အနာကျက်နှေးတာ ဘာကြောင့်လဲ
02-Mar-2018ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို အနာတစ်ခုခုများရှိခဲ့ရင် သူသူငါငါ အမြန်ကျက်ချင်ကြတာပါ။ အနာအကျက်နှေးရင် စိတ်မသက်မသာနဲ့ အားမလို အားမရဖြစ်ကြလေ့ရှိပါတယ်။ အနာဆိုတာ ကျက်ချိန်တန်ရင် ကျက်ရမှာဖြစ်ပေမဲ့ တချို့ဆို အနှောင့်အယှက်တွေကြောင့် အချိန်အကြာကြီးကြာမှ ကျက်ရတာမျိုး ရှိပါတယ်။ ဒါက အနာကျက်ဖို့ အရေပြားက ရုန်းကန်ရတဲ့ဖြစ်စဉ်ကို နှောင့်ယှက်ဟန့်တားမှုရှိနေတာတွေကြောင့်ပါ။ ဘယ်အရာတွေကနှောင့်ယှက်နေလဲဆိုတာ ဆက်ကြည့်ရအောင်။
(၁) အသက်ကြီးလေ အကျက်နှေးလေ
ဇရာထောင်းလေ အရေပြားရဲ့အနာကျက်ခြင်းဖြစ်စဉ် အားနည်းလေပါ။ အနာကျက်ခြင်းဖြစ်စဉ်ကို ပါဝင်အားပေးတဲ့ သွေးဖြူဥကလည်း သိပ်မတက်ကြွ၊ ကိုလာဂျင်အမျှင်တွေကလည်း အားကော်ငးမောင်းသန်မရှိလေတော့ အနာဆိုတဲ့ ကွက်လပ်ကြီးကို ဖြည့်ဖို့ နှေးနေတော့တာပါ။ နောက်ပြီး အသက်ကြီးတော့ မစားနိုင်၊ မသောက်နိုင်မို့ အာဟာရချို့တဲ့တာလည်း အနာမကျက်နိုင်တဲ့ အချက်တစ်ခုပါ။
(၂) ဆီးချိုကြောင့်ပါ
အနာတစ်ခု အကျက်နှေးရင် ဆီးချိုကြောင့်လားဆိုပြီး အရပ်ထဲမှာတောင် ပြောနေကြပါပြီ။ ဟုတ်လည်း ဟုတ်တာကိုး။ ဆီးချိုခြေထောက်အနာဆို တော်တော်လေး ဂရုစိုက်ပေးရမယ့် ကိစ္စပါ။ ဆီးချိုကြောင့် သွေးကြောတွေထိခိုက်တော့ သွေးထဲမှာပါတဲ့ အောက်ဆီဂျင်ဓါတ်တွေ၊ အာဟာရတွေ၊ သွေးဖြူဥတွေကို အနာကျက်ဖို့ လုံလုံလောက်လောက်မရတော့တာပေါ့။ ကိုလာဂျင်ကို အားနည်းစေတဲ့အင်ဇိုင်းတွေကလည်း ဆီးချိုသမားတွေမှာ ထူးထူးခြားခြားကို များနေတာပါ။ ခြုံပြောရရင် ဆီးချိုဝေဒနာရှင်တွေမှာ ရောဂါပိုးဝင်လွယ်၊ သွေးကြောကပိတ်၊ အနာကမကျက်၊ အာရုံကြောကပျက် နဲ့မို့ အနာမဖြစ်အောင် အတော်ဂရုစိုက်ရမှာပါ။
(၃) ဆေးတွေကြောင့်ပါ
အနာမကျက်ရတာဟာ ကိုယ်သုံးစွဲနေတဲ့ ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် စတီးရွိုက်စားဆေး၊ ထိုးဆေးတွေပေါ့။ ဆေးက အနာကျက်ခြင်းဖြစ်စဉ်ကို နှောင်နှေးစေနိုင်ပါတယ်။ နောက်ပြီး ဒီဆေးကြောင့် ကိုယ်ခံအားကျပြီး ရောဂါပိုးတွေ အနာထဲအလွယ်တကူဝင်ရောက်နိုင်တဲ့အတွက် အကိုက်အခဲပျောက်ဆေး ဥပမာ အိုင်ဘူပရိုဖင်(Ibuprofen) ကဲ့သို့သောက်သုံးရသူတွေမှာ အနာကျက်နာနှေးနိုင်ပါတယ်။
(၄) ဝလွန်းသူ အိုဗာဝိတ်တို့ ပြဿနာ
အဝလွန်သူတွေမှာ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ရင်ကျပ်၊ အရိုးအဆစ်တွေအပြင် အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။ ဝလွန်းတော့ သွေးကြောထုံးတာ၊ ပိတ်တာ၊ ဖိအားများတာ စတာတွေကြောင့် အနာဟာ လုံလောက်တဲ့ သွေးထောက်ပံ့မှုမရတော့ပဲ အနာကျက်တဲ့ဖြစ်စဉ်နှေးကွေးသွားနိုင်ပါတယ်။ အဝလွန်ပြီး အရေပြားရဲ့ အတွန့်အခေါက်တွေများတော့ အဲဒီနေရာတွေမှာ စိုစွတ်နေရင် ပိုးတွေက ခိုအောင်းနေနိုင်ပါတယ်။ အနာဖြစ်ရင် ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်ပါတယ်။
(၅) စိတ်ဖိစီးရင်
ရေရှည် စိတ်ဖိစီးခြင်းဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဆက်နွယ်တတ်ပါတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာကအစ ဝက်ခြံပေါက်တာအထိ ပတ်သက်မှုတွေ ရှိပါတယ်။ အရေးကြီးတဲ့ စာမေးပွဲဖြေကြရမယ့် ကျောင်းသားတွေနဲ့ နာတာရှည်လူနာကို ပြုစုရတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ သူတို့မှာအနာရှိရင် အနာကျက်နှေးတာကို ထူးခြားစွာတွေ့ရတယ်လို့ ဆိုပါတယ်။ စိတ်ပူပန်ခြင်း၊ စိတ်လှုပ်ရှားမှုတို့ ကြုံတွေ့တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ အပြောင်းအလဲအများကြီးဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကော်တီစော ဆိုတဲ့ဟော်မုန်းတွေ ထွက်လာပြီး အနာကျက်ခြင်းဖြစ်စဉ်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ်ခံအားလည်း ကျသွားစေတာမို့ ရောဂါပိုးတွေကို အကြိုက်တွေ့စေပါတယ်။
(၆) ဆေးလိပ်နှင့်အရက်
ဒီပစ္စည်း (၂) မျိုးကလည်း ဘာကောင်းကျိုးမှကို မရှိသလောက်ပါပဲ။ ဆိုးကျိုးဆိုးမွေတွေ တစ်လှေကြီးပေးတဲ့ အဆိပ်တွေပါ။ အရက်ထဲက အီသနော်(Ethanol) ဓါတ်ဟာ ကိုယ်ခံအားကိုကျစေတော့ ရောဂါပိုးဝင်လွယ်ပါတယ်။ ဒါ့အပြင် ကိုလာဂျင်တွေ၊ ဖိုက်ဘရင်နိုဂျင်အမျှင် အစရှိတဲ့ အနာကျက်ဖြစ်စဉ်အတွက် လိုအပ်တဲ့ပစ္စည်းများ ထုတ်လုပ်မှုကို အားနည်သွားစေပါတယ်။ အီသနောကြောင့် အနာနေရာမှာ သွေးမရွှင်တော့တာမို့ သွေးထဲက အောက်ဆီဂျင်နဲ့ အာဟာရတွေလုံလောက်စွာမရတာလည်း အနာမကျက်နိုင်တဲ့ အချက်တစ်ခုပါ။
ဆေးလိပ်ထဲမှာ အဆိပ်ဓာတုဗေဒပစ္စည်း(၄၀၀၀)ကျော်တောင်ပါသတဲ့။ အဲဒီထဲမှာ ဇာတ်လိုက်ဖြစ်တဲ့ နီကိုတင်းက သွေးကြောတွေကို ကျုံ့စေ၊ ကျဉ်းစေတဲ့ အစွမ်းရှိပါတယ်။ ဒီတော့ သွေးထဲက သွေးဖြူဥ၊ သွေးဥမွှားတွေ အနာကို အရောက်နည်းစေတဲ့အပြင် လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရလည်း နည်းစေတာပါ။ နီကိုတင်းဓါတ်အပြင် ကာဗွန်မိုနောက်ဆိုဒ်နဲ့ အခြားဓါတ်တွေကလည်း အနာကျက်ရေးကို အများကြီးဟန့်တားကြပါတယ်။
(၇) အာဟာရနဲ့ အနာ
အနာကျက်ခြင်းဖြစ်စဉ်ကို စိတ်ဖိစီးခြင်းက ကြန့်ကြာအောင်လုပ်သလို အာဟာရ မပြည့်စုံမှုကလည်း နှောင့်နှေးစေပါတယ်။ အနာရှိရင် အစားရှောင်တဲ့ဓလေ့ဟာ တကယ်တော့ မလျော်ကန်ပါဘူး။ အနာဆိုတဲ့ ကွက်လပ်ကို ဖြည့်တင်းပေးဖို့ အင်အားတွေ၊ ပရိုတိန်းဓါတ်တွေ အဓိကလိုအပ်ပါတယ်။ အနာကျက်အောင် ဗီတာမင်စီကို ဖြည့်တင်းကြပေမယ့် အခြားဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် အီး၊ ဗီတာမင် အေ တို့လည်း အထောက်အကူပြုတဲ့အပြင် နဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ဇင့်၊ သံ၊ မဂ္ဂနီဆီယမ်၊ ကော့ပါး တို့လည်း လိုအပ်ပါတယ်။ အမိုင်နိုအက်ဆစ်တွေဖြစ်တဲ့ ဂလူတာမင်း၊ အာဂျင်နင်း စတာတွေလည်း အနာကျက်တဲ့ဖြစ်စဉ်မှာပါတာမို့ အာဟာရဆိုတာ ပြည့်စုံနိုင်လေ ကောင်းလေပါ။
(၈) အနာနဲ့ ပတ်ဝန်းကျင်
အနာတစ်ခုပုံမှန်ကျက်ဖို့ဆိုလျှင် အနာနဲ့ ပတ်ဝန်းကျင်မှာ သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။ အနာမှာ ပိုးမဝင်ဖို့ အဓိကအချက်ပါ။ နောက်ပြီး အနာထဲမှာ ပြင်ပပစ္စည်းတစ်စုံတစ်ရာ မရှိဖို့လည်း သတိထားသင့်ပါတယ်။ ဥပမာ ပုလင်းကွဲစ၊ ဖန်စ၊ ဆူးညှောင့်၊ အပ်ကျိုး၊ ချုပ်ရိုးစ စသဖြင့်ပေါ့။ အနာဆွေးဆိုရင်လည်း ပုပ်နေတဲ့၊ အသက်မရှိတော့တဲ့ အနာဖေးတွေ၊ အနာအမြစ်တွေကို ဖယ်ထုတ်ပေးရမှာပါ။ အနာရှိတဲ့နေရာကို အနားပေးထားရပါမယ်။ ဥပမာ ခြေထောက်အနာရှိရင် ခြေထောက်ကို မြှင့်ပေးထားရတာမျိုးပေါ့။ အနာပေါ်ဖိအားမဝင်ဖို့လည်း အရေးကြီးပါတယ်။ အိပ်ယာနာတွေဖြစ်တဲ့ Bedsore မှာ အနာကျက်နှေးတာ ဒီအချက်ကြောင့်ပါ။
အနာကျက်တာမြန်ပါစေ
အနာဖြစ်ရင် ပိုးသတ်ဆေးနဲ့ ဗီတာမင်စီ သောက်ရုံနဲ့ မလုံလောက်သေးတာမို့ ခုဆွေးနွေးခဲ့တဲ့ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ အနာဆိုတာ ဖြစ်တာလွယ်ပေမဲ့ ပျောက်တာကျတော့ မလွယ်တာမို့ အနာကျက်ခြင်းကို နှောင့်နှေးဟန့်တားစေတဲ့အချက်တွေကို ဆွေးနွေးလိုက်တာပါ။ အနာမြန်မြန်ကျက်ကြပါစေ။
ဒေါက်တာကောင်း
Cerdit: ဒေါက်တာကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)၊ ဇီဝက. No.273, October, 2017.