Print

ကာလသားရောဂါများ (Sexually Transmitted Infections)

  05-Nov-2021
Preview Image

 ၁။ ကာလသားရောဂါဆိုတာဘာပါလဲ။ 

ကာလသားရောဂါဆိုတာ လိင်ဆက်ဆံရာကတစ်ဆင့် ရောဂါရှိသူထံကနေ ရောဂါ ပိုးဟာ အခြားတစ်ယောက်ဆီကို ကူးစက်ပျံ့နှံ့တတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ကာလသားရောဂါ အဖြစ်များတဲ့ အရွယ်ဟာ အသက် (၂၀) ကနေ (၃၅) နှစ်အရွယ် အမျိုးသားတွေ (တစ်နည်းအားဖြင့် နုပျိုတက်ကြွတဲ့အရွယ်) ဖြစ်တဲ့အတွက် အဲဒီရောဂါကို ကာလသားရောဂါလို့ ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တမ်းတော့ ကာလသား

ရောဂါတွေ ဟာ အမျိုးသားတွေသာ မဟုတ်ဘဲ အမျိုးသမီးလည်းတွေ ဖြစ်ပွားနိုင်ပါတယ်။ လူကြီး၊ လူငယ်၊ ကလေးအရွယ်အားလုံးလည်း ဖြစ်ပွားနိုင်ပါသည်။ 

လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀) ကျော်ခန့်က ကာလသားရောဂါ (၅) မျိုးခန့်သာ ရှိခဲ့ပေမယ့် အခုအခါမှာ ကာလသားရောဂါပေါင်း (၄၀) ကျော်လောက် တွေ့ရှိလာပြီဖြစ်ပါ တယ်။ အေအိုင်ဒီအက်စ်ရောဂါလို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါက လည်း နောက်ဆုံးပေါ် ကာလသားရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ ကာလသားရောဂါတွေကတော့ ဆစ်ဖလစ်၊ ဆီးပူညောင်းကျ (ဂနိုရောဂါ) နဲ့ လိင်အင်္ဂါဇာတ်တွေမှာ ရေယုန်ပေါက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

  

၂။ ကာလသားရောဂါတွေရဲ့ ရောဂါလက္ခဏာတွေက ဘာတွေပါလဲ။ 

ကာလသားရောဂါတွေရဲ့ ရောဂါလက္ခဏာတွေက - 

(၁) လိင်အင်္ဂါတစ်ဝိုက်မှာ အနာတွေဖြစ်ပေါ်တတ်တယ်။

(၂) ဆီးပူညောင်းကျဖြစ်တာ ဖြစ်ပေါ်တတ်တယ်။

(၃) လိင်အင်္ဂါတစ်ဝိုက်မှာ ကြွက်နို့ဖြစ်ပေါ်တတ်တယ်။

(၄) လိင်အင်္ဂါတစ်ဝိုက်မှာ ကြွက်နို့ဖြစ်ပေါ်တတ်တယ်။

(၅) အမျိုးသမီးမိန်းမကိုယ်ကနေ အဖြူဆင်းတတ်ပါတယ်။

(၆) အမျိုးသမီးတွေမှာ ဆီးစပ်အောက်ပိုင်းကိုက်ခဲတာ နာတာအောင့်တာဖြစ်တတ်ပါတယ်။

(၇) အချို့ကာလသားရောဂါတွေကတော့ လိင်အင်္ဂါတစ်ဝိုက်မှာ ဘာရောဂါလက္ခဏာမှ မပေါ်ဘဲ အချိန်ကြာမှဘဲ အရေပြားအောက်မှာဖြစ်ဖြစ်၊ အတွင်းအင်္ဂါအစိတ်အပိုင်းတွေ မှာဖြစ်ဖြစ်၊ အထွေထွေရောဂါလက္ခဏာတွေ ပေါ်ထွက်စေတတ်ပါတယ်။


၃။ ကာလသားရောဂါတွေဟာ လူတစ်ယောက်မှ တစ်ယောက်ဆီကို ဘယ်လိုကူးစက် ပါသလဲ။ 

ကာလသားရောဂါရှိတဲ့သူ ဒါမှမဟုတ်ရောဂါရှိပေမယ့်လည်း ရောဂါလက္ခဏာ မပြတဲ့သူနှင့် လိင်ဆက်ဆံတာကနေ အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် ကာလသားရောဂါ ပိုးရှိတဲ့သွေး သွင်းမိတာကနေလည်း ကူးစက်ပါတယ်။ ကူးစက်ပျံ့နှံ့စေပါတယ်။ ရှားရှားပါးပါးဖြစ်တတ်တာက အချို့ကာလသားရောဂါ (ဥပမာ - လိင်အင်္ဂါဝဲစွဲရောဂါ၊ ဒုတိယအဆင့် ဆစ်ဖလစ်ရောဂါ) တွေ ရောဂါရှိသူရဲ့ အဝတ်အထည် အသုံးအဆောင်တွေ ကို အတူသုံးစွဲရာပဲဖြစ်ဖြစ် ကူးစက်သွားစေနိုင်ပါတယ်။


၄။ ကာလသားရောဂါကို ဘယ်လိုကုသသင့်ပါသလဲ။ 

ကာလသားရောဂါ အမျိုးမျိုးရှိတဲ့အနက် အချို့ရောဂါတွေ (ဥပမာအား HIV၊ AIDS) ဟာ ပျောက်အောင်ကုသလို့ မရနိုင်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ကာလသားရောဂါ အများစု ကိုတော့ ဆေးဝါးနဲ့ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ မိမိမှာ ကာလသားရောဂါရှိနေ တယ်လို့ သံသယရှိရင် ဆရာဝန်ထံသွားပြပါ။

 

၅။ ကာလသားရောဂါတွေကို မကုဘဲထားရင် ဘာတွေဖြစ်တတ်ပါသလဲ။ 

ကာလသားရောဂါဟာ ကုသမှု မှန် မှန်ခံယူမယ်ဆိုရင် ပျောက်ကင်းနိုင် ပါတယ်။ ပျောက်ကင်းတဲ့အထိ မကုသခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ အဆစ်ရောင်တာ၊ နှလုံးရောဂါရနိုင်တာ၊ အမျိုးသမီးတွေ မြုံသွားပြီး ကလေးမရနိုင်တာ၊ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားသေဆုံးတာ၊ မွေးလာတဲ့ကလေးတွေ ကိုယ်အင်္ဂါချို့တဲ့တာ စတဲ့နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ 

ကာလသားရောဂါဟာ အမျိုးသားတွေမှာ ရောဂါလက္ခဏာ ပြတတ်လို့အချိန်မီ

ဆေးဝါး ကုသမှုခံယူပြီး ပျောက်ကင်းတတ်ကြ ပေမယ့်လည်း အမျိုးသမီးတွေ အနေနဲ့ ကတော့ ရောဂါဖြစ်သည့်တိုင် ရောဂါ လက္ခဏာပြသလေ့ မရှိတဲ့အတွက် ရောဂါ ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဆိုးဆိုးဝါးဝါး ခံစားရတတ်ပါတယ်။ 

ဒါ့အပြင် ရောဂါလက္ခဏာတွေဟာ ဆေးကုသမှုခံယူလိုက်တဲ့အခါ ရက်အနည်းငယ် အတွင်းမှာဘဲ သက်သာသွားတတ်လို့ ရောဂါပျောက်ပြီအထင်နဲ့ ဆက်လက်ကုသမှု မခံယူဘဲ နေတတ်ကြပါတယ်။ 

အဲဒီသူတွေအနေနဲ့ ရောဂါရှင်းရှင်း ပျောက်သွားတာမဟုတ်တဲ့ အတွက် နောက်ပိုင်း မှာ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ရောဂါရှိတဲ့ သူဘယ်သူမဆို ဆေးဝါးကို စနစ်တကျနဲ့ ရောဂါပျောက်ကင်းတဲ့အထိ ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့အတွက် ငွေအမြောက်အမြား ကုန်ကျမှာ ဖြစ်ပါတယ်။ မိမိအတွက်ရော၊ တိုင်းပြည်အတွက်ပါ များစွာဆုံးရှုံးနစ်နာစေပါတယ်။

 

၆။ ကာလသားရောဂါ မဖြစ်အောင်ဘယ်လို ကာကွယ်ရပါသလဲ။ 

(၁) လိင်အပျော်အပါးရှောင်ပါ။

(၂) လင်မယားနှစ်ဦး တစ်ဦးပေါ်တစ်ဦး လိင်ကိစ္စသစ္စာစောင့်ထိန်းပါ။

(၃) လိင်အပျော်အပါး မရှောင်နိုင်ရင် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပြီး ကာကွယ်နိုင်ပါတယ်။

(၄) မလိုအပ်ဘဲ သွေးမသွင်းပါနဲ့၊ သွေးသွင်းဖို့လိုအပ်လာခဲ့ရင်လည်း ရောဂါပိုးရှိမရှိ စစ်ဆေးပြီးတဲ့ သွေးကိုပဲသွင်းပါ။

(၅) ကိုယ်ဝန်မဆောင်မီ မိခင်နဲ့ကလေး ကျန်းမာရေးဌာနကို သွားရောက်ပြီးကာလသား

ရောဂါရှိ၊ မရှိ ဆရာဝန်နဲ့ဆေးစစ်တာတွေကို ပြုလုပ်ရပါမယ်။ တကယ်လို့ကာလသား

ရောဂါ ရှိနေရင် ဦးစွာဆေးကုသမှု ခံယူပြီးမှ ကိုယ်ဝန်ဆောင်သင့်ပါတယ်။ ရောဂါဖြစ်နိုင်ခြေ ရှိတယ်လို့ ယူဆရင် အကာအကွယ်ပစ္စည်းကို အသုံးပြုသင့်ပါတယ်။


၇။ လိင်ဆက်ဆံပြီး ဆေးရွက်ကြီးအရှည်တို့၊ ကျောက်ချဉ်ရည်တို့နဲ့ လိင်အင်္ဂါမှာ တို့ပေးရင် ကာလသားရောဂါ ကာကွယ်ပါသလား။ 

လိင်မဆက်ဆံမီ (ဒါမှမဟုတ်) လိင်ဆက်ဆံပြီးရင် ဓာတုဆေးဝါးတွေ သောက်တာ တို့၊ ကျောက်ချဉ်တို့လို ဆေးမြီးတိုတွေ သုံးတာတို့ လုပ်ရုံနဲ့ ကာလသားရောဂါကို လုံးဝ မကာကွယ်နိုင်ပါဘူး။

  

၈။ ကာလသားရောဂါရှိသူတစ်ဦးအနေနဲ့ ဘာတွေကိုလိုက်နာသင့်ပါသလဲ။ 

(၁) တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဆရာဝန်နဲ့ စောစီးစွာပြသပြီး ဆေးကုသမှုခံယူပါ။

(၂) ကျန်းမာရေးဝန်ထမ်းတွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ဆေးပတ်ပြည့်အောင် ကုသမှုခံယူပါ။

(၃) ရောဂါလက္ခဏာတွေမပျောက်ခင် (ဒါမှမဟုတ်) လူနာရဲ့လိင်ဆက်ဆံဖက်ကို ရောဂါ စမ်းသပ် စစ်ဆေးမကုသခင် နောက်ထပ် လိင်ဆက်ဆံခြင်းကနေ ရှောင်ကျဉ်ဖို့၊ ဒါမှမဟုတ် ကွန်ဒုံးကို စနစ်တကျသုံးစွဲဖို့ လိုပါတယ်။

(၄) ဖြစ်နိုင်ရင် ရောဂါပျောက်မပျောက်ကို ပြန်လည်စစ်ဆေးမှုခံယူပါ။ (Followup)

(၅) လိင်ဆက်ဆံဖက်ကို လိုအပ်တဲ့ စစ်ဆေးကုသတာတွေ ပြုလုပ်ပေးပါ။

(၆) လိင်ဆက်ဆံဖက်ကို စမ်းသပ်စစ်ဆေးဖို့ (ဒါမှမဟုတ်) ကုသဖို့အတွက်အသိပေးတာ (ဒါမှမဟုတ်) ဆေးရုံ၊ ဆေးခန်းတွေကို ခေါ်ဆောင်လာဖို့ လိုပါတယ်။

(၇) လိင်ကိစ္စအပျော်အပါးလိုက်စားတာကိုလည်း ရှောင်ကျဉ်ဖို့ လိုပါတယ်။

(၈) မိမိအိမ်ထောင်ဖက်အပေါ် သစ္စာရှိဖို့ လိုအပ်ပါတယ်။


Credit:မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှ ကောက်နှုတ်ထားပါသည်။


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18