှပါတယ်။ နှာခေါင်းဘာလို့ပိတ်ရလည်းဆိုတော့ ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့လေတွေ နှာခေါင်းကတစ်ဆင့်ဝင်လာတဲ့အခါမှာ နှာခေါင်းလမ်းကြောင်းကနေ ထို၀င်လာတဲ့လေတွေနွေးသွားအောင်နဲ့ ပုံမှန်အစိုဓါတ်ထိန်းနိုင်အောင် နှာအရည်များ ပိုထုတ်လိုက်ရတဲ့အတွက်ပါ။ နောက်တစ်ခုက လေထဲက ဖုန်တွေ၊ ဗက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ၀င်လာတဲ့အခါမှာ အဲဒီနှာအရည်ထဲမှာ ဖမ်းလှောင်လိုက်ပြီး စီးကျစေတာဖြစ်တယ်။ အဲဒီတော့ နှာရည်တွေရွှဲ၊ နှာခေါင်းတွေ ပိတ်ကုန်တာပေါ့။

နောက်တစ်ခုက ဆောင်းရာသီမှမဟုတ်ဘဲ မိမိဖျားတဲ့အခါမျိုးမှာ သို့မဟုတ် မတည့်တဲ့ အနံ့တွေ၊ ပန်းဝတ်မှုန်ရနံ့တွေ၊ ညှော်နံ့တွေကလည်း နှာစေး၊နှာပိတ်ဖြစ်စေတတ်ပါသေးတယ်။ 


ဆောင်းရာသီမှာ အဖြစ်များတဲ့ နှာစေး၊ နှာပိတ်မဖြစ်အောင်၊ ဖြစ်လာရင်လည်း မြန်မြန်ပျောက်ကင်းသက်သာအောင် အောက်ပါနည်းလမ်းတွေနဲ့ကာကွယ်လုပ်ဆောင်နိုင်ပါတယ်။


(၁) အေးတဲ့နေရာ၊ အေးတဲ့အချိန်မှာ နှာခေါင်းကို အဝတ်နွေးနွေးနဲ့ဖုံးထားပေးပါ။

 အပြင်ထွက်ပြီဆို အေးမြခြောက်သွေ့တဲ့လေတွေ နှာခေါင်းလမ်းကြောင်းကို တိုက်ရိုက်မရောက်နိုင်ရန် သိုးမွှေးမာဖလာ သို့မဟုတ် သိုးမွှေးလည်ပတ်ပုဝါလေး နှာခေါင်းနားမှာနဲ့ နှာခေါင်းပေါ်မှာ ပတ်ထားပေးပါ။ ညဘက်အိပ်ရင်လည်း အနွေးထည် သို့မဟုတ် စောင်ကို နှာခေါင်းအထိ ဖုံးပြီးအိပ်ပေးပါ။ ဒါမှ အေးတဲ့လေတွေတိုက်ရိုက်မဝင်တော့ဘဲ အဝတ်ကြောင့်နွေးသွားပြီး နှာခေါင်းလမ်းကြောင်းမှာ အချွဲရည်တွေထုတ်တာနည်းသွားပါလိမ့်မယ်။ ရှူထုတ်လိုက်တဲ့လေတွေကလည်း နွေးနေပြီး နှာခေါင်းနဲ့ ဖုံးထားတဲ့အဝတ်အကြားမှာ ရှိနေတဲ့လေဟာနွေးထွေးစွတ်စိုနေပါလိမ့်မယ်။ 


(၂) အိမ်တွင်းမှာ ရေနွေးငွေ့ထုတ်စက် (Humidifier) သုံးပါ။

 အိမ်တွင်း ရေနွေးငွေ့ထုတ်စက်နဲ့လည်း ဆောင်းတွင်းရဲ့ အေးမြတဲ့လေတွေကို နွေးအောင်လုပ်လို့ရပါတယ်။ 


(၃) နှာခေါင်းအတွင်းအစိုဓါတ်အတွက် နှာအစက်ချဆေးရည် (saline drop) သုံးပါ။

 ဒီအစက်ချနည်းလမ်းဟာ နှာခေါင်းလမ်းကြောင်းကို အစိုဓါတ်ထိန်းပေးပြီး နှာပိတ်တာကို သက်သာစေပါတယ်။ Saline Drop အစက်ချရည်ကို ဆေးဆိုင်တွေမှာဝယ်လို့ရပါတယ်။


(၄) နှာခေါင်းပိတ်သက်သာစေသော နှာခေါင်းတွင်းဖြန်းဆေး (Nasal Spray) သုံးပါ။

 ဒီနည်းလမ်းကိုတော့ နေ့တိုင်းမသုံးစေချင်ပါဘူး။ ဒါပေမယ့် နှာခေါင်းပိတ်တာ ချက်ချင်းသက်သာချင်တဲ့အခြေအနေမျိုးတွေမှာ( ဥပမာ အစည်းအဝေးတက်ရတာ၊ ဟောပြောရတာ) မျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒီဆေးက နှာရည်ထွက်လာတာကို ထိန်းပေးတဲ့အတွက် သတိထားရတာက အာနိသင်ကုန်သွားတဲ့အခါမျိုးမှာ ထိန်းထားတဲ့နှာရည်တွေ ပိုထွက်လာတတ်ပါတယ်။


(၅) Pseudoephedrine ပါ၀င်သော သောက်ဆေး သုံးပါ။

 ဒီဆေးကလည်း အထက်က ဖြန်းဆေးလိုပါပဲ။ နေ့တိုင်းသုံးဖို့မသင့်တော်ပါဘူး။ နှာခေါင်းပိတ်တာ ချက်ချင်းသက်သာချင်တဲ့အချိန်မျိုးမှာ သောက်ပေးလို့ရပါတယ်။ သောက်ဆေးနဲ့ ဖြန်းဆေးလည်း တွဲဖက်မသုံးသင့်ပါ။ 


(၆) နှာရည်စိုရွှဲအတွက် Anti-Histamine သောက်ပါ။

 နှာရည်တွေထွက်လာပြီ၊ နှာချေလာပြီး မျက်ရည်ပါထွက်လာပြီဆိုရင်တော့ Anti-histamine အုပ်စုဝင်ဆေး ဘာမီတွန်တို့ Cetrizine တို့ Loratidine တို့ကို သောက်ပေးလို့ရပါတယ်။ ဒီဆေးတွေကတော့ အိပ်ချင်စိတ်ကိုဖြစ်စေတတ်တဲ့အတွက် ညမအိပ်ခင်သောက်တာ အသင့်တော်ဆုံးပါ။ Cetrizine နဲ့ Loratidine ကတော့ ဆေးအာနိသင်မှာ အိပ်ချင်စိတ်ကိုမဖြစ်စေဘူးဆိုပေမယ့် တစ်ခါတစ်လေ လူတစ်ချို့မှာ အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရပါတယ်။ 


(၆) နှာပိတ်စေသော အကြောင်းအရင်းများကို ရှာဖွေပါ။

 ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့လေကြောင့် နှာပိတ်တာမဟုတ်ပဲ တစ်ခြားအကြောင်းရင်းကြောင့် ဥပမာ ဖုန်၊ အမှုန့်၊ ပန်းဝတ်မှုန်များနဲ့ ဖျားနာခြင်း ကြောင့်ဆိုရင်တော့ ဖြစ်လာတဲ့ အကြောင်းရင်းတွေကို ကုသရပါမှာ ဖြစ်ပါတယ်။ 


 ဖျားနာခြင်းကိုကာကွယ်နိုင်ရန်၊ ခန္ဓာကိုယ်ခုခံအားစနစ်တိုးတက်စေရန် ဇင့်ဓါတ်ပါ၀င်သောအစားအစာများ (ဥပမာ ဟင်းနုနွယ်ရွက်၊ မှို၊ ကြက်သား၊ အမဲသား၊ ဒိန်ချဉ်)၊ ဗီတာမင်စီ ဓါတ်ပါ၀င်သော ဆေးများနဲ့ အစားအစာများစားသုံးပေးခြင်း၊ ရေများများသောက်ပေးခြင်း၊ လက်ကို မှန်မှန်ဆေးကြောပေးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။ 


ရေနွေးလေးနဲ့ ရေချိုးလိုက်ခြင်းကလည်း နှာပိတ်တာကို သက်သာစေပါတယ်။ သတိထားရမှာက နှာပိတ်လာပြီဆို ပါးစပ်နဲ့အသက်ရှူခြင်းကို တတ်နိုင်သလောက်ရှောင်ကြဉ်ပေးရပါမယ်။ ပါးစပ်နဲ့အသက်ရှူလျှင် လေထဲမှာပါလာတဲ့ ဗက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေက တိုက်ရိုက်ဝင်ရောက်လာနိုင်ပြီး ဖျားနာခြင်း၊ လည်ချောင်းနာခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ အထွေထွေကျန်းမာရေးကိုဂရုစိုက်ပြီး အထက်ပါနည်းလမ်းများအတိုင်း ဆောင်းရာသီမှာ နွေးနွေးထွေးထွေးနေပေးခြင်းဖြင့် နှာစေး၊ နှာပိတ်ပြသနာကို ကာကွယ်နိုင်ပါတယ်။   ။

         

Credit : ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18