Print

မျက်တောင် ခဏခဏခတ်ခြင်း

  13-Feb-2018
Preview Image


အသက် ၃၀ အရွယ်ခန့်ရှိသည့် အမျိုးသမီးတစ်ယောက်နှင့် အသက် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ယောက် ကျွန်တော့်ဆေးခန်းအတွင်းသို့ ဝင်လာကြပါသည်။ 

“ ဒီသားအမိ ဘယ်လို ဖြစ်လာကြပြန်ပြီလဲ ” ရင်းနှီးနေသည့် လူနာဟောင်းတစ်ယောက်ဖြစ်သည့်အတွက် သူတို့သားအမိကို နှုတ်ဆက်ရင်း လှမ်းမေးလိုက်ပါသည်။

 “ ကျွန်မသားလေး မျက်စိနှစ်ဖက် စုံခတ်နေပါတယ်။ အဲဒါ ဆရာကြီးဆီလာပြတာပါ ” 

“ မျက်တောင် ခတ်တယ်ဆိုတာ မျက်စိနှစ်ဖက်လုံး စုံခတ်တဲ့သူတွေချည်းပဲပေါ့။ မျက်စိတစ်ဖက်စီ မျက်တောင်ခတ်တဲ့ သူရယ်လို့ ဘယ်မှာရှိမလဲ။ ကိုယ် မျက်တောင်ခတ်နေတာကို ပြောတာပါ ”

“ ကျွန်မပြောတဲ့ မျက်စိစုံခတ်နေတယ်ဆိုတာ မျက်တောင် ခဏခဏခေတ်နေတာကို ပြောတာပါ ”

“ အဲဒီလိုဆိုရင် ဒီကုလားထိုင်မှာ လာထိုင် သားလေး ”

ကျွန်တော် လူနာ ကလေးကို မျက်စိစမ်းသပ် စစ်ဆေးသည့်အဏုကြည့်မှန်ဘီလူးရှေးမှာ ထိုင်ခိုင်းပြီး မျက်စိကို စစ်ဆေးကြည့်ရှုပါသည်။ မျက်စိနှစ်ဖက်လုံး၏ အောက်မျက်ခွံ အတွင်းဘက်ရှိ မျက်မြှေးများ နီရဲနေပါသည်။ မျက်ကြည်လွှာအနေဖြင့် အားလုံးကောင်းမွန်ပါသည်။ ကလေး၏ မျက်စိမြင်နိုင်စွမ်းအားကို စစ်ဆေးသည့် အချိန်မှာ ပြင်နိုင်စွမ်းအားကောင်းမွန်ပါသည်။ 

“ ကျွန်မသားလေးရဲ့ မျက်စိအခြေအနေ ဘယ်လိုနေပါသလဲ ”

“ ကလေးမျက်စိက သိပ်မဆိုးပါဘူး။ ကောင်းပါတယ်။ ”

“ မျက်တောင် ခဏခဏခတ်တာ ဘာကြောင့်လဲ ဆရာကြီး ”

“ ပုံမှန်အားဖြင့် တစ်မိနစ်မှာ ၁၀ ကြိမ်က အကြိမ် ၂၀ လောက်အထိ မျက်တောင်ခတ်ပါတယ်။ အခု သားမျက်တောင် ခတ်နေတာက တစ်မိနစ်မှာ အကြိမ် ၂၀ မကဘူး။ အဲဒီလို မျက်တောင် ခဏခဏခတ်တာကို Blepharoclonus လို့ ခေါ်ပါတယ်”

“ ဒီအရွယ်ကလေးတွေမှာ မျက်တောင် ခဏခဏခတ်တဲ့ အကြောင်းရင်းတစ်ခုက တခြား ကလေးတစ်ယောက် မျက်တောင် ခဏခဏခတ်တာကို ကြည့်ပြီး လိုက်တုလုပ်တာဟာလည်း အကြောင်းရင်း တစ်ခုထဲမှာ ပါပါတယ် ”

“ နောက်အကြောင်းရင်း တစ်ခုက နာတာရှည် မျက်မြှေးရောင် Chronic conjunctivitis နေတဲ့ မျက်စိထဲမှာ ကျိန်းသလို ခုသလို ခံစားရပြီး မျက်တောင်ခဏခဏခတ်တာလည်း ရှိပါတယ် ”

“ အထူးသဖြင့် ဘောလုံးနဲ့ ကစားတဲ့ အရွယ်၊ ဂေါ်လီနဲ့ကစားတဲ့ အရွယ်၊ ဂျင်နဲ့ကစားတဲ့ အရွယ်တွေမှာ အဖြစ်များပါတယ်။ သဲတွေ၊ ဖုန်တွေပေနေတဲ့ ဘောလုံး၊ ဂေါ်လီလုံး၊ ဂျင် စတာတွေကို ကိုင်တွယ်ပြီး အမှတ်တမဲ့နဲ့ မျက်စိကို ကိုင်မိ၊ ပွတ်မိရင် ဖုန်တွေ၊ သဲတွေ မျက်စိထဲဝင်ရောက်နိုင်ပါတယ်။ အဲဒီ သဲတွေ၊ ဖုန်တွေနဲ့အတူ ရောဂါပိုးမွှားတွေပါ မျက်စိထဲဝင်ရောက်ပြီး နာတာရှည် မျက်စိနာ သဘောမျိုး မျက်မြှေးတွေ ရောင်တတ်ပါတယ်။ အခု သားမျက်စိနှစ်ဖက်လုံးရဲ့ အောက်မျက်ခွံ အတွင်းဘက်က မျက်မြှေးတွေနီရဲပြီး နည်းနည်းရောင်နေတယ်။ အဲဒီလို မျက်မြေးရောင်နေရင် မျက်တောင် ခဏခဏခတ်နေတတ်တယ် ”

“ မျက်ခွံရောင်တာ မျက်ခမ်းရောင်တဲ့ နေရာတွေမှာလည်း မျက်တောင် ခဏခဏခတ်တတ်ပါတယ်။ မျက်ရည်ခန်းခြောက်တဲ့ ရောဂါရှိသူတွေ အနေနဲ့လည်း မျက်တောင် ခဏခဏခတ်တတ်ပါတယ်”

“ စိုးရိမ်စရာ၊ ကြောက်ရွံစရာ တစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဖိစီးမှုများတဲ့အချိန်၊ ပင်ပန်းနွမ်းနယ်တဲ့ အချိန်၊ လူမှုရေး အဆင်မပြေမှုတွေနဲ့ တွေ့ဆုံ ရင်ဆိုင်နေရတဲ့ အချိန်တွေမှာလည်း မျက်တောင် ခဏခဏခတ်တတ်ပါတယ်”

ဒါကြောင့် မျက်တောင်ခဏခဏခတ်နေတဲ့ လူနာတွေကို ကုသတဲ့အခါမှာ ဘယ်အကြောင်းတွေကြောင့် မျက်တောင် ခဏခဏ ခတ်နေတာလဲဆိုတာကို အရင်စဉ်းစားရှာဖွေရပါတယ်။ ရှာဖွေတွေ့ရှိတဲ့ အခါမှာ အဲဒီအကြောင်းရင်းကို ဖယ်ရှားလိုက်ရင် မျက်တောင် ခဏခဏခတ်တာ ပျောက်သွားပါတယ်။ 

“ တခြားကလေးတစ်ယောက် မျက်တောင်ခဏခဏ ခတ်တာကို လိုက်တုတာဆိုရင် မျက်တောင်ခဏခဏခတ်တဲ့ အချိန်မှာ ဘေးနားက သတိပေးနေပြီး အကျင့်ပျောက်သွားအောင် ပြန်လည်လေ့ကျင့်ပေးရပါမယ်”

“ နာတာရှည် မျက်မြှေးရောင်တာ၊ မျက်ခမ်းရောင်တာ၊ မျက်ခွံရောင်တာတွေကိုတော့ သင့်တော်တဲ့ စားဆေး၊ မျက်စဉ်းတွေနဲ့ ကုသရပါမယ်။ အထူးသဖြင့် မျက်စဉ်းကို လချီ ထည့်ရပါမယ်”

“ မျက်ရည်ခမ်းခြောက်လို့ မျက်တောင် ခဏခဏခတ်တာကိုတော့ မျက်ရည်တု ထည့်ပေးရပါမယ်”


Credit: ဒေါက်တာမင်းသိမ်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18