Print

ခေါင်းပေါ်က ဒက်ရောဂါ (Tinea capitis)

  08-Nov-2021
Preview Image

ဒက်ရောဂါဆိုတာ ဘာလဲ

ဒက်ရောဂါဆိုတာ မှိုရောဂါပိုးဝင်ခြင်းကြောင့် ဦးရေပြားမှာ ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ယားယံခြင်း၊ အရေခွံကွာခြင်း၊ ဆံပင်ကျွတ်ခြင်း အစရှိသဖြင့် အမျိုးမျိုးခံစားရနိုင်ပါတယ်။ ရောဂါက အလွန်ကူးစက်လွယ်ပြီး အများအားဖြင့် လမ်းလျှောက်အရွယ်ကလေးများနဲ့ ကျောင်းနေအရွယ်ကလေးများတွင် အဖြစ်များပါတယ်။ ပြင်းထန်ဒက်ရောဂါအမျိုးအစားများက ဆံပင်ကျွတ်ခြင်း၊ အမာရွတ်ထင်ခြင်းနှင့် ဆံပင်လုံးဝ မပေါက်တော့သည်အထိ ခံစားရနိုင်ပါတယ်။

  

ရောဂါလက္ခဏာများ

ဒက်ရောဂါရဲ့ ရောဂါလက္ခဏာများက

၁။ ဦးရေပြားတွင် ဆံပင်ကျွတ်သော၊ ဆံပင်ပါးသောအကွက်၊ အရေခွံကွာနေသော အကွက်များပေါက်ခြင်း

၂။ ဒက်ရောဂါအကွက် တဖြည်းဖြည်း ကြီးလာခြင်း

၃။ အရေခွံကွာခြင်း၊ နီရဲခြင်း၊ အရောင်ဖျော့ခြင်း

၄။ အမဲစက်များ၊ အနီစက်များ ဆံပင်ကျွတ်ရာနေရာများတွင် ပေါက်ခြင်း

၅။ ဆံပင်ကျွတ်ခြင်း၊ ကျွတ်လွယ်ခြင်း

၆။ ဦးရေပြား နာကျင်ခြင်း စသည်တို့ဖြစ်ပါတယ်။

 

ဖြစ်စေသောအကြောင်းရင်း

မှိုရောဂါပိုးအမျိုးကွဲမှ တစ်ခုအပါအဝင်ဖြစ်သော Dermatophytes ခေါ် မှိုပိုးမှ ဒက်ရောဂါကို ဖြစ်စေပါတယ်။ ဦးရေပြားရဲ့အပြင်လွှာကို တိုက်ခိုက်ပြီး ဆံပင်ကိုလည်း ပျက်စီးစေပါတယ်။ အလွန်ကူးစက်လွယ်ပြီး လူအချင်းချင်း အရေပြားနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသော အရာဝတ္ထုများ၊ အင်္ကျ ီများ၊ မျက်နှာသုတ်ပုဝါများ၊ အိပ်ယာများမှ တဆင့် ကူးစက်နိုင်ပါတယ်။ ကြောင်၊ ခွေး အစရှိသော အိမ်မွေးတိရစ္ဆာန်များမှ တဆင့်လည်း ဒက်ရောဂါပိုးတစ်မျိုး ကူးစက်နိုင်ပါတယ်။

  

ဒက်ရောဂါကို ကုသခြင်း

ဆရာဝန်မှ ဒက်ရောဂါကို စမ်းသပ်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပြီး ဒက်ရောဂါအပြင် တစ်ခြားရောဂါများရှိ၊ မရှိ စစ်ဆေးပါလိမ့်မယ်။ လိုအပ်လျှင် ဦးရေပြားမှ နမူနာယူပြီး မိုက်ခရိုစကုပ်အောက်တွင် မှိုရောဂါပိုးရှိ၊ မရှိကြည့်ရှုနိုင်ပါတယ်။

  

ကုသမှုက အများအားဖြင့် သောက်ဆေးဖြင့် ကုသရပါတယ်။ ဆရာဝန်မှ သင့်တော်သော သောက်ဆေးကို ညွှန်ကြားပေးပါလိမ့်မယ်။ စနစ်တကျဖြင့် အနည်းဆုံး ရက်သတ္တပတ် ၆ ပတ်ခန့်အထိ သောက်ရပါတယ်။ ဆေးဝါးးပါဝင်သော ခေါင်းလျှော်ရည်ဖြင့် လျှော်ရန်လည်း ဆရာဝန်မှ ညွှန်ကြားပါလိမ့်မယ်။ ဒီနည်းအားဖြင့် တခြားသူဆီပြန့်နိုင်ချေနှင့်၊ မှိုရောဂါဥများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

  

ဒက်ရောဂါမှ ကာကွယ်ခြင်း

ဒက်ရောဂါကိုဖြစ်တဲ့ မှိုပိုးက အလွန်ကူးစက်လွယ်တာကြောင့် တားဆီးရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။ အောက်ပါနည်းလမ်းများက ရောဂါကူးစက်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

၁။ ရောဂါအကြောင်း ကျန်းမာရေးအသိပညာ မျှဝေပါ။ မိမိ၏ ကလေးများကို ရောဂါအကြောင်းပြောပြပါ။ မိသားစုဝင်များကို ပြောပြထားပါ။ ဆောင်ရန်ရှောင်ရန် 

၂။ ခေါင်းမှန်မှန်လျှော်ပေးပါ။ အထူးသဖြင့် ဆံပင်ညှပ်ပြီးတိုင်း ခေါင်းကို ပုံမှန်လျှော်ပေးဖို့ လိုအပ်ပါတယ်။ 

၃။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။ အဝတ်အစားများ သန့်ရှင်းစွာလျှော်ဖွတ်ပါ။ မျှဝေသုံးစွဲရသော နေရာများဖြစ်သော စာသင်ခန်းများ၊ ကလေးစောင့်ရှောက်ရေးဌာနာများ၊ မူကြိုများ အစရှိသည့်နေရာများကို သန့်ရှင်းစွာထားပါ။ 

၄။ ရောဂါပိုးရှိသော တိရစ္ဆာန်များကို ရှောင်ကြဉ်ပါ။ 

၅။ ကလေးငယ်များကို မိမိ၏ ကိုယ်ပိုင်ပစ္စည်းများကို မျှဝေသုံးစွဲနေခြင်းမှ ရှောင်ကြဉ်ခိုင်းပါ။ ကလေး၏ မျက်နှာသုတ်ပုဝါများ၊ အဝတ်အစားများ၊ ခေါင်းဖြီးသင် ပစ္စည်းများကို တစ်ခြားကလေးတစ်ယောက်ဆီ ငှားခြင်း၊ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ခိုင်းပါ။

 

Credit : ဒေါက်တာကောင်း


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18